အမျိုးသမီးသက်ငယ် အဓမ္မပြုကျင့်မှုကို ဘယ်လိုထိန်းချုပ်သွားမှာလဲ

“ ဖြူစင်ရိုးသားပြီး ဘာမှမသိတက်သေးဘဲ လူ့လောကထဲကို ဝင်ရောက်ဖို့ကြိုးစားနေတဲ့ အပြစ်ကင်းရှင်းသူတွေကို ခုလိုရက်ရက်စက်စက် ပြုကျင့်လိုက်တာ သိပ်ရင်နာမိတယ်။ ပန်းကလေးတစ်ပွင့်ဖြစ်လာဖို့အတွက် ဖူးငုံတုန်းပဲ ရှိသေးတာကို အညှာကိုချိုးလိုက်ကြတယ်။ သိပ်ရက်စက်ဖို့ ကောင်းကြတယ်။ သိပ်မုန်းဖို့ ကောင်းကြတယ်။ ကျွန်မတို့ သမီးလေးတွေအတွက်လည်း သိပ်စိုးရိမ်တယ်။ ”

29 May 2017

(သက်ငယ်မုဒိန်းမှုပပျောက်ရေး စစ်တွေမြို့မှာ ဆန္ဒဖော်ထုတ်မှုမြင်ကွင်း။ ဓါတ်ပုံ - ဖဒူ ထွန်းအောင်/DMG)

မေလ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။    ။  “ ဖြူစင်ရိုးသားပြီး ဘာမှမသိတက်သေးဘဲ လူ့လောကထဲကို ဝင်ရောက်ဖို့ကြိုးစားနေတဲ့ အပြစ်ကင်းရှင်းသူတွေကို ခုလိုရက်ရက်စက်စက် ပြုကျင့်လိုက်တာ သိပ်ရင်နာမိတယ်။ ပန်းကလေးတစ်ပွင့်ဖြစ်လာဖို့အတွက် ဖူးငုံတုန်းပဲ ရှိသေးတာကို အညှာကိုချိုးလိုက်ကြတယ်။ သိပ်ရက်စက်ဖို့ ကောင်းကြတယ်။ သိပ်မုန်းဖို့ ကောင်းကြတယ်။ ကျွန်မတို့ သမီးလေးတွေအတွက်လည်း သိပ်စိုးရိမ်တယ်။ ”

အမျိုးသမီးသက်ငယ် အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်တွေမြို့မှာရှိတဲ့ လူမှုအဖွဲ့အစည်း (၁၄)ဖွဲ့ပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုနေတာကို လမ်းမပေါ်က ထွက်ကြည့်ရင်းဖြင့် မိန်းကလေးငယ်တစ်ဦးကို ခါးမှာချီပိုးထားတဲ့ အမျိုးသမီးတစ်ဦးက မကျေနပ်ဟန်ဖြင့် ခံပြင်းစွာပြောလိုက်ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ သက်ငယ်အဓမ္မပြုကျင့်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက်တစ်လ ပုံစံအမျိုးမျိုး၊ အသွင်သွင်အမျိုးနဲ့ ဖြစ်ပျက်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ယခင်က သက်ငယ်အမျိုးသမီး ငယ်တွေကို အဓမ္မပြုကျင့်မှုတွေဟာ သိပ်မရှိခဲ့ပါဘူး။ ဒီတစ်နှစ်၊ နှစ်နှစ်အတောအတွင်းမှာပဲ များပြားခဲ့တာဖြစ်တယ်လို့ ဒီလိုဖြစ်ရပ်တွေမှာ အမျိးသမီးငယ်တွေဘက်က လိုက်ပါဆောင်ရွက်ပေးနေ သူတွေက ဆိုပါတယ်။

အခုလို အဓမ္မပြုကျင့်မှုတွေ များပြားလာနေတာဟာ မြန်မာနိုင်ငံရဲ့ ဥပဒေပြဌာန်းချက် အားနည်းမှုတစ်ရပ်ကြောင့် ဖြစ်တယ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး သုံးစွဲနေတဲ့ ဥပဒေပုဒ်မ ၃၇၆ သာရှိပြီး အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး သီးသန့်ဥပဒေပြဌာန်းထားတာ မရှိသေးပါဘူး။ ဒီဥပဒေပုဒ်မနဲ့ တရားစွဲဆိုရင်လည်း အလွန်ဆုံးထောင်ဒဏ် ၇ နှစ်မှ ၁၀ နှစ်ထိသာချမှတ်လေ့ ရှိပြီးတော့ တစ်သက်တစ်ကျွန်းအထိ ချမှတ်လို့ရပါတယ်။ ဒါပေမယ့် ဒဏ်ငွေနဲ့ အမှုပြီးနိုင်တယ်လို့လည်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်မို့ ထောင်ကလွတ်လာတဲ့သူတွေဟာ အဓမ္မပြုကျင့်မှုတွေထပ်ကာတလဲလဲ ပြုလုပ်လာတာ ရှိတယ်လို့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကပြောပါတယ်။

“ကျမတို့ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အသက် ငါးနှစ်အောက် ကလေးတွေ တော်တော်များများဟာ ပစ်မှတ်ထားခံနေရတယ်။ အဓမ္မပြုကျင့်မှု ခံနေရတာကို တွေ့နေရပါတယ်။ အဲဒါတွေကတော့ ကျမတို့ မိခင်လောင်း၊ ဖခင်လောင်းတွေအနေနဲ့ကတော့ သိပ်ကို သတိထားရမဲ့အချက်တစ်ခုပါပဲ။ ကျမတို့နိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေပုဒ်မဟာလည်း ထိရောက်မှုနည်းပါးလာတာတွေ တွေ့ရပါတယ်။ ဒါတွေကို တဆင့်တိုးမြှင့်ပြီး နောက်ထပ် ဥပဒေသစ်တစ်ခု ရေးဆွဲပေးဖို့ လိုအပ်ပါတယ်။ အဓမ္မပြုကျင့်လို့ ထောင်ကျရင်လည်း ၇ နှစ်ဆိုတာအများဆုံးဖြစ်နေတယ်။ နိုင်ငံတော်ပုဒ်မတစ်စုံတစ်ခုကြောင့် ထောင်ကလွတ်လာပြီ ဆိုလို့ရှိရင် အဲဒီအုပ်စုတွေက အစုလိုက်လွှတ်လာကြတယ်။ သူတို့တွေဟာ လူတွေကြားထဲမှာ ထဲထဲဝင်ဝင်လှုပ်ရှားလာကြတယ်။ ဒါမျိုးတွေ တကယ်ဖြစ်ပျက်ရှိခဲ့ဖူးတဲ့ သူတွေဟာ နောင်တစ်ကြိမ်မှာလည်း ဒါမျိုးတွေ မပြုလုပ်လာနိုင်ဘူးလို့ အာမခံချက်မပေးနိုင်ဘူး။ ”

ရခိုင်ပြည်နယ်မှာ သက်ငယ်အဓမ္မပြုကျင့်ခဲ့တဲ့သူတွေ ထိရောက်တဲ့ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ထောင်ဒဏ် နှစ်(၂၀)အထိ ချမှတ်လာတွေကို တွေ့မြင်လာရပါတယ်။ ပြီးခဲ့နှစ် ပေါက်တောမြို့နယ်က သက်ငယ် အဓမ္မပြုကျင့်မှုတွေအနက် (၂) မှုကို ထောင်ဒဏ်အနှစ်(၂၀) ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သမီးကို အဖေက အဓမ္မပြုကျင့်မှု၊ မြေးကို အဘိုးက အဓမ္မပြုကျင့်မှုဆိုတာ တကယ့်ရှားပါးပြီး မကြားခဲ့ဖူးတဲ့ ဖြစ်ရပ်ဆန်းတွေဖြစ်ခဲ့ပေမယ့် ယခုလတ်တလော ခေတ်ရေစီးကြောင်းမှာတော့ ဒါတွေဟာ မကြာ ခဏဆိုသလိုကြားနေရပါတယ်။

“သက်ငယ်အဓမ္မပြုကျင့်နှုန်း မြင့်တက်နေတာဟာ ဥပဒေကြောင်းအရ တင်းတင်းမာမာ မရှိလို့ ခုလိုသူတို့ကို လမ်းဖွင့်ပေးနေသလို ဖြစ်နေတာပါ။ ပုဒ်မ ၃၇၆ ကလည်း သေဒဏ်ပေးပိုင်ခွင့် ရှိတယ်ဆိုပေမယ့် တရားရေးအရာရှိက သေဒဏ်ချမှတ်ဆိုလည်းရတယ်။ မချမှတ်နိုင်လို့ ဆိုလည်းရတယ်။ အန်ကယ်တို့ လိုချင်တာက ဒီသက်ငယ် အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေအရသေဒဏ်ပေးဖို့ လိုအပ်လာပါတယ်။ ဒီလို ဆောင်ရွက်မှလည်း ထိထိရောက်ရောက်ဖြစ် လာနိုင်တယ်” အဲဒီဆန္ဒပြ တောင်းဆိုပွဲပါဝင်ခဲ့တဲ့ People For People မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးပြည်သိမ်းကလည်း ခုလိုပြောဆိုလိုက်ပါတယ်။

သက်ငယ်အမျိုးသမီး အဓမ္မပြုကျင့်ခံရမှုဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပြောရရင် ၂၀၁၅ ခုနှစ်က ၂၃၀ ကျော်ရှိခဲ့ပြီး၊ ၂၀၁၆ ခုနှစ် ဆယ်လအတွင်းတွင် ၃၈၀ မှုရှိသွားပြီဖြစ်တယ်လို့ 7 days ဂျာနယ် အတွဲ (၁၅)၊ အမှတ်(၃၆)ရဲ့ဆောင်းပါး တစ်ပုဒ်မှာဖော်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအရ ၂၀၁၆ ခုနှစ်တွင် သက်ငယ်အဓမ္မပြုကျင့်မှု ၂၄ မှုအထိ ရှိခဲ့ကာ ပေါက်တော၊ တောင်ကုတ်မြို့နယ်တို့တွင် ၄ မှုစီ၊စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ၃ မှုစီ၊ကျောက်ဖြူ၊ သံတွဲဂွမြို့နယ်တို့တွင် ၂ မှုစီ၊ ရသေ့တောင်၊ မြေပုံ၊ ကျောက်တော်နဲ့ အမ်းမြို့နယ်တို့တွင် ၁ မှုစီ ဖြစ်ပွားခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“သက်ငယ်အဓမ္မပြုကျင့်မှု ဖြစ်ပွားတာဟာ နေ့အချိန်မှာဖြစ်တာထက် ညအချိန်မှာ ဖြစ်တာပိုများပါတယ် ” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးစိန်လွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သက်ငယ်အဓမ္မပြုကျင့်မှု အဓိကအဖြစ်အများဆုံးမြို့နယ်ဟာ စစ်တွေ၊ ပေါက်တော စတဲ့ မြို့တွေဖြစ်တယ်လို့ သက်ငယ်အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး လိုက်ပါကူညီဆောင်ရွက်ပေး နေသူများက ဆိုပါတယ်။ အသက်ငယ်ရွယ်ပြီး နုပျိုသစ်လွင်နေတဲ့ အမျိုးသမီးငယ်တွေဟာ အမျိုးသားတွေရဲ့ အဓမ္မပြုကျင့်ဖို့အတွက် ပစ်မှတ်တစ်ခုလိုဖြစ်နေပြီလို့ ပြောဆိုကြပါတယ်။ အမျိုးသမီးငယ်တွေဟာ သူနဲ့ရင်းနှီးသူဆိုတဲ့ ဦးလေးက မုန့်ကျွေးမယ်ဆိုပြီး ခေါ်ယူသွားတာမျိုးတွေ၊ သိပ်ရင်းနှီးနေတဲ့ သူတွေက အိမ်ကလာပြီး လူကြီးတွေ မရှိခိုက်တွေမှာ အဲဒီလူတွေက စိတ်ပြောင်းလဲပြီး ပြုကျင့်တာမျိုးတွေရှိပါတယ်။

“ခုဖြစ်နေတဲ့ ကိစ္စတွေမှာ မိဖတွေက မရှိဆင်းရဲလို့ လုပ်စားနေတဲ့အခါ ကလေးသူငယ်တွေဟာ ဖြစ်သလိုနေ၊ဖြစ်သလိုစား နေတတ်ပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင်ရဲ့ ယုံကြည်မှုတွေနဲ့ပေါ့။ ဥပမာ အဖေနဲ့ ရင်းနှီးတဲ့သူတွေဒီလိုမျိုးတွေပဲ။ အဲဒီလိုမျိုးမှာပဲ မိန်းကလေးငယ်တွေဟာ အဓမ္မပြုကျင့်မှုတွေကို ခံနေရတယ်။ ဒါကြောင့် မိဖတွေနဲ့ ရင်းနှီးပေမယ့် ကလေးငယ်တွေကို လက်လွှတ်မထားသင့်ပါဘူး။ မိဖတွေဘက်ကလည်း တာဝန်ရှိပါတယ်။ ပြစ်မှုပြစ်ဒဏ်ပေးတာ တွေမှာလည်း ထိရောက်တယ်ပြစ်ဒဏ်တွေပေးရမယ်။ သတ်ပစ်ရမှာလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ ထိရောက်တဲ့ ပြစ်ဒဏ်တစ်ခုပေါ့။ ဒါတွေကို ဥပဒေပြုလွှတ်တော်တွေက အတည်ပြုပေးရမယ်” လို့ ပေါက်တောမြို့မ ရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ဆိုပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဓမ္မပြုကျင့်မှုကို ခံလိုက်ရတဲ့အမျိုးသမီးငယ်တွေဟာ အသက်ရှင်သန်ခဲ့ပေမယ့် သူတို့ရဲ့ဘဝတွေဟာ မျှော်လင့်ချက်ကင်းမဲ့သလို ဖြစ်နေပါတယ်။ အဲဒီလိုအမျိုးသမီးငယ်တွေဟာ အသက်ကြီး လာရင်လည်း လူတွေကခွဲခြား ဆက်ဆံတာမျိုးတွေ ကြုံတွေ့လာရပါတယ်။ သူတို့တွေဟာ အရာရာမှာ အရှုံးနဲ့ရင်ဆိုင်ရသလိုမျိုးပဲ ခံစားတတ်လာပါတယ်။

ဒီလို ဖြစ်စဉ်မျိုးတွေ မဖြစ်ဖို့အတွက် မိခင်တွေအနေနဲ့လည်း သူတို့ရဲ့အမျိုးသမီးကလေးတွေကို ဂရုစိုက်ဖို့သိပ်လိုအပ်ပါတယ်။ အိမ်မှာ သမီးငယ်တွေကို တစ်ယောက်တည်း မထားဖို့၊ အဝေးတွေကို မလွှတ်ဖို့ အရေးကြီးလှပါတယ်။ လုံခြုံရေးဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တွေကလည်း ဒီလိုဖြစ်စဉ်တွေကို အလေးအနက်ထားပြီးတော့ လေ့လာမှုတွေပြုလို့ အခင်းမဖြစ်ပွားအောင် လုပ်ဆောင် သင့်ပါတယ်။ ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်ကလည်း တရားခံကို ဖမ်းမိဖို့သိပ်အရေးကြီးလှပါတယ်။ တရားခံဟာ ထွက်ပြေးလွတ်မြောက်နေဆဲဆိုရင် သူပြုကျင့်ခဲ့တဲ့အတိုင်း လူတွေအထဲမှာ ပြန်လည် လှုပ်ရှားလာပြီးတော့ ပြုကျင့်တတ်လို့ သက်ငယ်အဓမ္မပြုကျင့်မှုတွေမှာ လိုက်ပါကူညီဆောင်ရွက် ပေးနေသူတွေက ပြောပါတယ်။

“အဓိကတော့ အခုလို အဓမ္မပြုကျင့်တာဟာ အသိဉာဏ်အားနည်းလို့ ပြုကျင့်တာ။ ပညာမတတ်၊ စာမတတ်တာလည်း ပါတယ်” လို့ ပေါက်တောမြို့မရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ပြောဆိုပါတယ်။

ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ သက်ငယ်အဓမ္မပြုကျင့်မှုအတွက် ဥပဒေတစ်ခုပြဌာန်းပေးဖို့၊ အမြင့်ဆုံးအနေနဲ့ သဒဏ်အထိပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီအဆိုဟာ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ပြည်သူတစ်ရပ်လုံးကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဇွဲတွေ မလျှော့ကြသေးပါဘူး။ သက်ငယ် အဓမ္မပြုကျင့်မှုကို သေဒဏ်ပေးရေး လွှတ်တော်မှ ပြဌာန်းပေးရန်ဆိုပြီးတော့ လမ်းမပေါ်ထွက်လို့ ဆန္ဒပြတောင်းဆိုနေကြဆဲပါ။

“အဓမ္မပြုကျင့်မှုကို နိုင်ငံအနေနဲ့ သေသေချာချာ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရ တော့မှာပေါ့နော်။ ဒါကို လွှတ်တော်ထဲမှာလည်း ဥပဒေကြောင်းအရ တင်ပြရတော့မယ်။ ကျမတို့ မြန်မာနိုင်ငံရဲ့ တကယ့်ကို ဥပဒေရေးဆွဲတဲ့အခါမှာ အဓိကအထင်ကရအနေနဲ့ သေဒဏ်အထိ ချမှတ်ဖို့သင့်ပြီ” လို့ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးကပြောပါတယ်။

မွေးကတည်းက အဖြူရောင်သန့်သန့်ဖြင့် နေလာခဲ့တာတွေကို လူမဆန်တဲ့သူတွေဟာ ရက်စက်စွာနဲ့ အမည်းရောင်တွေဆိုးလိုက်ကြပါတယ်။ ကံမကောင်းတဲ့သူတွေဟာ အဲဒီမှာတင် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ အသက်ရှင်ကျန်လိုက်သူတွေဟာလည်း အဲဒီဖြစ်ရပ်ဆိုးတွေကို အိပ်မက်မက်ရင်းဖြင့် တွေးကြောက်စိုးရိမ်မှုဖြင့် ခန္ဓာကိုယ်နွမ်းလျဖြင့် အသက်ရှင်သန်ခွင့် ရခဲ့ကြပါတယ်။

ယခုနှစ်အတွင်းမှာလည်း ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ ပေါက်တောမြို့နယ်၊ ပြင်မကျေးရွာမှ အသက် (၉) အရွယ် မိန်းကလေးတစ်ဦးဟာ အသက် (၂၀)နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ အတင်းအဓမ္မပြုကျင့်မှုကို ခံလိုက်ရတဲ့ ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားခဲ့ပါတယ်။

အသက်(၂၀) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အဲဒီမိန်းကလေးငယ် မိသားစုတွေနဲ့ ရင်းနှီးပြီးတော့ အိမ်ကို အလည်လာနေတတ်သူတစ်ဦးပါ။ တစ်နေ့မှာ မိန်းကလေးရဲ့ မိခင်ဈေးသွားတုန်း အသက် (၂၀)နှစ်အရွယ် အမျိုးသားက ရောက်ရှိလာပြီးတော့ မိန်းကလေးငယ်ကို အိမ်ထက်ကို တက်ဖို့ခိုင်းတယ်။ ဒါပေမယ့် ကလေးငယ်မှာ ကြောက်ရွံ့ပြီး အိမ်ပေါ်ကို မတတ်ဘဲနေတာကို အတင်းအဓမ္မပြုကျင့်ခဲ့ပါတယ်။

“ အဓမ္မပြုကျင့်မှုနေတုန်း မိန်းကလေးရဲ့ မိခင်လာတယ်ပေါ့။ အဲဒီတော့ ကလေးကို နင်ဘာလုပ်နေလဲ မေးတော့ အဲဒီလူဟာ ပုဆိုးကိုကိုင်ပြီးထွက်ပြေးသွားတယ်”လို့ မိန်းကလေးရဲ့ မိခင်ထွက်ဆိုချက် ကိုတွေ ပေါက်တောမြို့မ ရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ပြန်ပြောပြတယ်။

သက်ငယ်အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့ မိန်းကလေးငယ်တိုင်းလိုလိုဟာ အရှက်အကြောက်ရ တတ်ခဲ့ကာပြီး ဒီလိုမျိုးမဖြစ်ရအောင်အတွက် မိသားစုအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးအစည်းအရုံးတွေက အားပေးမှုတွေ ပြုလုပ်ဖို့လိုအပ်သလို အမျိုးသား၊ အမျိုးသမီးတွေကို သက်ငယ်အဓမ္မပြုကျင့်မှုတွေ မဖြစ်ပွားရအောင်အတွက်လည်း အသိပညာပေးလုပ်ငန်းတွေ လုပ်ဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ရခိုင်ပြည်နယ် တာဝန်ခံ ဦးမြတ်ထွန်းက ပြောပါတယ်။

“ ဒီလို အသိပညာလုပ်ငန်တွေ လုပ်ဆောင်ရင်လည်း အမျိုးသားတွေအပေါ် နာကြင်မှု၊ အထင်အမြင်လွဲမှားမှု မဖြစ်အောင်လည်း ဂရုစိုက်ဖို့လိုပါတယ်။ ”

 

ဖဒူ ထွန်းအောင်

၂၉၊ ၅၊ ၂၀၁၇

ဗီဒီယိုများ