ဘူးသီးတောင်မှ စစ်ဘေးရှောင်များကို စစ်ကောင်စီ နေရပ်ပြန်ခိုင်း၊ လုံခြုံရေးအာမခံချက်ပေးမှ နေရပ်ပြန်မည်ဟု စစ်ဘေးရှောင်များ တင်ပြ 

နေရပ်ပြန်ဖို့အတွက် စစ်ကောင်စီအနေဖြင့် မိုင်းရှင်းလင်းပေးရန်၊ ကျေးရွာအနီး တပ်စခန်းများကို ရုပ်သိမ်းပေးရန်နှင့် လုပ်ကိုင်စားသောက်ဖို့ ထောက်ပံ့မှုများပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။ 

By Admin 13 Mar 2023

ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ ပြည်နယ်စစ်ကောင်စီအဖွဲ့ သွားရောက်ခဲ့စဉ်။ (ဓာတ်ပုံ - MRTV)
ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ ပြည်နယ်စစ်ကောင်စီအဖွဲ့ သွားရောက်ခဲ့စဉ်။ (ဓာတ်ပုံ - MRTV)

DMG ၊ မတ် ၁၃ 

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ 

မတ်လ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်း နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့ပေါ်ရှိ မြတောင်ဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်းနှင့် လမ်းမဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းသို့ သွားရောက်ပြီး စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ပြောဆိုခဲ့သည်။ 

နေရပ်ပြန်မည်ဆိုပါက အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၆ သိန်းနှင့် ရိက္ခာသုံးလစာ ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း မြတောင်ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ ဒေါ်ဆန်းကြည်က ပြောသည်။

“အတင်းအဓမ္မ ပြန်ခိုင်းတာတော့ မဟုတ်ဘူး။ ကိုယ့်သဘောနဲ့ကိုယ် ပြန်လို့ရတယ်။ ပြန်မယ့်သူတွေအနေနဲ့ ဒီထောက်ပံ့ကြေးတွေကို ရမယ်လို့ပြောပါတယ်” ဟု  ဒေါ်ဆန်းကြည်က ပြောသည်။

နေရပ်ပြန်ဖို့အတွက် စစ်ကောင်စီအနေဖြင့် မိုင်းရှင်းလင်းပေးရန်၊ ကျေးရွာအနီး တပ်စခန်းများကို ရုပ်သိမ်းပေးရန်နှင့် လုပ်ကိုင်စားသောက်ဖို့ ထောက်ပံ့မှုများပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။ 

စစ်ဘေးရှောင်များ၏ တင်ပြချက်များကို ပြန်လည်ဆွေးနွေးပြီး အကြောင်းပြန်ပေးမည်ဟု ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ်က တုန့်ပြန်ပြောကြားခဲ့သည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။ 

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများမှာ ကျေးရွာတွင် မနေထိုင်သည်မှာ ၄ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် နေအိမ်ပျက်စီးမှု၊ လုပ်ကိုင်စားသောက်ရန် အခက်အခဲများအပြင် မိုင်းအန္တရာယ်စိုးရိမ်မှုများ ရှိနေကြသည်။ 

စစ်ကောင်စီအနေဖြင့် လုံခြုံရေးအာမခံချက်အပြင် လုပ်ကိုင်စားသောက်ရန်အတွက် လုံလောက်သည့် ထောက်ပံ့မှုများ ပေးမှ နေရပ်ပြန်မည်ဟု လမ်းမဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကျော်ဝင်းက ပြောသည်။

 “ကျနော်တို့ စွန့်ခွာခဲ့ရတဲ့ ရွာတွေမှာ အခုချိန်ထိ စစ်သားတွေ ရှိနေတုန်းပဲ။ ပြီးတော့ ကျနော်တို့ လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ လယ်ယာမြေတွေဟာလည်း အခုဆို ခြုံနွယ်တွေ ဖုံးလွှမ်းပြီး ပျက်စီးနေသလို အိုးအိမ်တွေ၊ ကျွဲနွားတွေလည်း ဘာမှမရှိတော့ဘူး။ လုပ်ကိုင်စားသောက်ဖို့ ဘာမှ အာမခံချက်မရှိသလို မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်တွေကိုပါ စိုးရိမ်နေရတော့ နေရပ်ပြန်ဖို့က မဖြစ်နိုင်သေးပါဘူး” ဟု ဦးကျော်ဝင်းက ပြောသည်။

ဘူးသီးတောင်မြို့ပေါ်ရှိ မြတောင်ဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်းနှင့် လမ်းမဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်းမှ ဒေသခံများမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ တိုက်ပွဲဖြစ်ပွားမှုတို့ကြောင့် လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။ 

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲရပ်တန့်နေသည်မှာ လက်ရှိတွင် ၃ လကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။ တိုက်ပွဲရပ်တန့်ပြီးနောက် စစ်ကောင်စီက စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းမှုများ ရှိလာနေပြီး လက်ရှိတွင် စစ်ကောင်စီအစီအစဉ်ဖြင့် ရခိုင်နှင့် ပလက်ဝမြို့နယ်တို့မှ နေရပ်ပြန်သွားကြသည့် စစ်ဘေးဦးရေ ၅,၀၀၀ ကျော်အထိ ရှိလာသည်။

စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသူများကို စစ်ကောင်စီက လုံခြုံရေးအာမခံချက် မပေးနိုင်ဘဲ နေရပ်ပြန်ခိုင်းနေမှုမှာ ပြည်သူလူထုကို ပိုမိုခက်ခဲအောင်လုပ်ဆောင်နေခြင်းဟု ရက္ခိုင့်တပ်တော်က ပြောဆိုထားသည်။

#I008 

ဗီဒီယိုများ