ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးညီလာခံကို စစ်တွေတွင်ကျင်းပမည်

 ညီလာခံကျင်းပရခြင်းမှာ နိုင်ငံရေး အခန်းကဏ္ဍမှာ အမျိုးသမီးများ ပါဝင်နိုင်ရန်၊ အမျိုးသမီးများ ဘဝကို မြှင့်တင်ပေးရန်၊ တန်းတူအခွင့်အရေး ရရှိရန်၊ အမျိုးသမီးများကို ကာကွယ်ပေးနိုင်မည့် ဥပဒေ ထွက်ပေါ် လာစေရန်နှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထာဝရ ထိန်းသိမ်းစောင့်ရှောက် ပေးနိုင်ရန်တို့အတွက် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီဝင် မချိုချိုဝင်းက ပြောသည်။ 

By အောင်ကောင်းဇော် 14 Oct 2018

အောင်ကောင်ဇော်၊ DMG

အောက်တိုဘာလ ၁၄၊ စစ်တွေ

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်လုံးဆိုင်ရာအမျိုးသမီးညီလာခံကို လာမည့် နိုဝင်ဘာလတွင် စစ်တွေမြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါ ညီလာခံအတွက် အကြိုညီလာခံတစ်ရပ်ကို မာန်အောင်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးတွင် အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သည်။

 

ညီလာခံကျင်းပရခြင်းမှာ နိုင်ငံရေး အခန်းကဏ္ဍမှာ အမျိုးသမီးများ ပါဝင်နိုင်ရန်၊ အမျိုးသမီးများ ဘဝကို မြှင့်တင်ပေးရန်၊ တန်းတူအခွင့်အရေး ရရှိရန်၊ အမျိုးသမီးများကို ကာကွယ်ပေးနိုင်မည့် ဥပဒေ ထွက်ပေါ် လာစေရန်နှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထာဝရ ထိန်းသိမ်းစောင့်ရှောက် ပေးနိုင်ရန်တို့အတွက် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီဝင် မချိုချိုဝင်းက ပြောသည်။ 

 

"ကျမတို့ အမျိုး သမီးတွေဟာ သဘာဝအလျှောက် အင်အားနွဲ့တဲ့သူတွေပါ။ ဒါပေမဲ့ ကျမတို့လည်း  မြန်မာ နိုင်ငံသားတွေ။ ကျား /မ တန်းတူအခွင့်အရေး ဆိုတာလိုအပ်တယ်။ ပြောရရင် ယောကျ်ားတွေ ထက် ပိုပြီး လုံခြုံမှု လိုအပ်တယ်။ ဥပဒေတွေလည်း ကောင်းကောင်း ကာကွယ်နိုင်တဲ့ ဥပဒေတွေ လိုအပ်တယ်။ အချင်းချင်းလည်း စောင့်ရှောက်မှုတွေ လိုအပ်တယ်။ ဒီလိုတွေ ဖြစ်လာဖို့လည်း ပါတီတွေ နိုင်ငံရေးတွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့ လိုအပ်တယ်”ဟု ၎င်းကဆိုသည်။

 

ယင်းအကြိုညီလာခံသို့  မာန်အောင်မြို့နယ် ကျေးရွာ( ၄၁) အုပ်စု မှ ပါတီဝင်အမျိုးသမီးကိုစားလှယ် ၁၀၀ ကျော် တက်ရောက်ပြီး ဆွေးနွေးခဲ့ကြသည်။

ဗီဒီယိုများ