တောဖျားချောင်းမှာရွာတဲ့ ဇွန်တစ်ရက်ရဲ့ မျက်ရည်

ဒီချောင်းဟာ ပုဏ္ဏားကျွန်းမြို့မှာရှိပြီးတော့ ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းဘေးကနေ သွားရတာပါ။ ဒီချောင်းလေးရဲ့ သမိုင်းက အကောင်းတွေနဲ့ ဖုံးလွှမ်းနေဆဲကာလမှာပဲ နိုင်ငံသားကောင်း ရတနာတွေကို အဆုံးစီရင်ခဲ့ဖူးတဲ့ ချောင်းကလေးအဖြစ် သမိုင်းဝင်သွားခဲ့ပါတယ်။

01 Jun 2017

(လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တောဖျားချောင်းမှာ အသက်ပေးခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဂန့်ဂါကျေးရွာက ကျောင်းသား၊ ကျောင်းသူတွေရဲ့ အုပ်ဂူဖြစ်တွေ ဖြစ်ပါတယ်။ ဓါတ်ပုံ - သားသျှေလေး/DMG)

“ချောင်း” တောဖျားချောင်း

ဒီချောင်းဟာ လူသူအများအတွက်

အလုပ်အကျွေးပြုစုပေးတယ်

 ဒီချောင်းဟာ လူတချို့တစ်ဝက်အတွက်

ကျေးဇူးရှင် ဖြစ်ခဲ့တယ်

 ဖြစ်နေဆဲပေါ့  ….

ဒီချောင်းမှာ ငါးရှာဖားရှာ အသက်မွေးသူတွေရှိသလို

သစ်ခုတ် ဝါးခုတ်သူတွေအတွက် အထောက်အပံ့ဖြစ်နေခဲ့တယ်။

“ ဒီချောင်း” တောဖျားချောင်းပေါ့ ….

 

ဒီချောင်းဟာ ပုဏ္ဏားကျွန်းမြို့မှာရှိပြီးတော့ ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းဘေးကနေ သွားရတာပါ။ ဒီချောင်းလေးရဲ့ သမိုင်းက အကောင်းတွေနဲ့ ဖုံးလွှမ်းနေဆဲကာလမှာပဲ နိုင်ငံသားကောင်း ရတနာတွေကို အဆုံးစီရင်ခဲ့ဖူးတဲ့ ချောင်းကလေးအဖြစ် သမိုင်းဝင်သွားခဲ့ပါတယ်။

အဖြစ်အပျက်က ဆန်းကျယ်နေတာလား ရက်စက်တတ်တာလားဆိုတာ ချောင်းကလေးအသိဆုံးဖြစ်မှာပါ။ ဇွန်လတစ်ရက်နေ့ ကမ္ဘာ့ကလေးသူငယ်များနေ့၊ စာသင်နှစ်တစ်နှစ်ရဲ့ ပထမဆုံးခြေလှမ်းမှာပဲ ရခိုင်ပြည်ကြီးရဲ့ ပညာသင်ကလေးတွေရဲ့ဘဝကို ချပြဖို့ ခေါင်းလောင်းထိုးစတေးခဲ့တာလားဆိုတာ မမေးရေးစရာ ဇွန်တစ်ရက်မှာ မျက်ရည်တွေ အစီစီရွာသွန်းခဲ့ကြရပါတယ်။

ဖြစ်ပျက်ပုံကို ရခိုင်လူထုတွေအနေနဲ့ ဇွန်လတစ်ရက်နေ့လို့ ဆိုလိုက်တာနဲ့ လူတိုင်းသိနိုင်ကြမှာပါ။ ပိုရွီပြင်ဆိုတာနဲ့ လူတိုင်းသိနေကြမှာပါ။ တောဖျားချောင်းဆိုတာနဲ့ လူတိုင်းသိနေကြမှာပါ။ ဂန့်ဂါရွာဆိုတာနဲ့ လူတိုင်း မျက်ရည်ကျမိကြမှာပါ။

ပိုးရွီပြင် အထက်တန်းကျောင်းလေးမှာ ချောင်းကူးမြောင်းကူးပြီး လှေကလေးနဲ့ သွားရောက်ကျောက်းတက်ရ တာပါ။ မထင်မှတ်ပဲဖြစ်ပျက်ခဲ့တဲ့ အဖျက်အပျက်ဆိုပေမယ့် မိသားစုဝင် ကလေးမိဘတွေအတွက်တော့ ရင်နစ်စရာ ဖြစ်ရပ်ကလေးတစ်ခုပါပဲ။

“ တစ်နှစ်တစ်တန်းကျစီ အောင်လာတာ (၉)တန်းရှိပြီ။ ဆုတွေ ဂုဏ်ထူးတွေတော့မရခဲ့ဘူး။ အကျပ်အတည်းလည်းအများကြီးရှိခဲ့တယ်။ အလားအလာတွေ မိုးနဲ့လေနဲ့။ နေခင်းလည်း သွားကြည့်တယ် ညဖက်လည်းမရောက်တော့ နေမရထိုင်မရဖြစ်ရတယ်။ အရမ်းလည်း ခံစားရတယ်။ စာအုပ်ကလည်းမစုံ။ မစုံလို့ စိတ်ညစ်ပြီးကျောင်းမတက်လို။ ဒါပေမယ့် ငါက မတက်လို့မဖြစ် ခုံနေရာရဖို့လိုတယ် သွားတက်ပါ။ ဒီနေ့မတက်ရင်မဖြစ်ဘူးဆိုပြီး ပိုက်ဆံ (၅၀၀၀) သူများဆီက ချေးပေးလိုက်တယ်။ သားကလည်း မတက်ချင်ပဲ သွားတက်လိုက်ရတာ။ စာအုပ်မစုံလို့ မတက်လိုတာ။ ပိုက်ဆံ (၅၀၀၀) ထောင်ရလာပြီ ကျောင်းသွားလိုက်တော့ဆိုပြီး အတင်းလွှတ်လိုက်ရတယ်။ အဲနေ့က ထမင်းလည်း နည်းနည်းပဲစားခဲ့တယ်။ ဟင်းကလည်း တစ်ခုမှမရှိ။ နောက် ညနေကျောင်းဆင်းလာရင်စားဖို့ အားလုံး ချက်ပြုတ်ထားတာ ထမင်းစားဖို့ ရောက်မလာတော့ဘူး။ ကူးတို့သည် သတ်ပစ်လို့ ကူးတို့သည် သတ်ပစ်လို့ ပြောတာပဲ ငါကတော့” လို့ ဆိုပြီး မောင်ရီဝေလင်းရဲ့ မိခင်ကတော့ ခုချိန်ထိ ထမင်းစားဖို့ မရောက်လာခဲ့တာဟာ ကူးတို့သည်သတ်တာလို့ပဲ ခံစားနေရကြောင်းကို သားရဲ့အပူနဲ့ မပြောတတ်မဆိုတတ် ရင်ဖွင့်ခဲ့တာပါ။

စစ်လှေနစ်မြှုပ်ချိန်ကိုတော့ အားလုံးသော ရခိုင်ပြည်သူတွေအတွက် အထူးတလည်ပြောနေဖို့လိုမယ် မထင်ပါဘူး။ ၂၀၁၆ ခုနှစ် ဇွန်လ တစ်ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ဟာ ကူတို့သည်ရဲ့ပေါ့ဆမှုဖြစ်သလို အာဏာပိုင်တွေရဲ့ ကျပ်မတ်ဆောင်ရွက်မှု မရှိခဲ့ခြင်းကြောင်းဆိုတာ အားလုံးရဲ့သုံးသတ်ချက်အတိုင်းပါပဲ။ စက်လှေကသေးလွန်းတဲ့အပြင် ကလေး ၂၈ ယောက်ထိ တင်ဆောင်လိုက်တာကြောင့် မနိုင်ဝန်ထမ်းမိတဲ့ စက်လှေကို တောဖျားချောင်းက အားသာချက်ယူလိုက်ချိန်မှာတော့ ကလေး ၂၇ ဦးရဲ့ အသက်တွေ စတေးလိုက်ရပါတော့တယ်။

စက်လှေနစ်မြုတ်ချိန်မှာတော့ တောဖျားချောင်းနဲ့ တောင်စဉ်တစ်ကြောသာမက ရခိုင်ပြည်တစ်ပြည်လုံး တုန်လှုတ်မှုကို ဖြစ်စေခဲ့ပါတယ်။ “ပျောက်သောသူ ရှာရင်တွေ့ သေသောသူကြာရင်မေ့” ဆိုပေမယ့် တောဖျားချောင်းရဲ့ ရက်စက်တတ်မှုကိုတော့ ဇွန်လတစ်ရက်နေ့ရောက်တိုင်း ရင်နာနာနဲ့ လွမ်းဆွတ်နေရမှာပါ။

ရခိုင်ပြည်ကြီးရဲ့ ပညာရေးနဲ့ ပညာနို့ရည်သောက်သုံးသူတွေရဲ့ အခြေအနေကိုလည်း နားလည်သဘော ပေါက်သူတွေအတွက် ကြေကွဲမဆုံးဖြစ်ရပ်ကလေးပါ။

တောဖျားချောင်းကိုပဲ ယိုးမယ်ဖွဲ့တယ်လို့ဆိုဆို အပြစ်မြင်တယ်ပဲပြောပြော သူရဲ့ရက်စက်မှုက မိန့်ကလေး ၆ ဦးနဲ့ ယောင်္ကျားလည်း ၁ ဦးရဲ့ အသက်တွေကို တစ်ဦးအတွက်ငွေကြေး ၁၂ သိန်းနဲ့ တန်ဖိုးဖြတ်လိုက်တာလား ဆိုတာ ခံစားတတ်သူတိုင်းအတွက် ဆို့နစ်ကြည်ကွဲစရာ အဖြစ်အပျက်ကလေးပါ။ အဖြစ်အပျက်က ပြီးသွားပြီဆိုပေမယ့် ဘာတွေများ ထပ်မံဆောင်ရွက်ပေးမှာလည်း။ ဘာတွေများဆောင်ရွက်ပြီးပြီလဲ။ ဒီမျှနဲ့သာ ကျေနပ်ရတော့မှာလား။ ရခိုင်ပြည်နယ်က ကလေးတွေရဲ့ ပညာရေးးအတွက် ခေါင်းလောင်းထိုးပေးလိုက်တဲ့ ခေါင်းလောင်းသံပျောက်ဆုံးနေပြီလား။ သက်ဆိုင်ရာ အာဏာပိုင် တာဝန်ရှိသူတွေ ဘာတွေများဆောင်ရွက်ပြီးပြီးလဲ။ ဘာတွေများ လုပ်ဆောင်စရာ ကျန်နေသေးလဲဆိုတာ တာဝန်ရှိသူတွေ အသိဆုံးဖြစ်မှာပါ။

“အစ်ကိုယ့် အသက်က ၄၈ နှစ်ရှိပြီ တောဖျားချောင်းမှာ ခုလို အဖြစ်မျိုး ၂၀၁၆ ခုနှစ် ဇွန်လ တစ်ရက်နေ့လို အဖြစ်မျိုး တစ်ခါမှလည်း မမြင်ဖူး မကြုံဖူးဘူး။ တကယ့် ဝမ်းနည်း ကြည်ကွဲဖွယ်ရာ အဖြစ်မျိုးပါ။ အရမ်းလည်း ခံစားရပါတယ်။ ဝမ်းလည်း ဝမ်းနည်းတယ် ကြည်လည်းကြည်ကွဲရတယ်။ အရင်တုန်းကလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒေါက်တာချမ်းသာတို့ စည်ပင်ဝန်ကြီးတို့ သူတို့ကတော့ အတတ်နိုင်ဆုံး လုပ်ပေးမယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် လုပ်မပေးဘူး။ ခုထိလည်းလုပ်ပေးတာ မတွေရသေးဘူး။ အကိုတို့ကလည်း အစိုးရပဲ အားကိုရတာကို အစိုးရက မလုပ်ပေးတော့ အကိုတို့က ဘာတတ်နိုင်မှာလဲ။ ဘာမှလည်းမရှိတာကို” လို့ ပိုရွီပြင် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဝင်းက ရိုးရှင်းစွာနဲ့ ခံစားချက်များပြည်နက်လျှက် စိုးရိမ်မှုအပြည့်နဲ့ ပြောဆိုထားပါတယ်။

မည်သို့ပင်ဆိုပါစေ သားသမီးတွေဆုံးရှုံးလိုက်ရတဲ့ မိဘတွေအနေနဲ့ ကျောင်းသွားကျောင်းလာကလေးတွေကို မြင်တိုင်း ခဏခဏလာရောက်နှိက်စက်နေသလို သတိရခြင်းတွေဖြစ်နေကြရတာပါ။ တောဖျားချောင်းရဲ့ စက်စက်မှုကို ကိုယ်တိုင်ကြုံတွေ့လိုက်ရရုံမက သူငယ်ချင်းတွေပါဆုံးရှုံးလိုက်ရတဲ့ ဂန့်ဂါကျေးရွာက ကလေးတွေဟာ ကျောင်းဖွင့်ရာသီနဲ့ တောဖျားချောင်းကို ကြောက်ရွံ့မုန်းတီးတဲ့အခြေအနေအထိ ဖြစ်ပျက်နေကြပါတယ်။

“ သူများတွေမှာက ကျောင်းတက်ဖို့ သူငယ်ချင်းအဖော်တွေရှိသေးတယ်။ ပျော်ဖို့ကောင်းမှာပါ။ ကိုယ်တို့မှာ တစ်ယောက်မှအရှိတော့ဘူး။ နှစ်ယောက်ကျန်ခဲ့ပါတယ်။ သုံးယောက်ပါသွားတာပါ။ အငယ်လေးတည်းက ကျောင်းတက်ဖက်သူငယ်ချင်းတွေပါ” ဆိုပြီး တောဖျားချောင်းကိုကူးပြီး အဌမတန်းတက်ရမဲ့ အခြေအနေရှိနေတဲ့ ရေနစ်မြှုပ်မှုဖြစ်စဉ်က အသက်ရှင်ကျန်ရစ်ခဲ့သူ မမြတ်ဦးခင်က ကျောင်းစဖွင့်ရက်ကို မကြုံတွေ့လိုသည့် အနေအထားနဲ့ သူငယ်ချင်းများ အပေါ်စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။

သို့ပေမယ့်လည်း အခြေအနေအရ မိနစ်နှစ်ဆယ်ခန့်ရေကြောင်းခရီးကို ဆက်လက်သွားလာရမယ့်အခြေတွေ ရှိနေပါသေးတယ်။ ဂန့်ဂါရွာလေးမှာ မူလတန်းလွန်အဆင့်သာရှိပြီး ဇွန်တစ်ရက်ရဲ့အဖြစ်အပျက်ကြောင့် သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့တွေက အလယ်တန်းအဆင့်ကိုတိုးမြင့်ပေးမယ်ဆိုပေမယ့်လည်း ခုချိန်ထိတော့ အကောင်အထည်မပေါ်သေးပါဘူး။

ပိုးရီပြင်ကိုရေကြောင်းခရီးနဲ့ လာရောက်ကျောင်းတက်ရတဲ့ ဂန့်ဂါရွာကကလေးတွေနဲ့ ရဟတ်တောင်က ကလေးတွေအတွက် လုံခြုံမှုရှိနိုင်ပါ့မလားဆိုတာ စိုးရိမ်ရင်စိုးရိမ်နေရပါတယ်။

“ အခြေအနေတွေကတော့ ပြောလို့မရဘူးလည်။ ခုချိန်ထိတော့ ကြိုတင်စီစဉ်ထားတာတွေ ရှိတယ်။ ဒါပေမယ့် ပြောလို့မရဘူးလေ။ ပြဿနာဆိုတာက မဖြစ်ရင်ကောင်းတာပေါ့။ ဖြစ်ရင်လည်း မလွယ်ဘူးလေ။ နောက်ထပ် ဒီလို အဖြစ်မျိုးမဖြစ်အောင်တော့ အတတ်နိုင်ဆုံးဆောင်ရွက်နေတယ်။ ကလေးတွေကို ကျေးရွာက အုပ်ချုပ်ရေးအဖွဲ့တွေ ဆရာဆရာမတွေလိုက်ပို့တယ်။ ဆယ်ယောက်ဆံ့မယ့်လှေမှာ ငါးယောက်သာတက်စေတယ်။ အဲလိုအခြေအနေတွေပေါ့။” လို့လည်း လက်ရှိ ဆောင်ရွက်နေမှုကို ပိုးရွီပြင်အုပ်ချုပ်ရေးမှူးက ပြောဆိုရှင်းပြပါတယ်။

မည်သို့ပင်ရှိပါစေ တစ်နှစ်တာကာလဟာ မေ့တတ်သူတွေအတွက် မေ့ပျောက်လွယ်နိုင်သလို သတိရှိသူတွေအတွက် အမြဲသတိရ သတိပိုနေရမှာလည်းဖြစ်ပါတယ်။ မိသားစုဝင်တွေအနေနဲ့ လုပ်ယူလို့ရရင် ဇွန်လ တစ်ရက်ဆိုတဲ့ ရက်ကာလသတ်မှတ်ချက်ကို ကျော်လွှားပစ်လိုက်ချင်ကြမှာပါ။ ခုဆိုရင် ဓာတ်ပုံလေးတွေသသာ ကျန်ရစ်နေတော့တာကြောင့် ခံစားရခက်လွန်းမနေပါတယ်။

“ဒီကလေးတွေ သေဆုံးတဲ့ အချိန် ပူပန်ရတာကတစ်မျိုး။ မိဘတွေလိုပဲ ကျနော်လည်းခံစားရတယ်။ ကျနော့ဆွေမျိုးတွေလည်း ရေနစ်သေဆုံးတာမှာပါသွားတယ်။ (၇) ယောက်သေဆုံးတာမှာ (၅) ယောက်က အမျိုးတော်စပ်သူဖြစ်နေတယ်။ သူတို့မိဘတွေ ခံစားရသလို ငါလည်းပဲ ခံစားရပါတယ်” ဆိုပြီး ဂန့်ဂါရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းသိန်းက အမျိုးတောစပ်သူ မငြိမ်းငြိမ်းဌေးရဲ့ ဓာတ်ပုံကို ထုတ်ပြရင်း တစ်ကျော့ပြင်သတိရခြင်းနှင့် အတူ ပြောရင်ဖွင့်ပြောဆိုပါတယ်။

ဇွန်တစ်ရက်ရဲ့ ဆုံးရှုံးမှုနဲ့ ဖြစ်ပျက်ခဲ့တာတွေကိုတော့ ပြန်လုပ်ယူလို့ မရပေမယ့် ထပ်မံအဖြစ်အောင်တော့ ပြုပြင်ပြောင်းလဲလို့ ရနိုင်မှာပါ။ ဒါပေမယ့် ရက်စက်တတ်တဲ့ တောဖျားချောင်းက အရင်လိုရက်စက်မှုတွေ ဆက်လက်လုပ်ကိုင်နေဦးမှာလား။ ချောင်မကူးရဲလို့ ကလေးတွေရဲ့ပညာရေး အဆုံးသတ်လိုက်ရတော့မှာလား။ “ မြစ်ကိုတွေ့လျှင်တံတားဆင် ပြင်ခွင်သာဖို့ လမ်းခင်းစို့” ဆိုပေမယ့် တောသူတောင်သားတွေ လုပ်ကိုင်နိုင်ပါ့မလား။ တာဝန်ရှိသူတွေ စေတနာကားရှိကြရဲ့လားဆိုတာ တောဖျားချောင်းကို မေးရင်းမေးရင် ရခိုင်ပြည်ကြီး ဇွန်တစ်ရက်လို မျက်ရည်မိုးတွေ မရွာပါရစေနဲ့လို့ ဆုတောင်းရုံမှအပါ….။  

ဗီဒီယိုများ