နယ်လုံအတက်၊ နယ်လုံအဆင်းနှင့် ရခိုင့်လုံခြုံရေးဆက်ထုံး

ပြောင်းလဲခြင်းနိယာမ သဘောတရားအတိုင်း အစိုးရနှစ်ဆက်တိုင် တာဝန်ယူခဲ့ဖူးသော ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၏ တာဝန်ကို ဗိုလ်မှူးကြီး ဖုန်းတင့်က နေရာယူလိုက်ပြီဖြစ်သည်။ ၂၀၁၂ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်သည် ရှိရင်းနိမိတ်ပုံများထက် ပြဿနာများကိုအကြောင်းပြု၍ ကမ္ဘာကျော်ခဲ့သော နေရာတစ်ခုဖြစ်သည်။ ယင်းဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သော ရာထူးများအနက် နယ်စပ်ရေးရာဝန်ကြီး၏ အာရုံစူးစိုက်ခံရမှုသည် ရခိုင်တွင်ဖြစ်ပွားသော ပြဿနာများနှင့် တိုက်ရိုက်အချိုးကျခဲ့သည်ဟု ဆိုနိုင်သည်။

By ကျော်လင်း(ရောင်စုံ) 12 Jul 2017

ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ထိန်လင်း

ကျော်လင်း(ရောင်စုံ) ရေးသားသည်။

ဇူလိုင် ၁၂ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။    ။ ပြောင်းလဲခြင်းနိယာမ သဘောတရားအတိုင်း အစိုးရနှစ်ဆက်တိုင် တာဝန်ယူခဲ့ဖူးသော ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၏ တာဝန်ကို ဗိုလ်မှူးကြီး ဖုန်းတင့်က နေရာယူလိုက်ပြီဖြစ်သည်။ ၂၀၁၂ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်သည် ရှိရင်းနိမိတ်ပုံများထက် ပြဿနာများကိုအကြောင်းပြု၍ ကမ္ဘာကျော်ခဲ့သော နေရာတစ်ခုဖြစ်သည်။ ယင်းဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သော ရာထူးများအနက် နယ်စပ်ရေးရာဝန်ကြီး၏ အာရုံစူးစိုက်ခံရမှုသည် ရခိုင်တွင်ဖြစ်ပွားသော ပြဿနာများနှင့် တိုက်ရိုက်အချိုးကျခဲ့သည်ဟု ဆိုနိုင်သည်။ ၂၀၁၂ ပြဿနာများသည် ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်ခဲ့သော်လည်း အဓိကကျသောရင်းမြစ်မှာ နယ်မြေရလိုမှု ပြဿနာဖြစ်သည်။ ယင်းကဲ့သို့အပိုင်းကို တာဝန်ယူရသော ဗိုလ်မှူးကြီးထိန်လင်း အနေဖြင့်လည်း ပြဿနာများနှင့်ထပ်တူ အိပ်ရေးမဝခဲ့ပေ။

သို့သော် ယင်းပြဿနာများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့သလား။ ပြည်သူလူထုကို ကျေနပ်စေသော ဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်စွမ်းရှိခဲ့သလား ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး ယခု ၎င်း၏နေရာတွင် ပြောင်းလဲတာဝန်ယူမည့် ဗိုလ်မှူးကြီး ဖုန်းတင့်၏ အနာဂတ်ခြေလှမ်းများကိုလည်း စောင့်ကြည့်ရဦးမည်သာ။

မည်သို့ပင်ဖြစ်စေ ဦးထိန်လင်း တာဝန်ကျနေစဉ်ကာလအတွင်းတွင် ကိုင်တွယ်ဖြေရှင်းခဲ့ရသည့် ပြဿနာများကလည်း အများသားပင်။ ၂၀၁၀ ခုနှစ်မှစပြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီးထိန်လင်းသည် ၎င်းတာဝန်ယူထမ်းဆောင်နေစဉ်အတွင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲ၊ ကျောက်နီမော်မှ အစပြု၍ ဘူးသီးတောင်၊ မောင်တောတို့တွင် ဘာသာရေး၊ လူမျိုးရေးအတွက် ပဋိပက္ခများဖြစ်ပွားခဲ့သည်။ ယင်း၏ဆက်ထုံးများအနေဖြင့် အောက်တိုဘာ (၉) ရက်နေ့က မောင်တောခရိုင်အတွင်း နယ်ခြားစောင့်ရဲဌာနချုပ် စီးနင်းခံခဲ့ရသည်။

အဆိုပါကိစ္စရပ်များတွင် နယ်စပ်ရေးရာဝန်ကြီး၏ ဆောင်ရွက်မှုများမှာ အားရကျေနပ်ဖွယ် မရှိခဲ့ပေ။ တစ်ဖက်တွင်လည်း ဗိုလ်မှူးကြီး ထိန်လင်းသည် ဒေသခံပြည်သူလူထုနှင့် သဟဇာတကျသည်။ လူမှုဆက်ဆံရေး အဆင်ပြေသည်။ တနည်အားဖြင့် မြေပြင်ကိုအခြေပြုသော ဆက်ဆံရေးကို အခြေပြုနိုင်ခဲ့သည်။ ယင်းကဲ့သို့ ဆက်ဆံရေးပြေလည်မှုကြောင့်ပင်လျှင် လုံခြုံရေးပြဿနာများကို ဖြေရှင်းပေးနိုင်စွမ်း မရှိသည့် အခြင်းအရာများကို လွှမ်းမိုးသွားတတ်သည်ဟု လေ့လာသူများ မှတ်ချက်ပြုသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင်လည်း NCA အဖွဲ့ဝင် ALP (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)နှင့် ဆက်ရေးရေးမှာ အပေါ်ယံဆက်ဆံရေး ပြေလည်သလိုရှိသော်လည်း ပြည်နယ်ထဲတွင် ALP တပ်ဖွဲ့ဝင်များ ယူနီဖောင်းဝတ်ခွင့်ကို တားမြစ်ခဲ့ခြင်း၊ စစ်ပွဲဖြစ်ပွားမှုကို Statement ထုတ်ပြန်ခဲ့သော ALP ဒုတာဝန်ခံ ခိုင်မျိုးထွဏ်း အား ဖမ်းဆီးခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နယ်လုံဝန်ကြီး ဦးထိန်လင်း၏ သဘောထားကို ဖော်ပြနေသည်ဟု ဆိုဖွယ်ရှိသည်။

အသစ်ခန့်အပ်လိုက်သည့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်။ (ဓာတ်ပုံ - ဝေလင်း)

တစ်နှစ်ထက်တစ်နှစ် မူးယစ်ဆေးဝါးမှု များပြားလာသလောက် ဒိုင်ကြီးများကို မဖမ်းမိခြင်း၊ ဘူးသီးတောင်၊ မောင်တောဒေသမှ ဌာနဆိုင်ရာ တာဝန်ရှိသူအချို့ ပါဝင်ပတ်သတ်နေမှုတို့သည်လည်း နယ်လုံဝန်ကြီး ဦးထိန်လင်းအတွက် ဝေဖန်ခံရမှုများစွာ ရှိခဲ့သည်။ ယင်းကဲ့သို့ အခြေအနေများဖြင့် ရာထူးအပြောင်းအလဲကို ဆက်ခံမည့် ဗိုလ်မှူးကြီးဖုန်းတင့်အား အဆိုပါလုပ်ရပ်များက တာဝန်ပေးရန် အသင့်စောင့်ဆိုင်းလျှက်ရှိသည်။

မည်သည့်အရာက စလုပ်မလဲ

ယခုတလော အရေးကြီးနေသည့် နယ်စပ်ပြဿနာမှာ ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင်စသည့် မြို့နယ်များဖြစ်သည်။ ယခင်နှစ်ကလည်း လုံခြုံရေးဗဟိုဌာနကို အကြမ်းဖက်စီးနင်းခံရသော နေရာများမှာ မောင်တော ကျီးကန်းပြင် ဌာနချုပ် ၊ ရသေ့တောင် ကိုးတန်ကောက် ရဲစခန်းတို့ပါဝင်ကာ ဘူးသီးတောင်မြို့နယ်တွင်လည်း အစိုးရနဲ့ဆက်စပ်မှုရှိသူများကို အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပေါ်လျှက်ရှိနေသည်။ မကြာသေးမီအချိန်ကလည်း မောင်တော တရိန်းဒေသတွင် ရခိုင်မျိုးနွယ်စု (၂) ဦးအား သတ်ဖြတ်ခံရမှုရှိနေသည်။ လက်ရှိအချိန်တွင် မောင်တောမြို့ပေါ်အား (၃၄၅)တပ်မှ တာဝန်ယူကာ လုံခြုံရေးယူထားရသည်။ ယင်းကဲ့သို့ ထိရှလွယ်သော နယ်မြေအား ကိုင်တွယ်ရာတွင် ယုံကြည်စိတ်ချရသော ရဲတပ်ဖွဲ့ဝင်များ ၊ တပ်မတော်များဖြစ်ရန် အလွန်တရာမှ အရေးကြီးသည်ဟု ဒေသခံများက ဖွင့်ဆိုကြသည်။

မောင်တောတွင် မြောက်ပိုင်းနှင့် တောင်ပိုင်းဟု အပိုင်းလိုက်ကျေးရွာများရှိရာ မြောက်ပိုင်းဖြစ်သော ကြိမ်ချောင်းကို ပြေးဆွဲနေသော လိုင်းကားများကိုလည်း ပြဿနာဖြစ်လျှင် ရပ်နားထားရသည်များ ရှိသည်။ ယင်းသို့သော စိုးရိမ်မှုများကို နယ်လုံဝန်ကြီးမှ နည်းဗျူဟာအသစ်များဖြင့် ချမှတ်ပေးရန် လိုအပ်သည်။

တကယ်တမ်းကွင်းဆင်းကြည့်လျှင် ဘူးသီးတောင် ၊ မောင်တောတွင်ရှိသော ရခိုင်လူ့အဖွဲ့အစည်းသည် ဘင်္ဂလီလူ့အဖွဲ့အစည်းနှင့် သီးခြားကင်းကွာ၍ မရသည့် အနေအထားဖြစ်ရာ ၊ စီးပွားရေးအရ ပတ်သက်နေကြရသည်။ ဇူလိုင် ၆ ရက်နေ့တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တို့မှ ဒေသခံငါးရာကျော် တက်ရောက်သည့် မေယုဒေသဌာနတိုင်းသားများ ရေရှည်တည်တံ့ရေးညှိနှိုင်းရေး အစည်းအဝေးတွင် ပြည်သူ့စစ်ဖွဲ့စည်းရေး၊ အရပ်သားများကို သတ်ဖြတ်ခဲ့သည့် တရားခံအစစ်အမှန်ကို ဖော်ထုတ်ဖမ်းဆီးအရေးယူရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံ သားဥပဒေနှင့် မညီဘဲ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ကတ်များ ထုတ်ပေးထားမှုအား ပြန်လည်ရုတ်သိမ်းကာ ယင်းဥပဒေနှင့်အညီများကို ဒုက္ခသည်စခန်းဖြင့်ထားရန်၊ မေယုဒေသတွင် တိုင်းရင်းသားကျေးရွာများကို တိုးချဲ့ကာ အလုပ်အကိုင်ဖန်တီးပေးပြီး ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရန်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ချက်ချင်းထွက်ခွာသွားရန်၊ လူဦးရေထိန်းညှိခြင်း ဥပဒေနှင့် တစ်လင်တစ်မယား ဥပဒေတို့ကို ကျင့်သုံးရန် စသည့်အချက်တို့ကို တောင်းဆိုခဲ့ကြသည်။

မောင်တောဒေသတွင် ယခုလက်ရှိအချိန်ထိ အရပ်သား ၄၃ ဦး အသတ်ခံရပြီး ၂၆ ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော မောင်တော တရိန်းဒေသမှ ရခိုင်တိုင်းရင်းသား နှစ်ဦးသတ်ဖြတ်ခံရသည့်အချိန်တွင် နယ်မြေခံရဲစခန်းအား ချက်ချင်းအကြောင်းကြားခဲ့သော်လည်း တစ်နာရီခန့်ကြာမှ ရောက်ရှိလာသည့်အတွက် ဒေသခံများမှာ ၎င်းဒေသမှ နယ်မြေခံရဲများအား အားကိုးယုံကြည်မှုနည်းနေကြောင်း ဘူးသီးတောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ဇူလိုင် ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

ပင်လယ်ပြင်လုံခြုံရေး

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူရ၏ နိုဝင်ဘာ ၂၁ ရက်နေ့ အမျိုးသားလွတ်တော်မှာ ပြောကြားချက်အရ သစ်ခိုးလှေ (၁၇) စင်း ၊ ကျွဲနွားမှောင်ခိုလှေ (၁၆)စင်း ၊ မူးယစ်ဆေးဝါးသယ်လှေ (၁၂)စင်း ၊ တရားမဝင်ကုန်တင်လှေ (၆)စင်း၊ လူမှောင်ခိုလှေ (၆)စင်းနဲ့ တရားမဝင်နိုင်ငံခြား ငါးဖမ်းလှေ (၃)စင်း စုစုပေါင်းအစင်း (၆၀) ကာလတန်ဖိုး မြန်မာကျပ်ငွေ ၂ဒသမ ၂၄ ဘီလီယံ (၂,၂၄၄,၈၇၀,၀၀၀ကျပ်) ကို ၂၀၁၃ ခုနှစ် ဧပြီလကနေ၂၀၁၆ သြဂုတ်လအတွင်း ရခိုင်ပင်လယ်ပြင်ကနေ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ (၃) နှစ်တာကာလအတွင်း ဖမ်းဆီးရရှိခဲ့သော စက်လှေအစင်း ပေါင်း(၆၀) တွင် (၅၇)စီးက မှောင်ခိုလှေများဖြစ်နေခြင်းမှာ ရခိုင်ပင်လယ်လုံခြုံရေးကို မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။ ယခုအချိန်အထိလည်း မူးယစ်မှောင်ခိုမှုများက ရေလမ်းကရှိနေကြောင်းကို ဖမ်းဆီးရမိသည့် သတင်းများက သက်သေပြနေသည်။ ရှိရင်းစွဲ လုပ်နည်းလုပ်စဉ်အတိုင်း ဆက်သွားမလား … ။ Modify လုပ်ကာ အပြောင်းအလဲတစ်ခုကို ဖန်တီးမလား….။ ပြောင်းလဲလုပ်ဆောင်မည့် စီမံချက်များ၏ အားသာချက်များက ဘယ်လိုရှိနေမလဲဆိုသည်က စိတ်ဝင်စားဖွယ်ဖြစ်နေသည်။

မေယုခရိုင်လုံခြုံရေး

၁၄- ၁၀ -၂၀၁၆ နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၆)ဖြင့် ထုတ်ပြန်ချက်အရ အောက်တိုဘာလ (၉-၁၀-၂၀၁၆)နေ့က ဖြစ်ပွားခဲ့သော ကျီးကန်ပြင်ဌာနချုပ် အကြမ်းဖက်မှုဖြစ်စဉ်သည် ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများဖြင့် စနစ်တကျလုပ်ဆောင်ခဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း သိရသည်။

ယခုအချိန်အထိလည်း မောင်တောခရိုင်တွင် အကြမ်းဖက်မှုလုပ်ရပ်များ ရှိနေဆဲဖြစ်သည်။ ISIS တို့၏ ကမ္ဘာ့အနှံ့တွင် ထိန်းချုပ်ထားသောနယ်မြေများ လက်လွတ်ခံရမှုစစ်ဆင်ရေးကို စီမံရေးဆွဲသော ISIS မှ ခေါင်းဆောင်များသို့ အကြမ်းဖက်သမားများအား ပါကစ္စတန်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့တွင် လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း အထောက်အထားများလည်း တွေ့ခဲ့ရသည်။ မြန်မာနိုင်ငံတွင် နေထိုင်သောဘင်္ဂလီများမှာ နိုင်ငံရပ်ခြားများထိ သွားရောက်ကာ အကြမ်းဖက်နည်းပညာများကို သင်ကြားရန်ထွက်ခွာခြင်း၊ ပြန်လည်ရောက်ရှိလာခြင်းတို့ကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခြင်းသည် နယ်စပ်ရေးရာ လုံခြုံရေးအတွက် မေးခွန်းထုတ်စရာဖြစ်သည်။ Harakahal - yaqin (Movement of faith) အဖွဲ့သည် ၂၀၁၇ခုနှစ် မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့ရာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (Arakan Rohingya Salvation Army - ARSA) ဟူသော အမည်သစ်ကို အသုံးပြုခဲ့ပြီး ယင်းသို့ အမည်သစ်ကို ပြောင်းလဲသုံးစွဲခြင်းမှာလည်း မေယုခရိုင်အတွက် စိုးရိမ်စရာဖြစ်သည်။

ISIS ကို ၂၀၁၃ ခုနှစ်တွင် အယ်လ်ကေဒါအဖွဲ့ထဲမှ ခွဲထွက်ပြီး အသက်(၄၆) နှစ်အရွယ် ဘတ်ဒါဒီ က တည်ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘတ်ဒါဒီသေဆုံးသည့်သတင်းကို ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူးရာနီ အတ်ဒူရာမန်က သံသယရှိနေပြီး မတ်လကုန်ပိုင်းတွင် ဘတ်ဒါဒီကဆီးရီးယားမှ နိုင်ငံတွင်းရှိ တခြားနေရာတစ်ခုတွင် ရောက်ရှိနေသည်ဟု သုံးသပ်ထားမှုလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ IS အဖွဲ့ဝင်တို့၏ ကစဉ်ကလျားဖြစ်လာမှု၊ ဥရောပခေါင်းဆောင်တို့၏ တိုက်ရိုက်ရှာဖွေမှုများသည် အရှေ့တောင်အာရှဒေသမှ ၎င်းတို့မျိုးနွယ်စုများရှိသော နေရာများမှ လာရောက်ခိုလှုံရန် အခွင့်အလမ်းက ပိုများလာနိုင်သည်။ ယင်းအခြေအနေများကိုလည်း နယ်လုံဝန်ကြီးအသစ်မှ မျက်ခြေမပြတ်ရန် အရေးကြီးသည်။

ယခုအချိန်တွင် ISIS မှ ထွက်ပြေးလာသူတို့သည် အရှေ့တောင်အာရှ နယ်မြေများကို ခိုလှုံရာ ပစ်မှတ်အဖြစ် ထားရှိလာသည်ဟု သိရသည်။ ယင်းသို့ဆိုလျှင် အရှေ့တောင်အာရှတွင် နာမည်ကြီးနေသော ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖိလစ်ပိုင်တောင်ပိုင်းနှင့် မြန်မာနိုင်ငံမှ မေယုခရိုင်ဒေသတို့သည် ၎င်းတို့၏ ရွှေးချယ်ရာ ပစ်မှတ်ဖြစ်လာနိုင်သည်။ လက်တွေ့တွင်လည်း လုပ်ဆောင်ချက်များက သက်သေပြလျှက်ရှိသည်။ မကြာသေးမီကာလက သမ္မတ ဒူတာတေး ခရီးသွားနေစဉ်တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မာလဝီမြို့ကို ISIS အဖွဲ့မှ သိမ်းပိုက်ကာ အရပ်သားများကို ဓားစာခံလုပ်ဆောင်ထားခဲ့သည်။ ယခုထိ အစိုးရနှင့်စစ်သွေးကြွအုပ်စုများကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

အသစ်ခန့်အပ်လိုက်သော ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် ကျမ်းသစ္စာကျိန်ဆိုနေစဉ်။ (ဓာတ်ပုံ - ဝေလင်း)

ရခိုင်ပြည်မေယုခရိုင်တွင်လည်း ၂၀၁၆ အောက်တိုဘာလမှ ၂၀၁၇ မေလကုန်အအထိ ရှစ်လအတွင်း အပြစ်မဲ့ ပြည်သူ ၃၃ ဦး သတ်ဖြတ်ခံခဲ့ရပြီး အဆိုပါ သတ်ဖြတ်ခံရသူများမှာ အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သည်ဟု ယူဆပြီး အစ္စလာမ်ဘာသာဝင်များကို ဦးစွာသတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။ တရိန်းကျေးရွာမှ ရခိုင်တိုင်းရင်းသား ၂ ဦး သတ်ဖြတ်ခံရသည်တွင် ဌာနေတိုင်းရင်းသားများအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ကြခြင်းဖြစ်သည်။ ပြည်သူလူထုကြားထဲတွင် နေထိုင်ရင်း၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များ တာဝန်ယူထားသည့်ကြားမှ ၎င်းတို့ပစ်မှတ်ထားသူများအား ရွေးချယ်သတ်ဖြတ်လာခြင်းတို့မှာ ဒေသခံများအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့သည်။

လက်ရှိတွင် ကမ္ဘာ့အကြမ်းဖက်အဖွဲ့ဖြစ်သော ISIS စစ်သွေးကြွအဖွဲ့ကို သစ္စာခံထားသာ အကြမ်းဖက်အဖွဲ့ ၃၁ ဖွဲ့ထက်မနည်းရှိနေကြောင်း လေ့လာသိရှိရသည်။ ယင်းကဲ့သို့အခြေအနေတွင် ရခိုင်ပြည်လုံခြုံရေးမှာ ပြည်သူတို့ အတွက် မျှော်လင့်အားထားစရာဖြစ်လာရန် အထူးအရေးကြီးနေသည်။ လက်ရှိအစိုးရဖက်မှလည်း အနောက်တံခါးဒေသဖြစ်သော မေယုခရိုင် တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေခံစည်းရိုးများကို ယခင်ထက် လုံခြုံခိုင်မာစွာ တည်ဆောက်ပြုပြင်နေမှု၊ အသစ်တည်ဆောက်မှုတို့ကို ပြုလုပ်ဆောင်ရွက်လျှက်ရှိသည်ဟု နိုင်ငံတော် ပိုင်သတင်းစာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

မည်သို့ပင်ဖြစ်စေ ရခိုင့်လုံခြုံရေး နယ်စပ်ရေးရာ ဝန်ကြီးအသစ်အား ယခင်နယ်လုံဝန်ကြီး၏ မပြီးပြတ်သော လုပ်ငန်းဆောင်တာများက စောင့်စားလျှက် ရှိနေသည်။

ဗီဒီယိုများ