ရခိုင်တွင် အပစ်ရပ်မှု တစ်လကျော်ပြီဖြစ်သော်လည်း NGO/INGO များကို ခရီးသွားလာခွင့် ကန့်သတ်ထားဆဲ 

လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆောက်ရွက်နေသော်လည်း တစ်စုံတစ်ရာထူးခြားမှု မရှိသေးပေ။ 

By Admin 03 Jan 2023

ရခိုင်တွင် အပစ်ရပ်မှု တစ်လကျော်ပြီဖြစ်သော်လည်း NGO/INGO များကို ခရီးသွားလာခွင့် ကန့်သတ်ထားဆဲ 

DMG ၊ ဇန်နဝါရီ ၃

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား အပစ်အခတ်ရပ်စဲထားသည်မှာ တစ်လကျော်အထိ ကြာမြင့်လာပြီဖြစ်သော်လည်း စစ်ဘေးရှောင်များအတွက် အဓိကကူညီထောက်ပံ့ပေးနေသည့် NGO/INGO အဖွဲ့အစည်းများကို ခရီးသွားလာကူညီထောက်ပံ့ခွင့် ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ရခိုင်က မြို့နယ် (၈) ခုတွင် ဒေသဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲဖြစ်နေကြောင်း စစ်တွေမြို့ရှိ NGO အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။

“စစ်ဘေးရှောင်တွေကို ကျနော်တို့က သွားကူညီခွင့်မရတော့ စစ်ဘေးရှောင်တွေမှာလည်း အခက်အခဲရှိမယ်။ ကျနော်တို့ဆိုရင် အလုပ်မဖြစ်ဘူးပေါ့။ Report တင်ရတာတွေလည်း အခက်အခဲရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်အတွင်း တကျော့ပြန် စစ်ရေးတင်းမာချိန်စ၍ စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ NGO/ INGO အဖွဲ့အစည်းများကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့မှစ၍ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့ကို ခရီးသွားလာခွင့်ပိတ်ပင်ခဲ့ပြီး နိုဝင်ဘာလအတွင်းမှာလည်း ကျောက်တော်နှင့် ပေါက်တောမြို့နယ် တို့ကိုပါ ထပ်မံပိတ်ပင်ခဲ့သည်။ 

ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆောက်ရွက်နေသော်လည်း တစ်စုံတစ်ရာထူးခြားမှု မရှိသေးကြောင်း သိရသည်။

“သွားလာခွင့်တော့ ကန့်သတ်ထားတုန်းပါဘဲ။ ဘာမှ ထူးခြားမှုတော့ မရှိသေးဘူး။ အရင်အတိုင်းပါပဲ” ဟု စစ်တွေမြို့ရှိ INGO အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီ၏ ပြောခွင့်ရှိသူ  ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား (၅) လကျော်ကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်စဲခဲ့ကြသည်။ 

လက်ရှိတွင် အပစ်ရပ်မှု တစ်လကျော် ကြာမြင့်လာပြီဖြစ်သော်လည်း NGO၊ INGO အဖွဲ့အစည်းများကို စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ထားဆဲဖြစ်သဖြင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။  

“အခုဆိုရင် ဆောင်းရာသီရောက်ပြီဆိုတော့ စောင်၊ အနွေးထည်တွေ လိုအပ်တယ်။ အရင်ကဆိုရင် INGO၊ NGO တွေက ကျနော်တို့အတွက် စောင်၊ အနွေးထည်တွေ လူသုံးကုန်ပစ္စည်းတွေ ထောက်ပံ့တယ်လေ။ အခုတော့ ကျနော်တို့အတွက် သိပ်ကို အခက်အခဲရှိပါတယ်။ ပြီးရင် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဖွဲ့အစည်းတွေကို စစ်ကောင်စီက ပိတ်ထားတော့ ပိုပြီးအခက်ခဲရှိတယ်။ အရင်လို INGO၊NGO အဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့တောင်းဆိုချင်ပါတယ်” ဟု မြောက်ဦးမြို့၊ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှ ဦးဝင်းမောင်က ပြောသည်။

ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးနေချိန်တွင် ကူညီထောက်ပံ့မှုများပါ နည်းပါးလာနေသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများကိုသာ အားထားနေကြရသော စစ်ဘေးရှောင်များမှာ ပိုမိုအခက်တွေ့နေရခြင်းဖြစ်သည်။ 

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့အချိန်တွင် NGO၊ INGO အဖွဲ့အစည်းများအား ခရီးသွားလာခွင့်ကန့်သတ်ထားခြင်းမှာ မလုပ်သင့်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပရဟိတလုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ကိုကျောက်ချိုင်က ပြောသည်။

“အာဏာသိမ်းစစ်ကောင်စီက ရခိုင်လူထုတစ်ခုလုံးမဟုတ်ဘဲ တစ်နိုင်ငံလုံးနီးပါးကို အစွမ်းကုန် ယုတ်မာနေတာလို့မြင်တယ်။ လိုအပ်တဲ့နေရာတွေကို သွားရောက်ပြီး ကိုယ်လည်းမကူညီတဲ့အပြင် ကူညီဖို့လာတဲ့သူတွေကိုလည်း နှောင့်ယှက်တယ်။ ကျနော်တို့ ကူညီဖို့သွားရင်လည်း ပုန်းကွယ်ပြီးသွားနေရတဲ့ အနေအထားပါ။ အခုထိ တရားဝင်သွားလို့ မရသေးဘူး။ နိုင်ငံခြားအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ NGO၊ INGO တွေကိုပါ သွားလာခွင့်ကန့်သတ်ထားတာကတော့ ယုတ်မာတဲ့ လုပ်ရပ်လို့ပဲ မြင်တယ်” ဟု ၎င်းကပြောသည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်နှင့်ပလက်ဝမြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ ၁၆,၀၀၀ အထိရှိခဲ့ကာ ယခင်စစ်ဘေးရှောင်နှင့်ပေါင်းပါက ၉၀,၀၀၀ ကျော်အထိရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) ၏ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ထုတ်ပြန်ချက် အရသိရသည်။

#I001

ဗီဒီယိုများ