စစ်ပွဲနှင့် လိုက်ပွဲငြိမ်းချမ်းရေး

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် အလှုပ်ခတ်ဆုံးသတင်းမှာ ကျောက်တော်မြို့နယ်၊ ရမ်းချောင်းဒေသတွင် အစိုးရတပ်မတော်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲသတင်းဖြစ်သည်။ ပထမတစ်ကြိမ် ၂၀၁၅ မတ်လပိုင်းကုန်လောက်က ပီးချောင်းကြောင်းတွင်တစ်ကြိမ်နှင့် ယခုတစ်ကြိမ်ဆိုလျှင် ရခိုင်မြေပေါ်တွင် နှစ်ကြိမ်တိတိ ရင်ဆိုင်တိုက်ပွဲသံများကို ကြားခဲ့ရပြီးဖြစ်သည်။

02 Jan 2017

ယခုတစ်ခေါက် တိုက်ပွဲသည် ရက်ကြာရှည်သည်။ ဒုက္ခသည်အများအပြား နေရပ်စွန့်ခွါ ထွက်ပြေးလာခဲ့ကြသည်။ ဒုက္ခသည်စခန်းပေါင်း ကျောက်တော်မြို့နယ်၊ ရွာမပြင်တွင်တစ်ခု၊ မြောက်ဦးမြို့နယ်၊ ကျီရာပြင်ကျေးရွာနှင့် စေတီတောင်ကျေးရွာတို့တွင်နှစ်ခု ပေါင်း (၃)ခုပင် ဖွင့်လှစ် ကယ်ဆယ်ခဲ့ကြရသည်။ နောက်ဆုံး လေးမြို့မြစ်ကမ်းဘေးမှ စင်းပြွန်းကိုင်းဒေသတွင်လည်း ဒုက္ခသည်အချို့ လာရောက်ခိုလုံခဲ့ကြသည်ဟု သိရှိခဲ့ရသည်။ ဆောင်းအအေးဒဏ်က ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုတို့မှာ များစွာဒုက္ခရောက်ခဲ့ရသည်။ သီးနှံရိတ်သိမ်းရမည့်အချိန်တွင် လယ်ယာ၊ကိုင်းများ ပျက်စီးခဲ့ရသည်။ စစ်၏အနိဌာရုံကို လက်တွေ့ခံစားခဲ့ရသူများမှာ ပြည်သူတို့သာဖြစ်သည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့သည် မိမိပြည်သူများကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ရမည်ဆိုသော်လည်း ယနေ့အချိန်ခါထိ ဒေသခံအစိုးရဖက်မှ ဒုက္ခသည်များအတွက် ကူညီဆောင်ရွက်မှုတို့ကား အားနည်းနေသေးသည်။ဒေသခံအလှူရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ အကူအညီဖြင့်သာ ခရီးဆက်နေရသေးသည်။

           မြန်မာနိုင်ငံ အနောက်ဘက်ဒေသဖြစ်သည့် ရခိုင်နယ်စပ်မျဉ်းတစ်လျှောက်တွင် သေနတ်သံဆိုသည်မှာ သင်္ကြန်တွင်ပစ်ဖောက်သည့် အမြောက်သံကလွဲပြီး မည်သည့်အခါမှ မကြားခဲ့ရဖူးချေ။ ထို့ကြောင့်ယခုရက်ပိုင်းအတွင်သေနတ်သံများ ဝေဆာသံကိုကြားရသောအခါ ပြည်သူကြားထဲတွင် ထူးဆန်းသည့်အကြောင်းအရာ တစ်ခုအဖြစ်ရှုမြင်သုံးသပ်ချက်များသည် မဆန်းကြယ်တော့ပေ။ သို့ရာတွင် တိုက်ပွဲများနှင့်အတူ ထူးခြားဆန်းပြားသည့် အရာများကား ကပ်ပါလာခဲ့သည်။ စစ်ပွဲဒဏ်ကို အလူးအလှိမ့် ခံခဲ့ရသူတို့အဖို့ကား စစ်ပွဲဆိုသည်မှာ ခါးသီးလှမည်မှာအမှန်ပင်။ ထို့ကြောင့် စစ်ပွဲရပ်တန့်ပြီး ငြိမ်းချမ်းရေး စာပွဲဝိုင်းကို လှမ်းမျှော်ကြည့်ကြသည်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းကား နှာတာရှည်ရောဂါသည်ကဲ့သို့ ခြောက်ကပ်ကပ်ဖြင့်။ စားပွဲဝိုင်းထိုင်လိုက် စားလိုက်သောက်လိုက်ဖြင့် အချိန်ကုန်နေရုံကလွဲပြီး မည်မည်ရရ အဖြေမထွက်နိုင်သေး။ အကြောင်းပြချက်မှာ ယုံကြည်မှု တည်ဆောက်ဆဲသာဖြစ်သည်။ ထိုထက် ထူူးခြားမှုတို့ကား မတွေ့ရသေး။

 စစ်ပွဲဆိုတာ ယုံကြည်ချက်အရ နောက်ဆုံးပေါက်ကွဲမှုအဆင့်ဖြစ်သည်။ နိုင်ငံရေးအရ ဖြေရှင်းလို့မရသည့်အခါ စစ်ရေးအရဖြေရှင်းခြင်းသည် နောက်ဆုံးအဆင့်ဖြစ်သည်။ စစ်ပွဲတစ်ခုဖြစ်လျှင် အနိုင်၊အရှုံးထက် နှစ်ဖက်လုံးတွင် ထိခိုက်နစ်နာကြရသည်။ နိုင်ငံရေးအရဖြေရှင်းနိုင်လျှင်အကောင်းဆုံးဖြစ်သည်။ နှစ်ဖက်လုံးတွင် အကျအဆုံးတိုင်းသည် တိုင်းသူ ပြည်သား အမျိုးကောင်းသားများသာ ဖြစ်ကြသည်။ မည်သည့်ဘက်မှ ကျဆုံးကျဆုံးတိုင်းပြည်အတွက် နစ်နာလှပေသည်။

 ကုန်လွန်ခဲ့သည်တစ်နှစ် ၂၀၁၄ ခုနှစ် ဧပြီလထဲမှာပင် ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် အလွန်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရက္ခိုင့်တပ်မတော်(AA)မှ ကိုယ်စားလှယ်များက လွတ်လပ်စွာတက်ရောက်ဆွေးနွေးခွင့်ကို ပြုခဲ့သည်။ အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင်ခဲ့ခြင်းများကို တွေ့ခဲ့ရသည်။ ယခုနှစ်နှစ်ပင်မကြာ ထိုဆွေးနွေးချက်သည် အဘယ်သို့ရောက်ပြီး အဘယ်သို့ပျောက်သွားသည်မသိ။ သေနတ်သံတို့ဖြင့် ထုံးမွှမ်းသံများ ကြားလာခဲ့ရခြင်းဖြစ်သည်။

 တိုက်ပွဲတစ်ခုဖြစ်ပွါးလျှင် ပထမဦးဆုံးဒုက္ခရောက်ကြရသည်မှာထိုဒေသရှိ ပြည်သူများသာဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့လျှင် ထိုမိန်းကလေးများနှင့် ကလေးငယ်များအား ကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်မြန်ကူညီနိုင်ရန်အတွက် လူမှုအဖွဲ့အစည်းများ၊ အစိုးရဌာနများက လျှင်မြန်စွာဖြင့် ကြိုတင်ပြင်ဆင်ထားရသည်။ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသက အမျိုးသမီးများသည် အဓမ္မမုဒိန်းကောင်များနှင့် လိင်ဖျော်ဖြေရေးအဖြစ် အသုံးချခံရတတ်သည်။ ကလေးငယ်များမှာလည်း စိတ်ပိုင်းဆိုင်ရာအရ အကြီးအကျယ်ထိခိုက်ရပြီး တိုက်ပွဲပြီးဆုံးသွားသောအခါ ဘဝမလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို အများဆုံးရရှိတတ်သည်။

ထို့ကြောင့် အမျိုးသမီးများ လုံခြုံရေးနှင့် ကလေးငယ်များ ဘဝလုံခြုံရေးကို အဓိကကူညီပံ့ပိုးနိုင်အောင် လူမှုအဖွဲ့အစည်းများက ကြိုတင်ပြင်ဆင်သင့်သည်။ ဒေသခံများမှာ အသက်လု ထွက်ပြေးနေရသည့်အတွက် စားရေးသောက်ရေး နေရေးထိုင်ရေး အခက်အခဲများကြားမှာ ကျန်းမာရေးပါ ထိခိုက်နိုင်သည့်အတွက် သူတို့ကို ကူညီပေးနိုင်ဖို့ အထူးလိုအပ်သည်။ ဤနေရာတွင် လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့ပေးသွားသည့် လူမှုအဖွဲ့အစည်းများကို ကယ်ဆယ်ခွင့်မပေးခဲ့လျှင် နိုင်ငံတကာ စစ်စည်းကမ်းများကို ဖောက်ဖျက်ရာလည်းရောက်သည်။ နိုင်ငံတကာစစ်စည်းကမ်းဥပဒေအရ ဒေသခံများ၏ ဘဝကို လုံခြုံနိုင်သမျှလုံခြုံအောင်နှင့် ထိခိုက်နစ်နာမှုနည်းပါးအောင် ဆေးဝါးဆိုင်ရာ ကျန်းမာရေးဆိုင်ရာများကို ကူညီပေးရမည်ဟုဆိုသည်။ ဤအချက်ကို မျက်ကွယ်ပြုမှုသည် စစ်ဝါဒီတို့၏ စစ်မက်သွေးဆာမှုသာဖြစ်သည်ဟု ဆိုသည်။

 မြန်မာနိုင်ငံတော် အစိုးရသည်လည်း ၂၀၁၂ ခုနှစ်က စတင်ပြီး ငြိမ်းချမ်းရေးကိစ္စကို တစိုက်မတ်မတ် ပြုလုပ်လာခဲ့သည်။ သို့ရာတွင် ငြိမ်းချမ်ရေးစားပွဲဝိုင်းကို ခေါ်သွင်းခဲ့သော်လည်း သဘောထားကွဲလွဲချက်များကို နှစ်ဦးနှစ်ဖက် အပေးအယူလုပ်ပြီး အလျှင်အမြန် ဆွေးနွေးရမည့်အစား အချိန်ကြာလာသည်နှင့်အမျှမလိုလားအပ်သည့်နောက်ဆက်တွဲ ပြဿနာများက ပိုမိုကြီးထွားလာခဲ့သည်။ ငြိမ်းချမ်းရေးစားပဲွဲဝိုင်းသို့ စကားပြောခွင့်ပေးဖို့ ဖိတ်ခေါ်သည့်အခါလည်း လက်နက်ကိုင်အဖွဲ့အစည်း တိုင်းအားလုံး ပါဝင်အောင်ဆွဲခေါ်သင့်သည်။ သို့ရာတွင်ငြိမ်းချမ်းရေးစားပွဲဝိုင်းသည် ၃ နှစ်ကျော်အချိန်ကာလထိ ရောက်ရှိလာခဲ့သော်လည်း စားပွဲဝိုင်းကား ခြောက်ကပ်ဆဲပင်။ ဒီမိုကရေစီစနစ်နှင့်အတူ ဇာတ်မျောကြီးအတိုင်းပင် ရှိနေသေးသည်။

ယခုနောက်ဆုံး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ငြိမ်ချမ်းရေးညီလာခံကြီးတွင်လည်း တချို့အဖွဲ့အစည်းများကို ချန်လှပ်ထားခဲ့ခြင်းသည် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနှင့် ဆန့်ကျင်လျှက်ရှိသည်။ အားလုံးသော ယုံကြည်ချက်အတွက် လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာမှ စစ်မှန်သောငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ဦးသိန်းစိန် အစိုးရလက်ထက်တစ်လျှောက်လုံးတွင် ငြိမ်းချမ်းရေးကိစ္စရပ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တိုင်းပြည်ပြုပြင်ရေးတို့ကို ဦးတည်လုပ်ဆောင်ခဲ့သော်လည်း အမှန်တကယ်တွင် မည်မည်ရရ ပြီးပြတ်ခဲ့သည်ဟူ၍ မရှိခဲ့ချေ။ အဆိုးရွားဆုံးသော် စစ်ပွဲများကိုသာ တွေ့ခဲ့ရသည်။ နောက်ဆုံး စစ်ပွဲအလွန်ရှားသော ရခိုင်ဒေသတွင် သေနတ်သံများ ဝေဆာခဲ့မှုသည် ငြိမ်းချမ်းရေးကို မေးခွန်းထုတ်စရာလည်း ဖြစ်ခဲ့သည်။

          ဦးသိန်းစိန်အစိုးရလက်ထက် မပြီးပြတ်ခဲ့သည့် ငြိမ်းချမ်းရေးသည် နောက်တက်လာမည့် အစိုးရသစ်လက်ထက်ထိ လိပ်ခဲတည်လေဖြင့် ကပ်ပါလာအုံးမည်။ နောက်တက်လာမည့် အစိုးရသစ်အဖြစ် အားယူနေသည့် ဒေါ်အောင်ဆန်းစုကြည်မှာလည်း       “ တကယ့် ငြိမ်းချမ်းရေးညီလာခံကို အစိုးရသစ်လက်ထက်မှာမှ ကျင်းပသွားမယ် ” လို့  ပြောဆိုထားခဲ့သည်။ ဤသို့ဆိုလျှင် အစိုးရသစ်က လက်လွဲယူဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုသည့် သဘောကို ဖော်ပြသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိဦးသိန်းစိန်အစိုးရမှာ လက်ကျန်အားဖြင့် အချိန်က ရက်ပိုင်းသာသာရှိတော့သည်။ ထို့ကြောင့်လည်း အစိုးရသစ်လက်ထက်တွင် ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည့် သဘောများလား။ အစိုးရသစ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာပင် ယခုတစ်ခေါက်တွင် မပါဝင်ခဲ့သည့် ရက္ခိုင့်တပ်မတော်(AA)အပါအဝင် အခြားနှစ်ဖွဲ့တို့ အတူတကွ ပါဝင်လာမည်လား ဆိုသည်ကိုကား စောင့်ကြည့်ရအုံးမည်ဖြစ်သည်။

          ယခုတစ်ခေါက် ကျင်းပပြုလုပ်သွားသည့်  ငြိမ်းချမ်းရေးညီလာခံတွင် အဓိက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို ဆွေးနွေးခဲ့ကြသည်။ သို့ရာတွင် တိုင်းရင်းသားဒေသများမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များက အဓိက ဝေဖန်ခဲ့ကြသည်မှာ ဖယ်ဒရယ်ပြည်ထောင်စုကို အသွင်ဆောင်မည့် တိုင်း(၇)တိုင်းကိုဖျက်သိမ်းပြီး ဗမာပြည်နယ်သတ်မှတ်ကာ (၈) ပြည်နယ်စနစ်ဖြင့် ချီတက်ရန် အဆိုကို ဗမာအမျိုးသားကိုယ်စားလှယ်အချို့မှ ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။  ၁၉၄၇ ခုနှစ် ပင်လုံမူဝါဒဖြစ်သည့် တစ်ပြည်နယ် တစ်ကျပ်မူကား ပျောက်ဆုံးနေအုံးဆိုသည့် အချက်ကိုပင် ပီပီပြင်ပြင်ပြသသွားသေးသည်။

 

ဤနေရာတွင် နိုင်ငံတကာပညာရှင်များက နိုင်ငံတစ်နိုင်ငံ မတိုးတက်ရသည့် အကြောင်းအရင်းကို အချက်လေးချက်ဖြင့် ထောက်ပြကြသည်။

(၁)  ပြည်တွင်းစစ်ရှိသည့်နိုင်ငံသည် မည်သည့်အခါမှ မတိုးတက်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ လက်နက်ကိုင်စစ်ပွဲများသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ယနေ့အချိန်ထိ ပြည်တွင်းစစ်ကို ငြိမ်းအေးနိုင်မည့် အဖြေကို ရှာဖွေတုန်းပင် ရှိနေသေးသည်။

(၂)  သဘာဝသယံဇာတ ကျိန်စာသင့်နေသော တိုင်းပြည်သည်လည်း မတိုးတက်ဟုဆိုသည်။

မြန်မာနိုင်ငံသည် သဘာဝသံယံဇာတ အပေါကြွယ်ဝဆုံး နိုင်ငံထဲတွင် ပါဝင်သည်။ သို့ရာတွင် ကုန်ကြမ်းကို ရောင်းချပြီး တိုင်းပြည်တိုးတက်ရေး ဟုဆိုသော်လည်း လုံးဝအလုပ်မဖြစ်သည်ကို ယနေ့လူငယ်များ တဖြုတ်ဖြုတ်ဖြင့် ပြည်ပကိုထွက်ခွာမှု၊ အလုပ်လက်မဲ့များပြားမှု၊ ဆင်းရဲတွင်းထဲကို တစ်ရက်ထက်တရက် နစ်ဝင်လာမှုတို့က သက်သေပြနေသည်။ နောက်ဆုံးကျောက်ဖြူ SEZ အတွက် မြေဧက ၄၀၀၀ ထိ ရောင်းချခဲ့မှုတို့ကား အလွန်စိုးရိမ်စရာ ကောင်းလှပေသည်။

(၃) အိမ်နီးနားချင်းနိုင်ငံများ မကောင်းမှုတို့ကြောင်းလည်း ဆင်းရဲနိုင်သည်ဟုဆိုသည်။ မြန်မာနိုင်ငံ၏ ပတ်ပတ်လည်တွင် အရှေ့ဘက် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ လူဦးရေ ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည့် တရုတ်နိုင်ငံ၊ ကမ္ဘာပေါ်တွင် ဒုတိယလူဦးရေအများဆုံး အိန္ဒိယနိုင်ငံ၊ ကမ္ဘာပေါ်တွင် ဆဌမလူဦးရေအများဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေခြင်းသည်လည်း အိမ်နီးနားချင်းကောင်းများ မဟုတ်ကြပေ။ မြန်မာနိုင်ငံက သဘာဝသံယံဇာတများကို ထုတ်ယူဖို့ကြိုးစားသည့်နိုင်ငံဖြင့်တစ်မျိုး၊ မြန်မာနိုင်ငံက ထွက်သမျှ သံယံဇာတကို မှောင်ခိုဈေးကွက်ဖြင့် အလုပ်ဖြစ်နေသည့် နိုင်ငံကတစ်မျိုး၊ လူဦးရေပေါက်ကွဲပြီး အနောက်ဘက်တံခါး၊ အရှေ့ဘက်တံခါးများကနေ မြန်မာနိုင်ငံ ဗဟိုခေါင်းတိုင်ထိ တိုးပွားလာနေသည့် လူဦးရေတို့သည် ကြောက်ခမန်းလိလိဖြစ်နေသည်။

(၄) အုပ်ချုပ်သူအစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့ကြောင်းလည်း တိုင်းပြည်မတိုးတက်ခြင်းဆိုသည်။ မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ်ကစတင်ပြီး ဒီမိုကရေစီကို ပြောင်းလဲလာခဲ့သည်။ သို့ရာတွင် ယခင်အုပ်ချုပ်ရေးစနစ် အမှားကြောင့် ယနေ့အချိန်ထိ ပြဿနာ တပုံတခေါင်းကြီးကို ဖြေရှင်းရင်းဖြင့် ရှေ့မတိုးနိုင်ဖြစ်နေသည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာစီတန်းခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တို့ပင် ဆုံးရှုံးလာရသည်။ တိုင်းပြည်သည်ကား ဤနည်းဖြင့်ပင် ယမ်းငွေ့ဝေနေရအုံးမည်။

          ယခုနောက်ဆုံးသတင်းများအရ မြောက်ဦးမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးမှ ဒုက္ခသည်များကို ၂၀-၁-၂၀၁၆ ရက်နေ့ကို နောက်ဆုံးထားပြီး ဒုက္ခသည်စခန်းကို ဖျက်သိမ်းပြီး နီးစပ်ရာကျေးရွာများရှိ မိမိတို့ဆွေမျိုးများအိမ်တွင် ဝင်ရောက်နေထိုင်ကြဖို့ ပြောဆိုခဲ့ချက်သည် အလွန်စိုးရိမ်စရာကောင်းလှသည်။ (ယခုဆောင်းပါးဖောြ်ပပြီးချိန်တွင် တခုခုအဖြေထွက်လောက်နေမည်ဖြစ်သည်) တာဝန်ခံမှု ၊ တာဝန်ယူမှုကင်းမဲ့သည့် အရပ်ဒေသတွင် လက်လွတ်စပယ်နိုင်လှသည်။ ဒေသခံအုပ်ချုပ်ရေးအစိုးရသည် ပြည်သူများကို အပြည့်အ၀ အကာအကွယ်ပေးရမည်။ နောက်ဆုံးအဆင့် မိမိကျေးရွာ၊ ဒေသများသို့ ပို့ဆောင်ရာတွင်လည်း လုံလုံခြုံရှိအောင် ဆောင်ရွက်ပေးရမည်မှာ အုပ်ချုပ်သူလူကြီးမင်းတို့သာဖြစ်သည်။ ဒုက္ခသည်တို့သည် ပြည်သူဖြစ်သည်။ ပြည်သူကိုတန်ဖိုးထားခြင်းသည် ဒီမိုကရေစီဖြစ်သည်။ ပြည်သူကိုတန်ဖိုးထားရမည်မှာ အုပ်ချုပ်သည့် အစိုးရသာဖြစ်သည်။ ယခုအခါ ဒုက္ခသည်တို့မှာ ဒုက္ခပင်လယ်ဝေလျှက် စစ်ပွဲနှင့် လိုက်ပွဲငြိမ်းချမ်းရေးကြား ဘဝများက မြေစာပင်ဖြစ်လျှက် ရှိနေတော့သည်။

(ယခုဆောင်းပါးသည် ၃၀-၄-၂၀၁၅ ရက်နေ့ထုတ် DNJ ဂျာနယ်တွင် ဖော်ပြခဲ့သည် ယမ်းငွေ့လည်းဝေေ၀၊ လွမ်းငွေ့လည်း ဝေေ၀ ဆောင်းပါးကို ပြန်လည်းပြုပြင်ပြီး ရေးသားခြင်း ဖြစ်သည်။ )

 ဝေဟင်အောင်

၁၈၊၁၊၂၀၁၅။

ဗီဒီယိုများ