“ရခိုင်ပြည်နယ်အတွင်း တရားမျှတမှုကိုရှာဖွေမည်” ခေါင်းစဉ်ဖြင့် စက်ဘီးစီးလှုပ်ရှားမှုပြုလုပ်

စစ်တွေမြို့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနေပိုင်းက အပြာရောင်အင်္ကျီများကို ဝတ်ဆင်ထားသည့် လူငယ်(၂၀)ကျော်ခန့်က “ရခိုင်ပြည်နယ်အတွင်း တရားမျှတမှုကိုရှာဖွေမည်” ခေါင်းစဉ်ဖြင့် စက်ဘီးစီးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

By အောင်ထိန် 30 Dec 2019

(ဓာတ်ပုံ - MinBar Chay / Facebook)

အောင်ထိန် | DMG
ဒီဇင်ဘာ ၃၀၊ စစ်တွေ

စစ်တွေမြို့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနေပိုင်းက အပြာရောင်အင်္ကျီများကို ဝတ်ဆင်ထားသည့် လူငယ်(၂၀)ကျော်ခန့်က “ရခိုင်ပြည်နယ်အတွင်း တရားမျှတမှုကိုရှာဖွေမည်” ခေါင်းစဉ်ဖြင့် စက်ဘီးစီးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သေဆုံးမှုများရှိနေသောကြောင့် တရားမျှတမှုကို ရှာဖွေသည့်အနေဖြင့် လှုပ်ရှားမှုပြုလုပ်ရခြင်းဟု ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုသန်းလှက ပြောသည်။

“ရခိုင်ပြည်နယ်မှာက လူ့အခွင့်အရေးချိုးဖောက်တာတို့၊ သေဆုံးပြီးတော့ ဘယ်သူသတ်မှန်းမသိ။ တန်ဖိုးမရှိတဲ့အသက်တွေလို ရခိုင်ပြည်နယ်မှာဖြစ်နေကြတယ်။ ဒီလိုမျိုးအဖြစ်တွေဟာ တရားမျှတမှုရှိမနေဘူး။ ငြိမ်းချမ်းရေးက ရှိမနေဘူး။ ဆိုတော့ ဘယ်မှာများရှိနေမလဲလို့ ကျနော်တို့ကရှာဖွေကြတာပေါ့” ဟု ၎င်းကဆိုသည်။

ထို့အပြင် နစ်နာနေသော ပြည်သူများအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို အစိုးရအဖွဲ့ထံ တောင်းဆိုသွားရန် အစီအစဉ်ရှိသည်ဟုလည်း ကိုသန်းလှက ပြောသည်။

“ကျနော်တို့ကတော့ ပြည်သူတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးကို ရယူပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့အစိုးရအဖွဲ့ကို တရားမျှတမှုမရှိတာတွေ၊ နစ်နာနေတဲ့ပြည်သူတွေရဲ့ ဒုက္ခတွေအတွက် ရရှိအောင်တောင်းဆိုရမှာပဲ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုမှာ တစ်နှစ်ခန့်ကြာမြင့်နေပြီ ဖြစ်သည်။ ယင်းကာလအတွင်း တပ်မတော်ဘက်ကလည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ အရပ်သားများကို ဖမ်းဆီးမှုရှိပြီး AA ဘက်ကလည်း တပ်မတော်နှင့်ဆက်စပ်သည်ဟုဆိုကာ လူအချို့ကို ဖမ်းဆီးမှုများ ရှိနေသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ စွပ်စွဲခံရ၍ တရားစွဲခံရသူ စုစုပေါင်း (၅၀၃)ဦးရှိကာ ယင်းအထဲမှ (၁၀)ဦးလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ကျည်ဆံထိမှန်မှု၊ ပစ်ခတ်ခံရမှု၊ မိုင်းထိမှန်မှုတို့ကြောင့် အရပ်သား (၁၀၀)ခန့်သေဆုံးကာ ဒဏ်ရာရရှိသူ (၁၃၀)ခန့်ရှိသည်။

ဗီဒီယိုများ