စစ်ရှောင်များကို ကူညီပေးရေး၊ သွားလာခွင့်ရှိစေရေးကို ဆောင်ရွက်ပေးရန် ကုလ အလေးအနက်တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိခိုက်ခံစားရသူအားလုံး ၎င်းတို့လိုအပ်သည့် အကူအညီများ ရရှိစေရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ သွားလာခွင့်ရှိစေရေးကို ဆောင်ရွက်ပေးရန် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ယနေ့ (ဇန်နဝါရီလ ၁၄ ရက်)တွင် တိုက်တွန်းလိုက်သည်။

14 Jan 2019

နေရောင်မင်း(စစ်တွေ) / DMG

ဇန်နဝါရီလ ၁၄ ရက်၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိခိုက်ခံစားရသူအားလုံး ၎င်းတို့လိုအပ်သည့် အကူအညီများ ရရှိစေရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ သွားလာခွင့်ရှိစေရေးကို ဆောင်ရွက်ပေးရန် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ယနေ့ (ဇန်နဝါရီလ ၁၄ ရက်)တွင် တိုက်တွန်းလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲဖြစ်စဉ်များနှင့် ရရှိထားသော သတင်းများအပေါ် မူတည်၍ UN/INGO/NGO အဖွဲ့အစည်းများကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များအတွင်း ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်မပြုဟု အစိုးရက ညွှန်ကြားလိုက်ပြီနောက် (၄) ရက်အကြာမှာ ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ပဋိပက္ခတွင် ပါဝင်လျက်ရှိသော အဖွဲ့များအား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများ၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများတွင် ပြဌာန်းထားသည့် ၎င်းတို့ လိုက်နာရမည့် အချက်များကို လိုက်နာကြရန်လည်း UNOCHA က တိုက်တွန်းထားသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့အကြား တိုက်ပွဲများ ဆက်ဖြစ်ပွားနေခြင်းကြောင့် ရခိုင်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ခန့်မှန်းလူဦးရေ  ၅၅၀၀ ခန့် နေရပ်စွန့်ခွာ တိမ်းရှောင်ကြလျက်ရှိသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဆိုသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလယ်ချောင်းကျေးရွာက ဒေသခံများမှာ ကျေးရွာအနီးရှိ သရက်ပြင်ကျေးရွာသို့ ထွက်ပြေးခဲ့ရသည်။

ဗီဒီယိုများ