စစ်တောင်းတံတား စစ်ဆေးရေးဂိတ်တွင် ကားရာချီ ပိတ်မိနေ

ပဲခူးတိုင်း ဝေါမြို့နယ် စစ်တောင်းတံတားအနီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်မှ ယမန်နေ့ (နိုဝင်ဘာ ၂၇) မှစ ပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားမှုကြောင့် ကားများရာချီ ပိတ်မိနေကြောင်း ဒေသခံများ ထံက သိရသည်။

By Admin 28 Nov 2022

စစ်တောင်းတံတား စစ်ဆေးရေးဂိတ်တွင် ကားရာချီ ပိတ်မိနေ

ဝေါမြို့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ညက ကားများ ပိတ်မိနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ -CJ

DMG | နိုဝင်ဘာ ၂၈

ပဲခူးတိုင်း ဝေါမြို့နယ် စစ်တောင်းတံတားအနီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်မှ ယမန်နေ့ (နိုဝင်ဘာ ၂၇) မှစ ပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားမှုကြောင့် ကားများရာချီ ပိတ်မိနေကြောင်း ဒေသခံများ ထံက သိရသည်။

ပဲခူးတိုင်းမှ မွန်ပြည်နယ်သို့ သွားရောက်နိုင်သည့် အဓိကလမ်းဖြစ်သော ညောင်ခါးရှည် စစ်ဆေးရေးဂိတ်ကို ယမန်နေ့ နေ့လည်အချိန်မှ စပြီး ဖြတ်သန်းခွင့်မပြုတော့ဘဲ စစ်တပ်က ပိတ်ထားလိုက်ကြောင်း ဝေါမြို့ခံ တစ်ဦးကပြောသည်။

“ မနေ့ နေ့လယ်ထဲက ဖြတ်ခွင့်မပေးတော့ဘူး။ X Ray စစ်တဲ့ စက်ပျက်သွားလို့ ဂိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်” ဟု ၄င်းကပြောသည်။

ယင်းဂိတ် ပိတ်ထားမှုကြောင့် ယနေ့ နိုဝင်ဘာ ၂၈ရက် နေ့ နံနက် ၁၀နာရီ အချိန်အထိ ကုန်တင်ယာဥ် နှင့် ခရီးသည် ယာဥ်အပါအဝင် ကားများရာချီပိတ်မိနေခြင်းဖြစ်သည်။

“ အခုအထိ ထွက်ခွင့် မရသေးဘူးခင်ဗျ။ ကုန်တင်ယာဥ်တွေ ခရီးသည် ယာဥ်တွေအားလုံး ရာချီ ဂိတ်မှာ သောင်တင်နေတယ် ” ဟု ရန်ကုန်- မြဝတီ ကုန်တင်ယာဥ် မောင်းတစ်ဦးကဆိုသည်။

ထို့အပြင်စစ်တပ်မှ ခရီးသည်ယာဥ်လိုင်းများကို သွားလာခွင့်မပြုသည့် အပြင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များကိုလည်း လုံခြုံရေး အကြောင်းပြကာရှာဖွေစစ်ဆေးရေးမှုများ လုပ်ဆောင်နေကြောင်း အဝေးပြေး ခရီးသည် ယာဥ်လိုင်းများ ထံကသိရသည်။

“ ခရီးသည် ယာဥ်လိုင်းတွေကို သွားခွင့်မပေးဘူး။ အခုအထိ ထွက်မရတော့ ဒုက္ခရောက်တယ်။ ခရီးသည် တွေကိုလည်း မှတ်ပုံတွေ ယူစစ်တာတို့ ဓာတ်ပုံနဲ့ တိုက်ပြီး စစ်တာတို့ပါ လုပ်နေတယ် ” ဟု ရန်ကုန်-မော်လမြိုင် အဝေးပြေးယာဥ်လိုင်းမှယာဥ်မောင်းတစ်ဦးကပြောသည်။

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်ပိတ်ထားမှုမှာ တံတား၌ တပ်ဆင်ထားသည့် X-RAY

ဖြင့် လုံခြုံရေး အရ စစ်ဆေးသည့် စက်ချွတ်ယွင်းမှုကြောင့် ဖြစ်ကာ ပြန်လည် ပြုပြင်ပြီးမှသာ တံတား ဖြတ်သန်းခွင့်ကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း စစ်ဆေးရေး ဂိတ်နှင့်နီးစပ်သည့်တာဝန်ရှိသူများထံကသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း အဆိုပါ စစ်ဆေးရေးဂိတ်ကို X -Ray ဖြင့် စစ်ဆေးသည့် လုံခြုံရေး စက် စတင်တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဗီဒီယိုများ