ရခိုင်ဒေသက သတိပြုသင့်တဲ့ အိမ်တွင်းရန်စွယ်

ရခိုင်ဒေသမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၃၀ ကျော်အထိရှိလာတဲ့ ကျန်းမာရေးသတင်းဆိုးဟာ ရခိုင်ဒေသက ပြည်သူတွေကို စိုးရိမ်ထိတ်လန့်စရာ ကိန်းဂဏန်းတစ်ခုအဖြစ် သယ်ဆောင်လာပါတယ်။ ဒီလိုစိုးရိမ်နေတဲ့ ပြည်သူတွေထဲမှာ နှစ်နှစ်အရွယ် သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားတဲ့ မရွှေရည်လည်းပါပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကို သူအနေနဲ့ သမီးဖြစ်သူကို မဖြစ်ပွားရအောင် ကာကွယ်လိုပေမယ့် မြို့ထဲမှာပိတ်ဆို့နေတဲ့ ရေနုတ်မြောင်းတွေနဲ့ချောင်းတွေက ပြသနာပဲလို့သူကဆိုပါတယ်။

By မိုးအောင် 11 Jun 2017

ဇွန်လ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။     ။   ရခိုင်ဒေသမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၃၀ ကျော်အထိရှိလာတဲ့ ကျန်းမာရေးသတင်းဆိုးဟာ ရခိုင်ဒေသက ပြည်သူတွေကို စိုးရိမ်ထိတ်လန့်စရာ ကိန်းဂဏန်းတစ်ခုအဖြစ် သယ်ဆောင်လာပါတယ်။

 

ဒီလိုစိုးရိမ်နေတဲ့ ပြည်သူတွေထဲမှာ နှစ်နှစ်အရွယ် သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားတဲ့ မရွှေရည်လည်းပါပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကို သူအနေနဲ့ သမီးဖြစ်သူကို မဖြစ်ပွားရအောင် ကာကွယ်လိုပေမယ့် မြို့ထဲမှာပိတ်ဆို့နေတဲ့ ရေနုတ်မြောင်းတွေနဲ့ချောင်းတွေက ပြသနာပဲလို့သူကဆိုပါတယ်။

 

" ကျွန်မ အတတ်နိုင်ဆုံးတော့ သမီးလေးကို ခြင်မကိုက်အောင်တော့ သတိပြုဂရုစိုက်တာပါပဲ၊ အိမ်မှာဆိုလည်း ခြင်ပေါက်ဖွားနိုင်မယ့်နေရာတွေကို ရှင်းလင်းထားပါတယ်၊ ဒါပေမယ် ကျွန်မတို့ အိမ်အနီးတဝိုက်မှာ ရှိနေတုန်းပါပဲ "

 

လက်ရှိအချိန်မှာတော့ သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ဖို့ အတွက်ဆေးခြင်ထောင်း၂ လုံးကို ကျန်းမာရေးဌာနက ရရှိထားတယ်လို့ သူကပြောပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ဒီနေ့အချိန်ထိ ၆၃၀ ဦးရှိနေပြီး သေဆုံးသူဟာ ၁၀ ဦးရှိခဲ့ပြီလို့လည်း ရခိုင်ပြည်နယ် ငှက်ဖျားတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။ သေဆုံးသူ အရေအတွက်ဟာ ရောဂါဖြစ်ပွားသူ တစ်ရာမှာ လူ ၂ ဦးကျသေဆုံးနေတဲ့ အခြေနေလည်းဖြစ်ပါတယ်။

 

သွေးလွန်တုပ်ကွေးရောဂါဟာ ယခင်နှစ်တွေကမေလကုန်မှစတင် ဖြစ်ပွားခဲ့သော်လည်း ယခုနှစ်မှာ အချိန်စောပြီး ဇန်နဝါရီလမှစတင် ဖြစ်ပွားကာမြို့ပေါ်ရပ်ကွက်များထက် ကျေးရွာများတွင် ဖြစ်ပွားမှုပိုမိုများပြားနေတယ်လို့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စံကျော့ခိုင်က DMG ကိုရှင်းပြပါတယ်။

 

" သွေးလွန်တုပ်ကွေးရောဂါဟာ ၂ နှစ် ၃ နှစ်ကို တကြိမ်လောက် ဖြစ်လေ့ရှိပြီး၊ လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်ကတကြိမ် အဖြစ်များခဲ့သလို၊ လက်ရှိ ၂ဝ၁၇ ခုနှစ်ဟာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အဖြစ်များတဲ့နှစ်ဖြစ်နေပါတယ်။"

 

 

သွေးလွန်တုပ်ကွေးရောဂါဆိုတာ

 

သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေတဲ့ရောဂါဟာသွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် (Dengue Virus) ကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ပြီး လူတစ်ဦးကနေတစ်ဦးကို ဖြန့်ဝေကူးစက်စေခြင်းကို ခြင်ကလုပ်ဆောင်ပေးပါတယ်။

 

ရောဂါပိုးကို သယ်ဆောင်တဲ့ ခြင်ပုံစံဟာ အေးဒီးစ်အီဂျစ်ပ်တိုင်း (Aedes aegypti) လို့အမည်ရတဲ့ ခြင်ကောင်ပဲဖြစ်ပါတယ်။ ခြင်ရဲ့ ပုံသဏ္ဍန်မှာခြေတွေ လက်တွေမှာ အဖြူစင်းလေးတွေပါရှိပြီး ခြင်ကျားလို့လည်းခေါ်တယ်ပါတယ်။ ခြင်ပုန်းလို့လည်း ခေါ်ကြတယ်လို့လည်း သိရပါတယ်။

 

ကိုက်တတ်တဲ့ အချိန်တွေဟာ နေ့ခင်းဘက်နဲ့မနက်မိုးလင်းချိန်မှာ ကိုက်တတ်ကြပါတယ်။ ခြင်တွေရဲ့ သဘာဝအရလူတွေနဲ့နီးပြီး မှောင်တဲ့စိုစွတ်တဲ့ နေရာတွေမှာ ရှင်သန်ပေါက်ပွားကြပြီး သက်တမ်းက သုံးပတ်လောက်ပဲ အသက်ရှင်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ခြင်ကိုက်ပြီဆိုရင် ကလေးဟာ ချက်ချင်း ကိုယ်တွေပူနေတတ်ပါတယ်။ ရက်သတ္တပတ်အထိ ဖျားနာတတ်ပြီး အန်ခြင်း၊ အစားစာလိုစိတ်ကုန်ဆုံးခြင်း၊ ခန္ဓာကိုယ်က အနီစက်တွေ ထွက်လာတဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။

 

အသက်အန္တရယ်ကို စိုးရိမ်ရဆုံးအခြေအနေဟာ အဖျားကျသွားပြီး ခြေဖျားလက်ဖျားတွေအေးစက်နေတဲ့ အခြေနေတွေပဲဖြစ်ပါတယ်။ ဝမ်းအမည်းရောင်သွားပြီး ကော်ဖီရောင် အဖတ်ကလေးတွေပါဝင်တဲ့ အော့အန်ခြင်းတွေ ဖြစ်လာပြီဆိုရင် အသက်အန္တရယ်ကို စိုးရိမ်ရတဲ့ အနေထားကိုရောက်ရှိလာပြီလို့ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးနဲ့ပါတ်သက်ပြီး ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်တွေမှာ ဖော်ပြထားပါတယ်။

 

ဘယ်လိုကာကွယ်မလဲ

 

သွေးလွန်တုပ်ကွေးရောဂါကို ပေါက်ဖွားစေတဲ့ ခြင်ဟာ စွတ်စိုတဲ့နေရာတွေ၊ မိုးရေတွေ တင်ကျန်တတ်တဲ့ နေရာတွေမှာ ပေါက်ဖွားတတ်ပြီး ဒီလိုအခြေနေတွေကို ကာကွယ်ဖို့ပညာပေးလုပ်ဆောင်ခြင်းတွေရှိတယ်လို့ ဒေါက်တာစံကျော့ခိုင်က ရှင်းပြပါတယ်။

 

" ကျွန်မတို့ကျန်းမာရေးပညာပေးတာကို အဓိကလုပ်ပါတယ်၊ ခြင်မပေါက်ခင် လောက်လန်းဘဝကနေပေါ့ ဒါတွေကို အဓိကထားပြီးနှိမ်နင်းတယ်၊ ကာကွယ်ရေးအပိုင်းကျတော့ ကျန်းမာရေးဝန်ထမ်းတွေက ရွာတွေကိုဆင်းပြီး ကာကွယ်နှိမ်နှင်းရေးကို သင်ပေးပါတယ် "

 

သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့တဲ့ နေရာမှာတော့ ခြင်ဆေးဖြန်းတဲ့လုပ်ငန်းကို သုံးတော့တယ်လို့ဆိုပါတယ်။ ရခိုင်ဒေသမှာ သွေးလွန်တုပ်ကွေးရောဂါဟာ ဇွန်နဝါရီ၊ ဖေဖော်ဝါရီမှာ ဖြစ်ပွားလည်းမမရှိဘဲ မေလကုန်မှသာ စဖြစ်ပြီး ယခုနှစ်မှာတော့ ဧပြီလကနေ စတင်ဖြစ်ပေါ်ပြီး မေမှာ ဖြစ်ပွားမှုတွေ မြင့်တက်လာတယ်လို့ဒေါက်တာစံကျော့ခိုင်က သူရဲ့တွေ့ရှိချက်ကိုဆိုပါတယ်။

 

" ပြီးခဲ့တဲ့ နှစ်တွေမှာဆို သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ ၅၀ လောက်ပဲရှိတယ် ဒီအချိန်ဆို၊ ဒီနှစ်မှာပိုများလာပါတယ် " သွေးလွန်တုပ်ကွေးရောဂါအပြင် ငှက်ဖျားရောဂါတွေ မဖြစ်ပွားရအောင်လည်း ဆေးစိမ်ခြင်ထောင်တွေ တစ်အိမ်ကို နှစ်လုံးကျပေးတယ်လို့လို့လည်း ကာကွယ်ရေး လုပ်ဆောင်ချက်တွေကို ဆိုပါတယ်။

 

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတဲ့နေရာကို တွေ့ရှိသတင်းရတာနဲ့ အမြန်ဆုံးသွားရောက်ကုသကြပြီး ပညာပေးလုပ်ငန်းတွေပါ ဆောင်ရွက်ကြတယ်လို့လည်းဆိုပါတယ်။ ရောဂါဖြစ်ပွားသူဟာ အသက် ၁၅ နှစ်အောက် ကလေးသူငယ်တွေများပြီး ကျောင်းဖွင့်တဲ့ရာသီမှာ ကလေးတွေကို ဖြစ်ပွားဖို့မရှိအောင် ကြိုတင်ကာကွယ်သွားဖို့စီစဉ်ထားတယ်လို့လည်း ရခိုင်ပြည်နယ် ပညာရေးညွန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းကဆိုပါတယ်။

 

" ကျန်းမာရေးဌာနနဲ့ရခိုင်ဒေသမှာရှိတဲ့ ဘယ်ကျောင်းတွေမှာမဆို သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးအနေနဲ့ကာကွယ်ဆေးဖြန်းသွားမှာပါ။ ကျန်းမာရေးဌာနနဲ့လည်း ညှိနှိုင်းပြီးပါပြီ "

 

ဒီလို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေကြပေမယ့် သွေးလွန်တုပ်ကွေးရောဂါဟာ ဖြစ်ပွားမှုမြင့်မားလာသလို အခက်အခဲတွေလည်း ရှိနေဆဲလို့ ရင်ဆိုင်နေရတဲ့ပြသနာတွေကို ပြောပြပါတယ်။

 

ကျန်းမာရေးဌာနက ဖြန့်ဝေပေးတဲ့ ပိုးလောက်လန်းသေဆေးကို အိမ်တွေမှာ ရေကန်တွေထဲမှာ ထည့်ပြီးထားရှိခဲ့ကြပေမယ့် တချိအိမ်ရှင်တွေကာ ဝန်ထမ်းတွေပြန်လှည့်ပြန်ပြီဆိုရင် ယူပြီးလွင့်ပစ်ကြတယ်လို့သူရင်ဆိုင်ရပုံကို ချပြပါတယ်။ " အနံ့မခံနိုင်တာနဲ့ယူပြီး လွင့်ပစ်လိုက်ကြတာတွေရှိတယ်"

 

သွေးလွန်တုပ်ကွေးရောဂါကိုမြန်မာနိုင်ငံမှာ ၁၉၆၅ ခုနှစ်က ရန်ကုန်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ရောဂါဖြစ်ပွားတဲ့အချိန်မှစပြီး ၁၉၇၀ ပြည့်နှစ်အထိ ရန်ကုန်မြို့မှာ ဖြစ်ပွားလည်း ရှိခဲ့သော်လည်း ၁၉၇၄ ခုနှစ်မှာ ရန်ကုန်အပါအဝင် မွန်၊ ပဲခူး၊ မန္တလေးတွင် ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။

 

၂၀၁၆ ခုနှစ် တစ်နှစ်အတွင်း ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်မှု ၅၅၆ ဦးသာရှိခဲ့ပြီး ယခုနှစ်မှာ ၆ လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၆၃၀ ဦးရှိလာပါတယ်။ သေဆုံးသူ ၁၀ ဦးရှိခဲ့ပြီး ပုဏ္ဏားကျွန်းက ၂ ဦး၊ ကျောက်တော်နဲ့ မြောက်ဦးက ၃ ဦးစီ၊ ပေါက်တောနဲ့ အမ်းက ၁ ဦးဖြစ်ပါတယ်။

 

ရောဂါဖြစ်ပွားသူတွေက စစ်တွေ ၄၄ ဦး၊ ပုဏ္ဏားကျွန်း ၃၇ ဦး၊ ကျောက်တော် ၉၆ ဦး၊ မြောက်ဦး ၄၄ ဦး၊ မင်းပြား ၁၀၉ ဦး၊ မြေပုံ ၅၄ ဦး၊ ပေါက်တော ၆၂ ဦး၊ ရသေ့တောင် ၁၁ ဦး၊ မောင်တော ၃ ဦး၊ ဘူးသီးတောင် ၁၁ ဦး၊ ကျောက်ဖြူ ၂၀ ဦး၊ ရမ်းဗြဲ ၁ ဦး၊ မာန်အောင် ၃ ဦး၊ အမ်း ၂၁ ဦး၊ သံတွဲ ၁၂ ဦး၊ တောင်ကုတ် ၈၉ ဦး၊ ဂွ ၁၃ ဦး စုစုပေါင်း လူဦးရေ ၆၃၀ အိမ်တွင်း ရေတင် ရေကျန်တွေက ဖြစ်ပေါ်လာတဲ့ သွေးလွန်တုပ်ကွေးရောဂါကို ခံစားနေကြရတာပါ။

 

 

ဒီလို အရေအတွက်တိုးမြင့်လာတဲ့ သွေးလွန်တုပ်ကွေးရောဂါကိုတော့ ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီလို့လည်း ဒေါက်တာ စံကျော့ခိုင်က ဆိုပါတယ်။

 

" ခြင်မကိုက်အောင်ပဲ အဓိကနေကြပါ၊ ဖြစ်လာတယ်ဆိုလည်း ဆေးမြီးတိုတွေနဲ့အဓိကမကုဖို့လိုပါတယ်။ ဖြစ်လာတယ်ဆိုရင် ဆေးခန်းကိုပဲ အရင်ဆုံးလားစေချင်ပါတယ်၊ အဓိကကတော့ ပြည်သူလူထုလည်း ပူးပေါင်းပါဝင်ဖို့လိုပါတယ်"

 

ရေးသားသူ - မိုးအောင်

ဗီဒီယိုများ