အသက်နဲ့ လွယ်ပြီး ပညာရှာနေရတဲ့ ရခိုင်ဒေသ

ပြုံးပြနေတဲ့ သားဖြစ်သူရဲ့ ဓါတ်ပုံကိုကိုင်ပြရင်း ဒေါ်အေးသောင်းစင်ဟာ သူ့ကိုယ်သူအပြစ်တင်စကားဆိုပါတယ်။

 “ အဲဒီနေ့က အန်တီသားကို ကျောင်းသွားခိုင်းတာ၊ ကလေးက မသွားလိုဘူး ၊ ဒါပေမယ့် ကျောင်းမှာထိုင်ခုံနေရာ ကောင်းရအောင် ဆိုပြီး တမင် အစောဆုံးသွားခိုင်းတာ ” တစ်နှစ်ကိုတစ်တန်းနူန်းနဲ့ ပုံမှန်အောင်မြင်လာတဲ့ သူ့သားဟာ ကိုးတန်းတက်ရမယ့်နှစ်မှာပဲ ဆုံးသွားတာဖြစ်ပါတယ်။

05 Jun 2017

(ရသေ့တောင်မြို့နယ် သစ်ကတိုးကျေးရွာရှိ အခြေခံအလယ်တန်းကျောင်းခွဲသို့ လာရောက်တက်ကြသော နယ်ကျေးရွာများမှ ကျောင်းသူ၊ ကျောင်းသားများအား တွေ့ရစဉ်။ ဓါတ်ပုံ - ခိုင်စံရွှေ)

ဇွန်လ ၅ ရက်၊ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည် (DMG) ။    ။   ပြုံးပြနေတဲ့ သားဖြစ်သူရဲ့ ဓါတ်ပုံကိုကိုင်ပြရင်း ဒေါ်အေးသောင်းစင်ဟာ သူ့ကိုယ်သူအပြစ်တင်စကားဆိုပါတယ်။

 “ အဲဒီနေ့က အန်တီသားကို ကျောင်းသွားခိုင်းတာ၊ ကလေးက မသွားလိုဘူး ၊ ဒါပေမယ့် ကျောင်းမှာထိုင်ခုံနေရာ ကောင်းရအောင် ဆိုပြီး တမင် အစောဆုံးသွားခိုင်းတာ ” တစ်နှစ်ကိုတစ်တန်းနူန်းနဲ့ ပုံမှန်အောင်မြင်လာတဲ့ သူ့သားဟာ ကိုးတန်းတက်ရမယ့်နှစ်မှာပဲ ဆုံးသွားတာဖြစ်ပါတယ်။

သူ့သားနဲ့အတူ နောက်ထပ် ကလေးငယ်ခြောက်ဦးလည်း သေဆုံးခဲ့ရတာပါ။ ပိုးရွီပြင်ကျောင်းကို သွားတက်ရတာဟာ ချောင်းကူးပြီး သွားရတာကြောင့်သား ကျောင်းသွားပြီဆိုရင် အမြဲတမ်းစိုးရိမ်ခဲ့ရတယ်လို့ သူရဲ့ ပူပန်စိတ်ကိုဆိုပါတယ်။

စိုးရိမ်ပူပန်နေတဲ့ အတိုင်းသူ မဖြစ်လိုတဲ့ နေ့ရက်မျိုးဟာသားဖြစ်သူ ရီဝေလင်းပထမဆုံး ကျောင်းတက်တဲ့နေ့မှာ ဖြစ်လာခဲ့ပါတယ်။ သားဖြစ်သူ ရီဝေလင်းဟာ ကျောင်းကိုကျောင်းစဖွင့်တဲ့နေ့က မသွားလိုခဲ့ဘူးလို့ ဒေါ်အေးသောင်းစင်က ရှင်းပြပါတယ်။

သားဖြစ်သူဟာ နံနက်စာကိုလည်း ကောင်းကောင်းမစားခဲ့သလို ညနေစာ ပြင်ဆင်ထား ပေမယ့် ညနေ မရောက်ရှိတော့ဘဲ ဒေါ်အေးသောင်းစင်ဘဝထဲက အပြီးအပိုင်ထွက်ခွာသွားခဲ့တယ်လို့ ၂၀၁၆၊ ဇွန်တစ်ရက်က အဖြစ်ပျက်ကို ပြန်ပြောင်းပြောပြပါတယ်။

ကျောင်းဖွင့်ရက်ဖြစ်တဲ့ ဇူလိုင် ၁ ရက်နေ့မှာ ဒေါ်အေးသောင်းစင်ရဲ့ သားဖြစ်တဲ့ မောင်ဝေရီလင်း အပါအဝင် ကလေးငယ် ဦးရေ ၃၅ ယောက် ဟာ နံနက်ကျောင်းတစ်ပိုင်းလွှတ်ချိန်မှာ သူတို့ကျောင်းတက်ရာ ပိုးရွီပြင်ရှေ့မှာက ရွာဖြစ်တဲ့ ဂန့်ဂေါကို ပြန်ခဲ့ပါတယ်။

သူတို့ကို ပြေးဆွဲတဲ့ လှေဟာ ပုံမှန်အတိုင်းဆို ဂန့်ဂေါရွာကို သွားရပေမယ့် ချောင်းရဲ့ အထက်ပိုင်းဖြစ်တဲ့ ရက်ချောင်းဘက်ကို အရင်ဆုံး ကလေးငယ်တွေကို ပို့ဆောင်ရန် သွားခဲ့ပါတယ်။ လှေပေါ်မှာ ပုံမှတ်သတ်မှတ်ထားတဲ့ လူဦးရေထက်ကျော်လွှန်ခဲ့တဲ့အတွက် နှစ်မြုပ်ရတာပဲဖြစ်ပါတယ်။

ဒီလိုဖြစ်ပျက်ခဲ့တာဟာ ကျောင်းကိုသွားရမယ့် ချောင်းကိုကူးပေးတဲ့ ကူးတို့သည်ကြောင်း ဖြစ်တယ်လို့လည်း သူက ခံယူပါတယ်။

“သားလေးကို ကူးတို့သည်က သတ်လိုက်တာ၊ ပိုက်ဆံမရှိလို့ ကျောင်းကိုသွားအောင်ဆိုပြီ သူများဆီလည်း ငွေချေးပေးလိုက်သေးတယ် ”

၂၀၁၆ ခုနစ်အတွင်းက ဆိုရင် ရခိုင်ဒေသမှာ ချောင်းမြစ်ကူးပြီး ကျောင်းသွားတက်ရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုဟာ ၂ မှုဖြစ်ခဲ့ပါတယ်။ ပိုးရွီပြင်ဖြစ်စဉ်အပြီး သုံးလအကြာ သြဂတ် ၁၉ ရက်မှာ ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုကမ်းဒေသရန်အောင်ပြင် အထကသို့ ကျောင်းသွားတဲ့ကျောင်းသူ/သားတွေကို လိုက်ပို့တဲ့ မြစ်ဖြတ်ကူးတို့လှေမှာ ခတောက်ချောင်းအားကူးနေစဉ် နစ်မြုပ်သွားပြီ သေဆုံးခဲ့ကြတာပါ။

ဒီလို ကျောင်းကိုသွားရောက်ပြီး ချောင်းကူးမြစ်ကူး ပညာသင်ကြားတဲ့ကလေးငယ်အတွက် စိုးရိမ်ပူပန်မှုဟာ ကျေးလက်နေ ကျောင်းသား မိဘတိုင်းမှာတည်ရှိနေပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံရွာကနေ ကျထိုးကိုချောင်းကူးပြီး ပညာသွားသင်နေရတဲ့ ကလေးငယ်တစ်ဦး ရဲ့ မိခင်ဖြစ်သူ ကျော့စိန်လှကလည်း မိုးများတဲ့နေ့တွေမှာဆို သူ့သမီးကို ကျောင်းမသွားခိုင်းတော့ဘူးလို့ ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးပုစ္ဆာ ဒီလိုချောင်းကူးမြစ်ကူးသွားရောက်ပြီး အသက်အန္တရယ်နဲ့နီးနေတဲ့ ပညာသင်ကြားမှုဟာ ကျောင်းသူကျောင်းသားတွေအပေါ် ပညာကို ဆုံးခန်းတိုင်အောင် သင်ယူဖို့ခက်ခဲစေတယ်လို့ မြန်မာပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ လေ့လာထုတ်ဝေတဲ့ အစီရင်ခံစာတစ်စောင်က ထောက်ပြ ထားပါတယ်။

အဆိုပါ အစီရင်ခံစာဟာ ၂၀၀၈ က သြစတြေးလျ အမျိုးသားတက္ကသိုလ်က ထုတ်ဝေတဲ့ Dictatorship, Disorder and Decline in Myanmar  စာအုပ်က မြန်မာနိုင်ငံမှာ လူဦးရေ ၇၀ ရာခိုင်နူန်းဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့အတွက် ကျောင်းဖွင့်ချိန် မိုးရာသီတွေမှာစိုက်ပျိုးရာသီစတင်တာနဲ့ မိုးရေ၊ သဘာဝ ဘေးအန္တရယ်တွေကြောင်း အခြေနေအမျိုးမျိုးကြောင့် မှုလတန်းပညာရေးစနစ်ကို တောင် ပြီးဆုံးအောင် မတက်ဖြစ်ကြဘူးလို့ ဖော်ပြထားပါတယ်။

ရခိုင်ဒေသဟာ ကမ်းရိုးတန်းကို အခြေခံထားတဲ့ ပထဝီ နယ်မြေ တစ်ခုဖြစ်ပြီး ချောင်းတွေ၊မြစ်တွေ ပေါများသလို ကျေးလက်မှာ ရှိတဲ့ ကလေးငယ်အများစုက စက်လှေတွေစီးပြီး၊ ချောင်းကူး မြစ်ကူးပညာသင်ကြားနေရတာပါ။ ပညာသင်ယူရန် ခက်ခဲနေတဲ့ ကလေးငယ်တွေရဲ့ အခြေအနေကို ရခိုင်ပြည်နယ်ဟာ ကလေးသူငယ်တွေ အတွက် အန္တရယ်အရှိဆုံး နေရာတစ်ခုအဖြစ်တယ်လို့် UNICEF ၂၀၁၆ နိုဝင်ဘာလက ကိုးရက်နေ့က ထုတ်ပြန် ခဲ့တယ်။

ထိလွယ်ရှိလွယ် ဒေသမတည်ငြိမ်မှုတွေနဲ့ ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု တန်းတူညီမျှမှုမရှိတာဟာ ဒေသတွင်း ကလေးသူငယ်တွေရဲ့ ပညာသင်ကြားရေးနဲ့ အနာဂါတ်ဘဝတွေကို ထိခိုက်လာပါတယ်။ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဥပဒေစိုးမိုးမှု မရှိတဲ့ အခြေတွေကြောင်း NLD အစိုးရသစ်လက်ထက်အတွင်းမှာ ချောင်းကူးမြစ်ကူး သင်ကြားနေတဲ့ ကလေးငယ်တွေထဲက ကလေးငယ် တစ်ချို့ဟာ သေဆုံးခဲ့ရပါပြီ။ ပထမ ဥိးဆုံးသေဆုံးမှုဖြစ်စဉ်ဟာ အစိုးရသစ်တက်စဉ်ကာလက ဖြစ်ရှိခဲ့တာဖြစ်ပြီး နောက်ထပ် မကြာသေးမည်ကလည်း ကုန်းတန်းရွာအနီးမှာ အလားတူ ဖြစ်စဉ်မျိုး ပေါ်ပေါက်ပြီး ကလေးငယ်တွေ သေဆုံးခဲ့ရတာပါ။

ဖြစ်စဉ် ၂ ခုစလုံးကိုကြည့်ရင် ခံနိုင်ဝန်ထက်ပိုတဲ့ လှေငယ်တွေစီးပြီး ပညာသင်ယူရခြင်း၊ အရေးပေါ် အသက်ကယ် င်္အကျီတွေဝတ်ဆင်ပေးဖို့ ကြိုတင်စိစဉ်မှု မရှိခဲ့တဲ့ အခြေနေတွေပဲဖြစ်ပါတယ်။ ဖြစ်ရပ် ၂ ခုဟာ လပိုင်းအနည်းငယ်သာ ကွာခြားပြီး ဖြစ်ခဲ့ပေမယ့် ပထမ ဖြစ်စဉ်ကတည်းက ပြည်နယ်အစိုးရအနေနဲ့ ကုတိုးစက်လှေတွေအပေါ် စည်းကမ်းပိုင်းဆိုရင်ရာ တင်းကြပ်မှုတွေဖြစ်ပေါ်ခဲ့ရင် ကလေးငယ်တွေရဲ့ အသက်တွေဟာ စိုးရိမ်စရာမရှိပါဘူး။

ဒါဟာ ပြည်နယ်အစိုးရအနေနဲ့ ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ အပုဒ်(၃) မှာပါရှိတဲ့ “ အရွယ်ရောက်ပြီးသူတိုင်း ကလေးသူငယ်များအတွက် အကောင်းဆုံးဖြစ်အောင် အမြဲတစေလုပ်ဆောင်ပေးသင့်သည် “ ဆိုပြီးဖော်ပြပါရှိပါတဲ့အချက်ကို ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အပိုဒ် ၃ အပေါ်ပြီးပြည့်စုံအောင် လွှမ်းခြုံမှုပေးနိုင်ပြီးလားဆိုတာ သုံးသပ်သင့်ပါတယ်။ ဖော်ပြခဲ့တာတွေဟာ ကလေးငယ် တွေရဲ့ ပညာသင်ကြားခွင့် ခက်ခဲနေတဲ့ အခြေနေတစ်ခုတည်းကိုပဲ ထောက်ပြခြင်းဖြစ်ပါတယ်။

သဘာဝဘေးအန္တရယ်ခြိမ်းခြောက်မှု ရာသီဥတုဘေးကြောင့် ကျောင်းဖွင့်တဲ့ ရာသီမှာ ကျောင်းတွေပိတ်ထားရတဲ့ အခြေနေဟာလည်း ရခိုင်ဒေသမှာ နှစ်စဉ်ကြုံတွေ့နေရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပေါ်ခဲ့တဲ့ မိုရာမုန်းတိုင်းကြောင့်ဆိုရင်လည်း ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေထိခိုက်ပျက်စီးမှုတွေကို ကြုံတွေ့ခဲ့ရပြီး ကျောင်းဖွင့်လှစ်ဖို့ အခြေနေတွေ မရောက်ရှိသေးတာကို တွေ့မြင်နေရပါတယ်။

မုန်တိုင်းဒဏ်ကြောင်း ကျောင်းအချို့ကို ပြန်လှည်မဖွင့်လှစ်နိုင်ပေမယ့် ကျောင်းသားတွေ ကျောင်းတက်ဖို့ လွယ်ကူရန်လုပ်ပေးထားတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး စီမံဌာန ဒုတိယညွန်ကြားရေးမှုးချုပ် ဥိးစိန်ထွန်းလှက ဆိုပါတယ်။

“ ရသေ့တောင် ရန်အောင်ပြင်ကျောင်းပျက်စီးသွားပါတယ်၊ ကျောင်းဖွင့်ရမယ်ဆိုတော့ ဘုန်းကြီးကျော်းတို့၊ ထွေအုပ်ရုံးတို့မှာ သင်ပေးနိုင်အောင်လုပ်ပေးထားပါတယ်” မုန်တိုင်းဒဏ်ကြောင့် ကျောင်းဆောင်ပေါင်း ၈၆၆ ဆောင်ပျက်စီးပြီး တန်ဖိုးအားဖြင့် ကျပ်သန်း ၁၇၂၇ သန်းခန့်ဆုံးရှုံးခဲ့ရတယ်လို့ ပြည်နယ်ပညာရေးမှုးရုံးက စာရင်းတွေအရ သိရှိရပါတယ်။

ရခိုင်ပြည်နယ်မှာ ကျောင်းဆောင်ပေါင်း ၃၂၈၀ ရှိတဲ့အထဲမှာ ကျောင်းဆောင်ပေါင်း ၈၆၆ ဆောင်ပျက်စီးတဲ့ အရေအတွက်ဟာ သုံးပုံတစ်ပုံပမဏာဖြစ်နေပါတယ်။ ပညာသင်ယူရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှု အခြေနေတို့ကြောင့် ၂၀၁၆ ဇွန် ၁ ရက် ကျောင်းဖွင့် ချိန်မှာ သမီးငယ်ကို ဆုံးရှုံးခဲ့ရတဲ့ ဦးထွန်းလှိုင်က ကျန်တဲ့ကလေးငယ်တွေကို သူသမီးလေးလို ပညာသင်ကြားဖို့ အဖြစ်ဆိုးတွေ မကြုံတွေရင် ကျေနပ်ပါတယ်လို့ သူဆန္ဒကို ထုတ်ဖော်ပြပါတယ်။

ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ကလေးငယ်တွေကို ချောင်းကူးမြစ်ကူး ကျောင်းကို သွားရောက်တဲ့အခါ ကလေးငယ်တွေဝတ်ဆင်ဖို့ အသက်ကယ် အကျီၤတွေ၊ လူပိုမတင်ဖို့ အခြေနေတွေကို သက်ဆိုင်ရာ ထွေအုပ်၊ စည်ပင် ဌာနတို့ကို ကူညီပေးဖို့ တောင်းဆိုထားတယ်လို့လည်း တာဝန်ရှိသူတွေက ရှင်းပြပါတယ်။ ကျောဇံကျေးရွာက ကျော့စိန်လှကတော့ သူသမီးငယ် ကျောင်းတက်ရမယ့်နေ့တွေဆို မိုးကြီးရေမကြီးဖို့ သူအမြဲတမ်းဆုတောင်းနေတယ်လို့ သူရဲ့ စိုးရိမ်စိတ်ကို ပြောပါတယ်။

“ ပညာတတ်ဖြစ်အောင်စာရေးတတ်အောင်ဆိုပြီးသာ သင်နေတာပါ၊ ဒီလိုအသက်နဲ့ လွယ်ပြီး ပညာရှာနေရတဲ့ သမီးလေးတစ်ခုခုဖြစ်မှာကိုတော့ အမြဲစိုးရိမ်တယ် ”

 

ဗီဒီယိုများ