မဒေးကျွန်း ရေပြင်ဆန္ဒပြပွဲကြောင့် ရေနံပိုက်လိုင်းစီမံကိန်း မည်သို့ထူးခြားလာမည်နည်း

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက် ၂၀၁၀ ခုနှစ်၊ ဇွန်လကပင် စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သော China National Petroleum Corporation (CNPC) ကုမ္ပဏီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှု စီမံကိန်းသည် ယခုနှစ်ဆန်းပိုင်းကာလအတွင်းတွင် လည်ပတ်မှုများ စတင်နေပြီဖြစ်သည်။

27 May 2017

(မဒေးကျွန်း ဒေသခံများအတွက် သီးသန့်ဆိပ်ကပ်ရန်အတွက် လှေဆိပ် တစ်ခုတည်ဆောက်ပေးရန်အပါအဝင် အချက်(၆) ချက်ပါဝင်သော တောင်းဆိုချက်ကို မေလ ၂၂ ရက်နေ့က ဒေသခံများတောင်းဆိုမှု ပြုလုပ်ခဲ့သည်။ ဓါတ်ပုံ - ဟန်ထူးဇော်/DMG)

မေလ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်၊ ကျောက်ဖြူ (DMG) ။    ။  ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက် ၂၀၁၀ ခုနှစ်၊ ဇွန်လကပင် စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သော China National Petroleum Corporation (CNPC) ကုမ္ပဏီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှု စီမံကိန်းသည် ယခုနှစ်ဆန်းပိုင်းကာလအတွင်းတွင် လည်ပတ်မှုများ စတင်နေပြီဖြစ်သည်။

မဒေးကျွန်းမှ ရေနံစိမ်းလွှတ်ရန်အတွက် မြန်မာ-တရုတ် ပိုက်လိုင်း ပို့ဆောင်ရေး သဘောတူစာချုပ်ကိုလည်း ယခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် နှစ်နိုင်ငံတရားဝင် စာချုပ်ချုပ်ဆိုခဲ့ပြီး မဒေးကျွန်းမှ မေလ ၂ ရက်နေ့တွင်ပင် ရေနံစိမ်းများအား စတင်ပို့လွှတ်ခဲ့ရာ မေလ ၁၉ ရက်နေ့အချိန်တွင် မြန်မာ-တရုတ် ရေနံပိုက်လိုင်း စီမံကိန်း နမ့်ခမ်းတိုင်းတာရေးစခန်းသို့ ရေနံ စိမ်းများရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာ- တရုတ် ရေနံပိုက်လိုင်း စီမံကိန်း စတင်လည်ပတ်ခဲ့ပြီးနောက် နှစ်နိုင်ငံ သဘောတူစာချုပ်အရ ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ နှစ်စဉ် ရေနံစိမ်းတန်ချိန် ၂၂ သန်းပို့ လွှတ်ရမည်ဖြစ်ပြီး ယင်းအထဲမှ ရေနံစိမ်းတန်ချိန်ပေါင်း သိန်း ၂၀ ကို မြန်မာနိုင်ငံ၏ စွမ်းအင် လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးမည်ဖြစ်သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

သို့ရာတွင် ဒေသခံများ၏ စားဝတ်နေရေး အခြေအနေများမှာကားအဆင်ပြေချောမွေ့မှုများ မရှိနိုင်သေးပေ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရေနံတင်ဆိပ်ကမ်းသို့ တရုတ်ရေနံတင်သင်္ဘောများ ဝင်ထွက်သွား လာမှုမရှိသည့်အချိန်ကပင် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေသည့် ဒေသခံရေလုပ်သားများမှာ လုပ်ငန်းများထိခိုက်မှုများ ရှိလာကြသည်။

ယင်းသို့ တရုတ်ရေနံတင်သင်္ဘောများ ဝင်ထွက်သွားမှု မပြုလုပ်မီအချိန်တွင် ဒေသခံရေလုပ်ငန်း လုပ်ကိုင်သူများအား ငါးဖမ်းခြင်းကို တားမြစ်မှုများ၊ သတ်မှတ်ထားသော ရေလမ်းကြောင်း တစ်လျှောက်ရှိ ရေကြောင်းအချက်ပြ ဗွိုင်ယာများတပ်ဆင်ထားခြင်းတို့ကြောင့် မြစ်ကြောင်းတစ်လျှောက်ရှိ လုပ်ကိုင်းစားသောက်နေကြသည့် ဒေသခံရေလုပ်သား (၂၀၀)ခန့်မှာ လုပ်ငန်းထိခိုက်မှုများ အပြင်းအထန်ခံစားနေကြရသည်။

“ ဒီစီမံကိန်း ပြီးသွားတာနဲ့ ရေနံတင်သင်္ဘောတွေ ဝင်ထွက်နေပြီဗျာ။ သင်္ဘောတွေဝင်ထွက်တဲ့ လမ်းကြောင်းတွေမှာ ငါးဖမ်းခွင့်မရပါဘူး။ ငါးဖမ်းခွင့် မရတဲ့အတွက် ကျနော်တို့ရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်ပါတယ်။ ” ဟု မဒေးကျွန်းမှ ရေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးဖြစ်သည့် ဦးမောင်မြင့်ကပြောသည်။

ကျောက်ဖြူမြို့နယ်မှာ လူဦးရေပေါင်း (၆) သောင်းခန့်နေထိုင်လျက်ရှိပြီး အများစုမှာ လယ်ယာလုပ်ငန်းအပါအဝင် ရေလုပ်ငန်းများကို လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြရခြင်းဖြစ်သည်။ ဒေသခံများ စားဝတ်နေရေးများကို ဖြေရှင်းရန်အတွက် လယ်ယာလုပ်ငန်းကို လုပ်ကိုင်သူများအဖို့ လယ်ယာလုပ်ငန်းအရေးကြီးနေခြင်းဖြစ်ရာ ယင်းကြားလအတွင်းတွင် ကျောက်ဖြူမြို့နယ်အတွင်းမှာ China National Petroleum Corporation (CNPC) ကုမ္ပဏီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုစီမံကိန်းကြောင့် ဒေသခံများ၏ လယ်ယာများသိမ်းဆည်းခံရမှုဖြစ်ပေါ်ခဲ့ပြီး ယင်းသိမ်းဆည်းခံ လယ်သမားများ လယ်ယာမြေသိမ်းဆည်းမှုများကို ယခုအချိန်ထိ ဖြေရှင်းမှုမရှိသေး၍ ဒေသခံများ၏ စားဝတ်နေရေး အခက်အခဲကို ပိုမိုကျပ်တည်းစေခဲ့သည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများသည် ဒေသခံလူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိမည့်အပြင် ရခိုင်ပြည်နယ် တစ်ခုလုံးအတွက် ကုန်သွယ်မှုနှင့် စီးပွားရေး တိုးတက်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်သည်ဟု အစိုးရဘက်က ပြောဆိုနေသော်လည်း ဒေသခံပြည်သူလူထုများကြား ထဲတွင် မယုံကြည်နိုင်စရာဖြစ်လာကြသည်။ ကျောက်ဖြူဒေသခံများကမူ တရုတ်ရေနံတင် ဆိပ်ကမ်းတည်ဆောက်ထားမှုကြောင့် ဒေသခံများမှ တစ်စုံတစ်ရာ အကျိုးခံစားခွင့် မရှိသည့်အပြင် လုပ်ငန်းစီးပွားရေးများကိုပါ ပိုမို ထိခိုက်မှုများရှိသည်ဟု ဆိုကြသည်။

“အစိုးရမှာတော့ အဲလိုပြောမှာပဲ။ နောက်ပြီးတော့ နိုင်ငံတကာစံချိန် စံညွှန်းနဲ့ အညီလုပ်တာလို့ ပြောမယ်။ လယ်ယာမြေကိစ္စတွေနဲ့ပတ်သတ်လို့ ပျက်စီးနေတာတွေကို ဘာတစ်ခုမှ လုပ်ပေးတာမရှိဘူး။ လက်တွေ့မှာတော့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိတာကိုလည်း မတွေ့မိဘူး။ သူတို့မှာ အောက်ခြေအလုပ်တွေကအစ တရုတ်လူမျိုးတွေ လုပ်တာမျိုးတွေ ရှိလာပါတယ်။ ကျမတို့က ရာသီဥတုဖောက်ပြန်မှုတွေကိုပဲ ခံစားနေရတယ်။ အခု စီမံကိန်းတွေနဲ့ ပတ်သတ်လို့ ယုံကြည်မှုမရှိဘူး။ ” ဟု ကျောက်ဖြူဒေသခံ ဒေါ်ကြည်ကြည်နှင်းက ပြောဆိုသည်။

ကျောက်ဖြူမြို့နယ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် နိုင်ငံတကာ ရေနံတင် သင်္ဘောများ ဝင်ရောက်လာခြင်းကြောင့် ဒေသခံပိုက်သမားများ၏ လုပ်ကွက်များကို ရုပ်သိမ်းခံရခြင်းကြောင့် မိသားစု၊ စားဝတ်နေရေးများကို များစွ ထိခိုက်လျက်ရှိကြသည်ဟု ဒေသခံများကပြောကြသည်။ ယင်းသို့ ဒေသခံများ ထိခိုက်နစ်နာနေသော်လည်း ဒေသခံများ၏ အခက်အခဲနှင့် ဒေသခံများ၏ ဖွံ့ဖြိုးရေးကို တာဝန် ယူဖြေရှင်းပေးခြင်းများ မရှိသေးအတွက် မေလ ၂၂ ရက်နေ့တွင် မဒေးကျွန်းဒေသခံများ ရေကြောင်းဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

ယင်းမတိုင်မီ ကာလအတွင်းတွင်လည်း မေလ ၁၁ ရက်နေ့က မဒေးကျွန်းဒေသ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးရမည့် အချက်(၃) ချက်ကိုလည်း ပထမအကြိမ်အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြသေးသည်။ ယခုတစ်ကြိမ် ဆန္ဒဖော်ထုတ်မှုမှာ ရေကြောင်း ဆန္ဒဖော်ထုတ်မှုဖြစ်ရာ ရေကြောင်းတစ်လျှောက် စက်လှေ (၁၀၀)ကျော်ခန့်နှင့်အတူ လူပေါင်း (၅၀၀)ခန့် ပါဝင်ဆန္ဒပြခဲ့ကြသည်။ ယင်းဆန္ဒဖော်ထုတ်ရာတွင် ဒေသခံများက အချက် (၆) ချက်ကို တောင်းဆိုခဲ့သည်။

ကျောက်ဖြူမြစ်ကြောင်း အတွင်းရေလုပ်သားများ၏ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးများကို တာဝန်ယူဖြေရှင်းပေးရန်၊ မဒေးကျွန်း ဒေသခံများအတွက် သီးသန့် ဆိပ်ကပ်ရန်အတွက် လှေဆိပ်တစ်ခုတည်ဆောက်ပေးရန်၊ မဒေးကျွန်း ဒေသခံဖွံ့ဖြိုးရေးအတွက် ကွန်ကရစ် ကျွန်းပတ်လမ်းဖောက်လုပ်ပေးခြင်း၊ ရွာချင်းဆက်လမ်းများကို ကွန်ကရစ်လမ်း ပြုလုပ်ပေးခြင်း၊ ပေးဝေထားသော ရေပေဝေးရေးစနစ်အား အသစ်ပြန်လည် စံချိန်မှီတည်ဆောက်ပေးခြင်း၊ကျန်းမာရေးအတွက် အဆင့်မှီဆေးခန်း တည်ဆောက်ပေးခြင်း၊ မဒေးကျွန်းနှင့် ကျောက်ဖြူမြို့နယ်ရှိ ကျေးလက်ဒေသကျေးရွာများအား (၂၄) နာရီ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးတာဝါတိုင် အမြန်ဆုံး၊ တည်ဆောက်ပေးခြင်း၊ ပညာရေးအတွက် အထက်တန်း ပညာသင်ကျောင်း ဆောက်လုပ်ပေးခြင်း၊ တိုက်ရိုက်ထိခိုက်နစ်နာသွားသော မဒေးကျွန်း ဒေသခံများနှင့် ကျောက်ဖြူဒေသခံများအတွက် စိုက်ပျိုးရေးတာတမံများ၊ တည်ဆောက်ပေးရန် အပါအဝင် အဆိုပါ တောင်းဆိုချက်များကို ပြုလုပ်ပေးခြင်း မရှိပါက ယခုဝင်ရောက်နေသော ရေနံတင်သင်္ဘောများကို ရပ်တန့်ထားရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“ တရုတ်ရေနံတင် သင်္ဘောတွေ ဒီမြစ်ကြောင်းအတိုင်း ဝင်ထွက်လာမှုတွေရှိတယ်။ အဲဒီတော့ ထွေအုပ်က စက်လှေတွေ ငါးမဖမ်းရ အဝင်အထွက်မလုပ်ရဆိုပြီး အမိန့်ထုတ်တယ်။ ကျနော်တို့က ဒီမြစ်ကိုမှီခိုပြီးတော့ လုပ်စားနေတာ။ နောက်တစ်ခုက ငါးဖမ်းနေတဲ့ သူတွေဟာ တခြားအလုပ် ပြောင်းလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူးဗျာ။ ဒီတော့ ငါးမဖမ်းရဆိုရင် ငတ်ပြီးသေရုံပဲ ရှိတော့တယ်။ ” ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူဖြစ်သည့် ဦးမောင်မြင့်က ပြောဆိုသည်။

ယင်းကဲ့သို့ ဒေသခံများ၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး၊ မီး(၂၄)နာရီရရှိရေးတို့ အတွက် တိုက်ပွဲဝင်ဆန္ဒပြခဲ့သည့် ဆန္ဒပြခဲ့သူများကိုမူ သက်ဆိုင်ရာများမှ တစ်စုံတစ်ရာ အနှောက်အယှက်များ မပေးခဲ့သော်လည်း လမ်းကြောင်းတစ်လျှောက် သက်ဆိုင်ရာများက စောင့်ကြည့်မှုများပြုလုပ်ခဲ့ကာ သတ်မှတ်ထားသည့် စည်းကမ်းထက်ကျော်လွန်လျှင်လည်း ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးမောင်မြင့်က ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသတွင် တရုတ်အစိုးရဘက်က ရင်းနှီးမြှပ်နှံရန်အတွက် မြန်မာနိုင်ငံ အစိုးရ နှင့်သဘောတူစာချုပ် ချုပ်ဆိုထားမှုများလည်း ရှိသေးသည်။ ယင်းတို့အနက် မကြာခင်ကာလက နိုင်ငံတော် သမ္မတဦးထင်ကျော် သွားရောက်ခဲ့သည့် တရုတ်နိုင်ငံ ချစ်ကြည်ရေခရီးစဉ်တွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ယင်းကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် မာန်အောင်မြို့နယ်တွင် တည်ရှိပြီး စီမံကိန်းများအနေဖြင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုစီမံကိန်းနှင့် အဆင့်မြင့် အိမ်ရာစီးပွားရေး စီမံကိန်းများပါဝင်ပြီး ၄၂၈၉.၃၂ ဧက (၁၇၃၅. ၈၃ ဟက်တာ) မှာ  အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ စီမံကိန်းကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်နိုင်မည်ဖြစ်ပြီး ဒေသခံ (၅)သိန်းခန့် အလုပ်အကိုင် အခွင့်ရရှိလိမ့်မည်ဟု စစ်တွေမြို့၊ ဦးဥတ္တမခန်းမမှာ ဧပြီလ ၂၉ ရက်နေ့က ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် လုပ်ငန်း အကောင်အထည်ဖော်ဆောင်မှု အခြေအနေများနှင့် ပတ်သတ်ပြီး ဒေသခံလူထုများနှင့် တွေ့ဆုံစဉ်မှာ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ယင်းတွေ့ဆုံတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ၎င်းစီမံကိန်းအား ဒေသခံပြည်သူလူထုများ နစ်နာမှုမရှိအောင်ဆောင်ရွက်မည်ဟု ပြောကြားခဲ့သော်လည်း ဒေသခံများဘက်ကမူ တရုတ်ဘက်က နယ်မြေဒေသအပါအဝင် လယ်ယာမြေ သိမ်းဆည်းမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိလာမည်ကို ဒေသခံများက စိုးရိမ်မှုများ ရှိကြသည်။

“နိုင်ငံရေးအရ ရခိုင်တွေအတွက် အကျိုးအမြတ် ဘယ်လောက်ရပိုင်ခွင့် တိတိကျကျ ပြဌာန်းနိုင်ဖို့လိုတယ်။  ပြည်နယ်တစ်ခုက လက်ရှိနိုင်ငံရေး အခင်းအကျင်းက ပီပီပြင် မရှိသေးတဲ့ကာလမှာ ဒီလိုကြီးမားတဲ့ စီမံကိန်းတွေကို လုပ်ဆောင်ဖို့ ဆိုတာကို ကျနော်တို့ အလို မရှိပါဘူး။ ” ဟု ကျောက်ဖြူဒေသဖွံ့ဖြိုးရေး အဖွဲ့ဒါရိုက်တာ ဦးထွန်းကြည်ကပြောဆိုသည်။

ဒေသခံဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ပေးခြင်းမရှိမှုကြောင့်ဟုဆိုကာ မဒေးကျွန်း ဒေသခံများအတွက် သီးသန့်ဆိပ်ကပ်ရန်အတွက် လှေဆိပ် တစ်ခုတည်ဆောက်ပေးရန်အပါအဝင် အချက်(၆) ချက်ပါဝင်သော တောင်းဆိုချက်ကို မေလ ၂၂ ရက်နေ့က ဒေသခံများ တောင်းဆိုမှု ပြုလုပ်ခဲ့ပြီး ယင်းတောင်းဆိုမှုကြောင့် လိုက်နာမှုမရှိခဲ့လျှင် ဆက်တိုက်ဆန္ဒပြသွားကြမည်ဟု ဒေသခံများက ပြောကြသည်။

ဒေသခံများဘက်က တောင်းဆိုချက်များနှင့် ပတ်သတ်ပြီး CNPC ကုမ္ပဏီ ရန်ကုန်ရုံးချုပ်မှ ကိုယ်စားပြု ပြောကြားသည့် စကားပြန် ကိုမိုးတိမ်က “ကျွန်တော်တို့ ကုမ္ပဏီက မြန်မာနိုင်ငံမှာ တရားမဝင် မှတ်ပုံတင်ပြီး လုပ်ဆောင်နေတဲ့ တရားဝင်မှတ်ပုံတင်ပြီး လုပ်ဆောင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကုမ္ပဏီလုပ်ဆောင်ချက် စီမံကိန်းမှန်သမျှကို မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့အညီ လုပ်ဆောင်တာဖြစ်ပါတယ်။ မဒေးကျွန်း ဒေသမှာ အရင် ၂၄ နာရီ မီးရဖူးသလား။ အလိုအလျှောက် အိမ်နားအထိ ရေရဖူးသလား။ တယ်လီဖုန်းဆက်လို့ ရော ရဖူးသလားလို့ မေးချင်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ဒေသဖွံ့ဖြိုးရေးကို အများကြီးလုပ်ပေးထားပါတယ်။ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း ပိုက်လိုင်းတစ်လျှောက် ဒေသဖွံ့ဖြိုးရေးအတွက် ဒေါ်လာရှစ်သိန်းအထိ လုပ်ဆောင်ပေးဖို့ ကွင်းဆင်းစစ်ဆေးနပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် နှစ်စဉ်လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။ မြစ်ကြောင်း တစ်လျှောက်မှာ ငါးရှာခွင့်မရတာကတော့ ဒီမြန်မာနိုင်ငံတည်း မဟုတ်ပါဘူး။ဘယ်နိုင်ငံမဆို ဒီသဘောၤလမ်းကြောင်းတွေမှာ ငါးရှာလို့မရပါဘူးလို့။ ” Eleven Media Group၏ သတင်းတစ်ခုမှာ ဖော်ပြခဲ့သည်။

မဒေးကျွန်းကတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့သော ရေနံတင်သင်္ဘောကြီးများသည် အနာဂတ် ကာလတွင် ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းတစ်လျှောက် ဝင်ထွက်သွားလာမှုများ ရှိလာတော့မည်ဖြစ်၍ ရေနံတင်သင်္ဘောများနှင့် ယှဉ်တွဲပါလာမည့် မမျှော်လင့်သော ဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းရန် ကြိုတင်ပြင်ဆင်မှု ရှိထားရန်လိုအပ်သည်။ ရေနံတင်သင်္ဘောကြီးများ မတော်တဆ ရေနံယိုဖိတ်မှုကြောင့် ပင်လယ်ကမ်းရိုး ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သော ဖြစ်စဉ် များ၊ကမ္ဘာပေါ်တွင် အများအပြားဖြစ်ပွားခဲ့ပါသည်။ရေနံယိုဖိတ်မှုကြောင့် ရေနံများသည် ပင်လယ် လှိုင်းများအတူ ပျံ့နံှ့ပြီး ကမ်းရိုးတမ်းတစ်လျှောက်ရှိ ရေမြေသက်ရှိသတ္တဝါများကို ထိခိုက်မှုဖြစ်ပွား သည့်ဖြစ်စဉ်များကို နည်းပညာငွေကြေး များသုံးစွဲရှင်းလင်းသော်လည်း ကောင်းမွန်သန့်ရှင်းသော ဝန်းကျင် အခြေအနေတစ်ခုသို့ ပြန်လည် ရောက်ရှိရန် နှစ်ပေါင်းများစွာ ကုစားရတတ်သည်ဟုဆိုကာ အကြံပြုချက် (၇)ချက်နှင့်အတူ မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ အကြံပြုတိုက်တွန်းချက် တစ်စောင်ကိုလည်း မေလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။  

စက်လှေပေါင်း (၁၀၀) ကျော်ခန့်ဖြင့် ဆန္ဒပြတောင်းဆိုခဲ့သည့် ဒေသခံများ၏ တောင်းဆိုချက် (၆) ချက်ကိုမူ ဒေသခံများအနေဖြင့် အလျင်အမြန်လိုက်နာဆောင်ရွက်ပြီး လုပ်ပေးစေချင်ကြသည်။ သို့သော်လည်း China National Petroleum Corporation (CNPC) ကုမ္ပဏီကမူ ဒေသခံများ၏ တောင်းဆိုချက်များကို လိုက်နာဆောင်ရွက်မည်လား၊ မျက်ကွယ်ပြုသွားမည်လားဆိုသည့် စိတ်ဝင်စားမှုနှင့်အတူ ဒေသခံများဘက်ကလည်း တောင်းဆိုချက်များကို မဆောင်ရွက် မလိုက်နာပါက ဆန္ဒပြခြင်းကို ဇာတ်တိုက်ပြုလုပ်မည်မှာ မည်သည့်အချိန်ထိ ပြုလုပ်မည်နည်း၊ မည်သို့ဆက်လက် ဆောင်ရွက်မည်နည်း ဆိုသည့်နှစ်ဘက် အခြေအနေများကို စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်ရဦးမည်ဖြစ်သည်။ 

ဖဒူ ထွန်းအောင်

၂၇၊ ၅၊ ၂၀၁၇

ဗီဒီယိုများ