တကျော့ပြန်စစ်ပွဲအတွင်း အပြစ်မဲ့ပြည်သူ ၂၆ ဦး သေဆုံး၊ ဒဏ်ရာရရှိသူ ၁၁၁ ဦးရှိဟု AA ဆို

ရခိုင်ပြည်သူလူထု ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်ပြီး အပစ်အခတ် ရပ်စဲလိုက်ခြင်းဟု ဦးခိုင်သုခကပြောသည်

By Admin 28 Nov 2022

တကျော့ပြန်စစ်ပွဲအတွင်း အပြစ်မဲ့ပြည်သူ ၂၆ ဦး သေဆုံး၊ ဒဏ်ရာရရှိသူ ၁၁၁ ဦးရှိဟု AA ဆို

DMG | နိုဝင်ဘာ ၂၈

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၂၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၁ ဦးအထိ ရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

ရခိုင်နှင့် ပလက်ဝဒေသတွင် မြန်မာစစ်တပ်သည် လက်နက်ကြီးများ၊ ဒရုန်းများ၊ ဂျက်တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များဖြင့် နေ့ညမပြတ် ပစ်ခတ်မှုများရှိခဲ့သည်ဟုလည်း ယနေ့နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် AA ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခကပြောဆိုခဲ့သည်။

“သေဆုံးသွားတဲ့ ပြည်သူတွေအတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း ULA/AA အနေနဲ့ ဒီနေရာကနေ ထပ်ဆင့်ပြောကြားလိုပါတယ်”ဟု သူကဆိုသည်။

မြန်မာစစ်တပ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ အချင်းချင်းကြားတွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲထက် ဒေသခံပြည်သူများကိုဦးတည်ပြီး ဖမ်းဆီးခြင်း၊ ရပ်ရွာများကို လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခြင်းများသည် စစ်ရာဇဝတ်မှုကျုးလွန်းခြင်းဖြစ်သည်ဟု ဦးခိုင်သုခက စွပ်စွဲပြောဆိုသည်။

ယင်းအပြင် စစ်တပ်၏ စစ်ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် သတိထားစောင့်ကြည့်ရန်လိုအပ်သလို အပြစ်ရှိသည့်သူများကို အပြစ်ပေးနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးခိုင်သုခကပြောသည်။

“နိုင်ငံတကာအနေနဲ့ စစ်ရာဇဝတ်မှုတွေကို သတိထားစောင့်ကြည့်ဖို့လိုသလို အပြစ်ရှိတဲ့သူတွေကိုလည်း အပြစ်ပေးနိုင်ဖို့အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့ လိုပါတယ်။ စစ်ပွဲကာလအတွင်း အေးချမ်းစွာနေထိုင်ကြတဲ့ အပြစ်မဲ့ပြည်သူတွေကို အကြောက်တရားလွှမ်းမိုးအောင် ရည်ရွယ်ပြီးတော့ တိုက်ပွဲလုံးဝမရှိဘဲနဲ့ ရပ်ရွာတွေကို ပစ်ခတ်ပြီး ULA/AA ကြောင့်လို့ လုပ်ကြံဝါဒဖြန့်မှုတွေလည်းရှိခဲ့ပါတယ်။ ကျနော်တို့ ULA/AA ဟာ ရပ်ရွာတွေနားမှာ တိုက်ပွဲတွေကို တစ်ခါမှ ဖော်ဆောင်လေ့မရှိခဲ့ဘူး။ အတက်နိုင်ဆုံး ပြည်သူတွေနဲ့ ဝေးတဲ့နေရာတွေမှာသာ တိုက်ပွဲတွေကိုဖော်ဆောင်ပါတယ်”ဟု သူကပြောသည်။

ထိုပြောဆိုချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

၂၀၂၂ ခုနှစ် သြဂုတ်လမှစတင်ကာ နိုဝင်ဘာလအထိ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ သို့ရာတွင် ယခုနိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် AA တို့ကြား နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲခဲ့သည်။

ထိုသို့ရပ်စဲရခြင်းမှာ ရခိုင်ပြည်မှာ ရာသီဥတုဖျက်ဆီးမှု၊ မြေသြဇာစျေးကြီးမှု၊ လောင်စာဆီစျေးကြီးမှုများကြောင့် စပါးစိုက်ဧက ၃၀ ရာခိုင်နှုန်းလောက် လျှော့သွားကြောင်း၊ ထို့ပြင် မြန်မာစစ်တပ်မှ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်မှုကြောင့် စပါးရိတ်သိမ်းခြင်းများမပြုလုပ်နိုင်သဖြင့် “ပြည်သူတွေဟာ ကြီးမားတဲ့အခက်အခဲတွေနဲ့ ဆိုးဆိုးဝါးဝါးရင်ဆိုင်ကြုံတွေ့နေကြရပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

အလားတူ မြန်မာစစ်တပ်သည် ရခိုင်နှင့် ပလက်ဝဒေသအတွင်း ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် စားသောက်ကုန်၊ ဆေးဝါးများအပါအဝင် လူအသုံးဆောင်ပစ္စည်းများကို တစ်နေရာမှတစ်နေရာသို့ သယ်ယူ၍မရအောင် ကုန်းကြောင်း၊ ရေကြောင်း ပိတ်ဆို့ထားသဖြင့် ပြည်သူများ ထိခိုက်နစ်နာမှုများရှိနေ ကြောင်း ၄င်းကဆက်လက်ပြောသည်။

ထို့ကြောင့် ရခိုင်ပြည်သူလူထု ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်ပြီး အပစ်အခတ် ရပ်စဲလိုက်ခြင်းဖြစ်သည်ဟု ဦးခိုင်သုခကပြောသည်။

“ပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲကြုံခဲ့ရသလို ဆေးရုံတွေမှာလည်း ဆေးဝါးတွေ ပြတ်တောက်ပြီးတော့ ပြည်သူတွေအများကြီး ထိခိုက်နေကြရပါတယ်။ လောလောဆယ်မှာ ကျနော်တို့ ရခိုင်ပြည်သူ တွေအတွက် အဓိကအကျဆုံးက စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ အခုစပါးရိတ်သိမ်းရာသီမှာ စပါးရိတ်သိမ်းနိုင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ရခိုင်ပြည်သူလူထု ရင်ဆိုင်နေရတဲ့ အဲလိုအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ရက္ခိုင့်တပ်တော်အနေနဲ့ ပြည်သူလူထုအကျိုးစီးပွားကို မဏ္ဍိုင်ပြုလို့ အဓိကထားရှေ့ရှုပြီးတော့ မြန်မာ့တပ်မတော်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ရပ်မှုတစ်ခုကို အလွတ်သဘော လုပ်ဆောင်ခဲ့ပါတယ်”ဟု ဦးခိုင်သုခကပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ အထိ နှစ်နှစ်ကျော်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည့် မြန်မာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများသည် ရွေးကောက်ပွဲကာလဖြစ်သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် နှစ်ဖက်နားလည်မှုဖြင့် ရပ်တန့်ခဲ့သေးသည်။

ဗီဒီယိုများ