၂၀၂၀ ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု နည်းပါးနိုင်ကြောင်း ANP နှင့် NLD သုံးသပ်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသတည်ငြိမ်မှုမရှိသဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လူထု စိတ်ဝင်စားမှု နည်းပါးနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ANP နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD တို့က သုံးသပ်ကြသည်။

By သက်နိုင် 31 Aug 2019


သက်နိုင် | DMG

သြဂုတ် ၃၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသတည်ငြိမ်မှုမရှိသဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လူထု စိတ်ဝင်စားမှု နည်းပါးနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ANP နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD တို့က သုံးသပ်ကြသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသတွင်း စီးပွားရေး၊လူမှုရေးများ ထိခိုက်နေသဖြင့် ပြည်သူလူထုအနေဖြင့် လာမည့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းပါးနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကြပြောသည်။

“အခု လတ်တလောမှာတော့ ရွေးကောက်ပွဲဆိုတာကို အလိုမရှိဘူးဆိုတဲ့ အနေအထားမျိုးတွေကိုလဲ ပြည်သူ့အသံအနေနဲ့တော့ ကြားနေရတယ်။ ဒါပေမဲ့ ဒါကတော့ အစွန်းနှစ်ဖက်ဖြစ်လိမ့်မယ်။ ရွေးကောက်ပွဲ အလိုမရှိဘူးပြောရင် ဘာကိုအလိုမရှိတာလဲ။ ရွေးကောက်ပွဲလာပြီးတော့ အရွေးချယ်ခံမယ့်  ပါတီအားလုံးကို ရခိုင်ပြည်သူအားလုံးက မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ သူတွေအားလုံး တစ်ယောက်မကျန်အောင် မဲမပေးဘဲနေကြမလား။ အဲဒီလောက်ထိကို ညီညွတ်မှုကို တည်ဆောက်နိုင်မလား ဆိုတဲ့အနေအထားတွေကိုလဲ ကြိုပြီးတော့ တွေးဖို့လိုလိမ့်မယ်။ တစ်ယောက်စ နှစ်ယောက်စ ဒါမှမဟုတ် အများဆိုပေမဲ့ အနည်းကော။ တစ်မဲရရင်ပဲ နိုင်တဲ့အဆင့်တွေမှာ ဘယ်ပါတီကို မဲထည့်မလဲ ဘယ်ကိုယ်စားပြုကို ပေးချင်သလဲဆိုတဲ့ ဆင့်ကဲဆင့်ကဲ တွေးတောမှုတွေကလည်း ရှိပါတယ်။ ဒါပေမဲ့ အခုတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ တစ်နှစ်ကျော် အနေအထားမှာရှိသေးတယ်ဆိုတော့ ကိုယ့်ရဲ့ဆန္ဒနဲ့ လက်တွေ့ဟာ တစ်ထပ်တည်းလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်ပေါ့။ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ဆန္ဒအလျှောက် ပြောနေကြတာပဲ ဖြစ်ပါတယ်” ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စစ်တွေမြို့နယ် ဥက္ကဌ ဦးစံရွှေကျော်ကလည်း ဒေသမငြိမ်မှုများကြောင့် ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိနိုင်သည်ဟုသုံးသပ်သည်။
“ရခိုင်ပြည်နယ်မှာ ဒီကနေ့လက်ရှိအခြေအနေအရ စီးပွားရေး လူမူရေး နိုင်ငံရေးတည်ငြိမ်မူအားနည်းတဲ့အတွက် ပြည်သူလူထုအနေနဲ့ကတော့ရွေးကောက်ပွဲကို စိတ်ဝင်စားမူအားနည်းတယ်လို့ ပြောလို့ရပါတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် လူထုအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါးကာ စားဝတ်နေရေး အတွက်သာ ရုန်းကန်နေရကြောင်း လည်း စစ်တွေဒေသခံ ကိုဇော်မင်းထွန်းကဆိုသည်။

“ကျွန်တော်တို့က ကိုယ့်ဟာကိုယ် ကိုယ့်အလုပ်နဲ့ကိုယ် ရုန်းကန်နေရတဲ့လူတွေ။ ဘာကိုမှ စဉ်းစားဖို့ အချိန်မရဘူး။ စားဝတ်နေရေး အဆင်ပြေဖို့အတွက်ပဲ ဝမ်းစားအတွက် ရှာစားနေရတယ်” ဟု ဆိုသည်။  

တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့်ပတ်သက်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်အတွင်း ကျင်းပနိုင် ခြေရှိ၊မရှိကို ပြောဆိုရန် စောနေသေးကြောင်းလည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကပြောဆိုထားသည်။
 

ဗီဒီယိုများ