သွေးမြေကျလိုက်ရတဲ့ မောင်တောမြောက်ပိုင်းက ဟိန္ဒူဘာသာဝင်တွေ

ခြေတွေလက်တွေခုတ်ဖြတ်ခံထားတဲ့ အလောင်းတွေပေါ်က အစိမ်းရောင်၊ အနီရောင်လက်ကောက်လေးတွေနဲ့ ငွေရောင်ကြိုးကလေးတွေဟာ ပုတ်နံ့ထွက်နေတဲ့ ခန္ဓာကိုယ်တွေကို မှန်းဆရခက်ခဲ့ပေမယ့်  ဟိန္ဒူလူမျိုးတွေအဖြစ် ဖော်ထုတ်ပြသနေပါတယ်။ ရုပ်လောင်းတွေမှာ ကျန်ရှိခဲ့တဲ့ လက်ကောက်တွေကို ကြည့်ပြီး ညီမဖြစ်နေတယ်ဆိုတာကို မှတ်မိတာဖြစ်တယ်လို့မာဒူးရီ (ခမောင်းဆိပ်တောင်ရွာ) က ဆိုပါတယ်။

By မိုးအောင် 30 Sep 2017

ARSA အစွန်းရောက်ဘင်္ဂလီတွေ သတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ မိသားစုဝင်များ။ (ဓါတ်ပုံ - ပျံလွှား/DMG)

ခြေတွေလက်တွေခုတ်ဖြတ်ခံထားတဲ့ အလောင်းတွေပေါ်က အစိမ်းရောင်၊ အနီရောင်လက်ကောက်လေးတွေနဲ့ ငွေရောင်ကြိုးကလေးတွေဟာ ပုတ်နံ့ထွက်နေတဲ့ ခန္ဓာကိုယ်တွေကို မှန်းဆရခက်ခဲ့ပေမယ့်  ဟိန္ဒူလူမျိုးတွေအဖြစ် ဖော်ထုတ်ပြသနေပါတယ်။ ရုပ်လောင်းတွေမှာ ကျန်ရှိခဲ့တဲ့ လက်ကောက်တွေကို ကြည့်ပြီး ညီမဖြစ်နေတယ်ဆိုတာကို မှတ်မိတာဖြစ်တယ်လို့မာဒူးရီ (ခမောင်းဆိပ်တောင်ရွာ) က ဆိုပါတယ်။

" အသတ်ခံရတဲ့ထဲမှာ ကျွန်မညီမရယ် သူ့ယောကျ်ားနဲ့ သားနှစ်ယောက် ပါသွားတယ်။ ဒီဖြစ်စဉ်မဖြစ်ခင်မှာ ကျွန်မက တမန်းသားရွာရောက်နေလို့ အသက်ရှင်ခဲ့ပါတယ်။ အခု တူးဖော်လို့ရတဲ့ အလောင်းတွေထဲမှာ ညီမအလောင်းပါတယ်။ ကျွန်မ ညီမလက်မှာ လက်ကောက်ဝတ်ထားတယ်။ သူဝတ်နေကျ လက်ကောက်ကို ကြည့်ပြီး ညီမအလောင်းပါလို့ ပြောလို့ရတာပါ။ ကျွန်မညီမ ယောကျ်ားနဲ့ သူ့သားနှစ်ယောက် အလောင်းကတော့ အခုအချိန်အထိ ရှာလို့ မတွေ့သေးဘူး။ "

အလောင်းတွေ စီတန်းထားတဲ့နေရာနဲ့ မလှမ်းမကမ်းက တောင်ကုန်းလေးတစ်ခုပေါ်မှာ ပေ ၆ ပေ ၇ ပေရှိတဲ့ ဝါးတဲလေးတစ်ခု ရှိပါတယ်။ အဲဒီတဲလေးကို  လက်ညိုးထိုးပြရင်း ဟိန္ဒူအမျိုးသမီးလေးတွေကို ထားရှိခဲ့တဲ့နေရာလို့ ဟိန္ဒူလူမှုကူညီရေးအဖွဲ့မှ ဦးနီမောလ်က ပြောဆိုလိုက်ပါတယ်။

" ဒီနေရာဟာ သူတို့ (အမျိုးသမီးတွေ) ကို မူဆလင်ဘာသာအဖြစ် သူတို့ ဆန္ဒမပါဘဲ အတင်း ဘာသာကူးပြောင်းခိုင်းခဲ့တဲ့နေရာပေါ့၊ ငြင်းဆန်ရင် သူတို့သတ်ဖြတ်ခံရမယ်။ ဒါကြောင့် သူတို့ အသက်ရှင်သန်ရေးအတွက် လိုက်ပါခဲ့ရတယ်။ "

တောင်ကုန်းလေးပေါ်က တဲလေးထဲမှာ မိန်းမသုံးဦး မှန်ငယ်လေးတစ်ချပ်နဲ့ ဟိန္ဒူအမျိုးသမီးတွေ လွှမ်းခြုံတဲ့ ချာရီတွေကို တွေ့ရပါတယ်။   ဟိန္ဒူလူမျိုးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရတယ်ဆိုတဲ့ သတင်းကို သိရှိခဲ့တဲ့ ဦးနီမောလ်ဟာ ရုပ်လောင်းတွေကို သြဂုတ်လ ကတည်းက စတင်ရှာဖွေဖို့ ကြိုးစားခဲ့သူတစ်ဦးပါ။ သတင်းအချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်မှ လွတ်မြောက်သွားတဲ့ သူတွေဆီကနေ ကြိုးစားရယူပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေနဲ့နယ်ခြားစောင့်တပ်၊ တပ်မတော်တို့နဲ့ပူးပေါင်းပြီး တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ နယ်ခြားစောင့်တပ် ရဲမှူးကြီး ဥက္ကာကိုက ခုလိုဆိုပါတယ်။

"မောင်တောက ဦးနီမော်က တစ်ဘက်က သတင်းအရလမ်းကြောင်းတွေကို ရပါတယ်။ အဆက်သွယ်ရတော့ လမ်းကြောင်းတွေကို ကျွန်တော်တို့ကို ရှင်းပြပါတယ်။ မော်ဒူလာရွာရဲ့ အနောက်ဘက်ပေါ့။ တောင်ကြားလမ်း အတိုင်း ကျွန်တော်တို့လာတယ်။ အဲဒီအနီးနားမှာ တဲလေးတစ်ခုရှိတယ်။ တဲလေးပေါ် အမျိုးသမီးတွေကို ထားပြီးတော့ အောက်ဘက်မှာတော့ အမျိုးသားတွေကိုထားပါတယ်။ နောက်မှ အမျိုးသမီးလေးတွေကို ခေါ်လာပြီး သတ်ဖြတ်လိုက်တာပါ။ လမ်းကြောင်းသတင်းအရ ကျွန်တော်တို့ ရရှိထားတဲ့အချက်အလက်တွေ မှန်တော့ အပုန်နံ့တွေရလာတော့ တူးဆွကြည့်တော့ ဒီအလောင်းတွေကို တွေ့တာပါ "

ARSA အစွန်းရောက်ဘင်္ဂလီတွေ သတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့ ဟိန္ဒူဘာသာဝင်တွေ။ (ဓါတ်ပုံ - ပျံလွှား/DMG)

မြေပြင်မှာ လဲလျှောင်း စီတန်းထားတဲ့ အလောင်းရဲ့ နံဘေးနားမှာတော့ မိသားစုဝင်တွေ ငိုကြွေးနေကြပါတယ်။ အလောင်းတွေဟာ လူသားတစ်ဦးရဲ့ လူဂုဏ်သိက္ခာမဲ့စွာ ရုပ်ပျက်ဆင်းပျက်နဲ့ မြေပြင်ပေါ်မှာ မောင်တောရဲ့ ရာသီဥတုကို သက်ရောက်ခံစားနေရပါတယ်။ ရုပ်လောင်းဟာ စုစုပေါင်း ၄၅ လောင်းကို တွေ့ရှိထားတာဖြစ်ပါတယ်။

“ မိုးရွာပြီးနေပူတဲ့အခါ အလောင်းတွေပေါ်က အနံ့က ပိုထွက်ပါတယ်။ လေသင့်ပြီဆို အနံ့တွေနံ့လွန်းလို့ ကျွန်တော်တို့ ထမင်းမစားဖြစ်တော့ဘူး။ စားရင်လည်း မဝင်တော့ဘူး။ တအားဗိုက်ဆာလာရင်တော့ ရေနဲ့ မုန့်ခြောက်ပဲစားဖြစ်ပါတယ်။ ရေမချိုးရတာလည်း ၃ ရက်ရှိပြီ။ အဝတ်အစားတွေလည်း မလဲရဘူး။ ဒီအတိုင်း မိုးရေထဲ၊ နေပူထဲမှာ လုံခြုံရေးယူနေရတယ်။ "

အလောင်းနဲ့ ပေ ၃၀ လောက်ဝေးတဲ့ နေရာမှာလုံခြုံရေးစောင့်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးက အဲဒီလိုပြောဆိုလိုက်တာပါ။ တစ်လကြာမြေမြုပ်ပြီးမှ ပြန်ဖော်ထားတဲ့ အလောင်းတွေကို တောခွေးနဲ့ အခြားတိရစ္ဆာန်တွေ မစားမိစေဖို့ စောင့်ကြည့်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ အတွက်တော့ တစ်လောင်းပျောက်တာနဲ့ ထောင်ဒဏ်အသီးသီးကို ကျခံရမှာ ဖြစ်ပါတယ်။ အလောင်းတွေကို အပျောက်မခံနိုင်တဲ့အတွက် ညတောင်မအိပ်ဘဲ မိုးရေထဲမှာ ရပ်စောင့်နေရတယ်လို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် လူငယ်လေးတစ်ဦးက ဆိုပါတယ်။ သူတို့လက်ထဲမှာတော့ သေနပ်ကို အသင့် အနေထားနဲ့ ပြင်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။

ဟိန္ဒူအလောင်းတွေ တူးဖော်တွေ့ရှိတဲ့နေရာကို ပြည်ထောင်စုအဆင့် လူမှုရေးဝန်ကြီး ဦးဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ ရောက်ရှိခဲ့ပါပြီ။ ဒါပေမယ့် အလောင်းတွေဟာ ဒီအတိုင်းပဲ မြေပြင်မှာ အကာကွယ်မဲ့စွာရှိနေဆဲပါ။ တခြားဖွံ့ဖြိုးဆဲနိုင်ငံ အဆင့်မှာတောင် မြင်တွေ့ရတဲ့ ရုပ်ပျက်ဆင်းပျက် အလောင်းတွေကို ထည့်သိမ်းတဲ့ ရာဘာအိတ်ကြီးတွေနဲ့လုပ်သင့်တယ်လို့ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် ရခိုင်ပြည်နယ် တာဝန်ခံ အရာရှိတစ်ဦးက စက်တင်ဘာလ ၂၈ ရက်နေ့က သတင်းထောက်တွေကို လေဆိပ်မှာ အလွတ်သဘော ထောက်ပြခဲ့ပါတယ်။

"ကျွန်တော်တို့ မြင်လို့ ကျွန်တော်တို့ လုပ်ပြရင်လည်း နေရာတကာ တပ်မတော်က ဝင်ပါတယ်ဆိုမှာ"

 ကျွန်တော်သမီးလေးရှာပေးပါ

"ကျွန်တော်သမီးလေးကို ရှာပေးကြပါဗျ၊ သူ့အရိုးကို မြင်ရင်တောင် ကျွန်တော် ကိုယ့်သမီးကို မှတ်မိပါတယ်။ ကျွန်တော် သမီးလေးမှာ ဘာအပြစ်ရှိလို့လဲ"

အသက် ၆ နစ်အရွယ် သမီးလေးတစ်ဦးအပါအဝင် မိန်းမဖြစ်သူရဲ့ အဖေ၊ အမေ၊ မောင် မိသားစုဝင် ၄ ဦးကို ဆုံးရှုံးလိုက်ရတဲ့ အသက် ၄၀ အရွယ် အာရှီကူးမားက ဆိုပါတယ်။ အာရှီကူးမားရဲ့ မိန်းမဟာ မိသားစုဝင် တွေသတ်ဖြတ်ခံရတဲ့စိတ်နဲ့စိတ်ကစဉ့်ကလျားဖြစ်နေပြီလို့ သိရပါတယ်။  တူးဖော်တွေ့ရှိတဲ့ အလောင်းတွေထဲမှာ သူ့သမီးရဲ့ အဘွားနဲ့ ဦးလေးကို တွေ့ရှိပေမယ့် သမီးနဲ့ အဘိုးဖြစ်သူကိုတော့ မတွေ့ရှိသေးရဘူးလို့ အာရှီးကူးမားက ဆိုပါတယ်။

"ကျွန်တော် သမီးလေးကိုရှာပေးကြပါ။ ကျွန်တော် မြင်ချင်တယ်၊ တေချင်တယ် "

ရင့်ကျက်ပုံရှိတဲ့ အာရှီကူးမားဟာ စိတ်ခံစားမှုကို မထိမ်းသိမ်းနိုင်ဘဲ ဆက်လက်ငိုကြွေးနေပါတယ်။

မောင်တောမြို့နယ်၊ သစ်တုံးနားခွဆုံအုပ်စု၊ အိုးထိန်းကျေးရွာက ရွန်နက သေဆုံးတဲ့အထဲမှာ ဆွေမျိုးတွေရှိရာ အလည်သွားတဲ့ သူ့အစ်ကိုလည်း ပါတယ်လို့ပြောပါတယ်။

"ပထမတူးဖော်လို့ရတဲ့ အလောင်း(၂၈)လောင်းထဲမှာ ကျွန်တော် အစ်ကိုရဲ့ အလောင်းပါတယ်။ အစ်ကို နာမည်က ဟန်နူး ပါ။ အစ်ကိုက သစ်တုံးနားခွဆုံကျေးရွာမှာ မိသားစုနဲ့ နေတာပါ။ သေတဲ့အလောင်းတွေကို စစ်ကြည်တော့ အစ်ကိုဝတ်နေကျ အင်္ကျီကိုတွေ့ပြီး ကျွန်တော်အစ်ကို ဆိုတာသိရတာပါ"

Reuters ရဲ့ သတင်းတစ်ရပ်မှာတော့ မျက်နှာဖုံးစွပ် လူတွေထဲက တချို့ဟာ ဒေသခံ မွတ်စလင်တွေ ဖြစ်တယ်ဆိုတာကို နောက်ပိုင်းတွင်သိရှိခဲ့ပြီး မောင်တောတွင် ဟိန္ဒူနဲ့ မူဆလင်တွေပါသုံးကြတဲ့ ဒေသန္တရ ဘာစကားအပြင်၊ သူတို့နားမလည်တဲ့ ဘာသာစကားတွေကို ပြောဆိုနေခဲ့ကြတယ်လို့လွတ်မြောက်လာတဲ့ အမျိုးသမီး ၃ ဦးက ဆိုပါတယ်။

“ ခေါ်လာတဲ့ တစ်ယောက်ချင်းစီကို လက်နောက်ပြန် ကြိုးတုတ်တယ်၊ ခြေထောက်တွေကိုလည်း ကြိုးတုတ်တယ်။ ပြီးတော့ ကြိုးတုတ်ခံရတဲ့ သူအားလုံးကို လည်လှီးပြီး၊ ကျင်းထဲမြှုပ်ပစ်တယ်။ ” ဟု ၎င်းတို့ထဲမှ   အသက် ၂၂ အရွယ် ဗီနာဗလက ဆိုပါတယ်။

ဗီနာဗလ အပါဝင် ခေါ်ဆောင်ခံရတဲ့ အမျိုးသမီးတွေကို အစ္စလာမ်ဘာသာကူးပြောင်းမယ်လို့ ကတိပြုပြီးမှပဲ အသက်ချမ်းသာပေးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ARSA အစွန်းရောက်ဘင်္ဂလီတွေ သတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ မိသားစုဝင်များ။ (ဓါတ်ပုံ - ပျံလွှား/DMG)

  မြင့်တက်လာတဲ့သေဆုံးမှု

သြဂတ် ၂၅ ရက်နေ့က မောင်တောဒေသကို ARSA အဖွဲ့က လုံခြုံရေးစခန်းတွေကို အကြမ်းဖက်မှု ပြုလုပ်ခဲ့ပါတယ်။  အောက်တိုဘာ ၉ ရက်ကနေ ၂၀၁၇ သြဂုတ်လ ၂၄ ရက်အထိ အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုဟာ ၇၉ ဦးနဲ့ပျောက်ဆုံးသူ ၃၇ ဦးရှိခဲ့ပေမယ့် သြဂုတ် ၂၅ နောက်ပိုင်းမှာတော့ တစ်လဝန်းကျင်မှာ   သေဆုံးမှုဟာ ကြောက်မက်ဖွယ် မြင့်တက်လာပါတယ်။ နိင်ငံတော် သတင်းထုတ်ပြန်ရေးကော်တီက သြဂုတ် ၂၅ ကနေ ဒီနေ့ အချိန်ထိ သေဆုံးသူ ၈၄ ဦးနဲ့ ပျောက်ဆုံးသူ ၅၄ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ နေရပ်စွန့်ခွာတဲ့ ဟိန္ဒူဘာသာဝင်တွေလည်း ပိုမိုများပြားလာပါတယ်။ တိုက်ခိုက်မှု ဖြစ်စဉ် တွေကြောင့် ဟိန္ဒူဘာသာဝင် မိသားစု ၅၆၃ စု၊ လူဦးရေ ၂၇၅၂ ဦး တို့သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး စစ်တွေမြို့က ယာယီကယ်ဆယ်ရေးစခန်းတွေမှာ အိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၂၆၂ ဦး ၊ မောင်တောမြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၂၄၁ စု၊ လူဦးရေ ၁၄၈၇ ဦး၊ ဘူးသီးတောင်မြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၁ စု၊ လူဦးရေ ၃ ဦးတို့ ရှိနေတယ် ဆိုတာကို နိုင်ငံတော် သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သားနှစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့ မီနုကတော့ လက်ရှိအချိန်မှာ ဓညဝတီ အားကစားကွင်းမှာ ခိုလှုံနေပြီး မှုလနေရပ်ကိုတော့ သူမပြန်ရဲတော့ဘူးလို့ ဆိုပါတယ်။

" သေချာပါတယ် ကျွန်မ မပြန်တော့ဘူး၊ အသက်တွေ လုံခြုံမှုမရှိတဲ့နေရာကို မသွားတော့ဘူး။ သား ၂ ဦးကို ဆုံးရှုံးပြီးပြီ "

 

ဗီဒီယိုများ