ကျောက်ဖြူတိုက်ပွဲ ဘယ်ခရီးရောက်နေပြီလဲ

၅ လကြာ မနားတမ်းပြင်းထန်ခဲ့သော ကျောက်ဖြူတိုက်ပွဲမှာ လက်ရှိတွင် နှစ်ဘက်ထိတွေ့တိုက်ပွဲများ မရှိဘဲ အနည်းငယ် ငြိမ်သက်နေကြောင်း သိရသည်။

By Admin 19 Jul 2025

အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ -X
အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ -X

DMG ၊ ဇူလိုင် ၁၉

၅ လကြာ မနားတမ်းပြင်းထန်ခဲ့သော ကျောက်ဖြူတိုက်ပွဲမှာ လက်ရှိတွင် နှစ်ဘက်ထိတွေ့တိုက်ပွဲများ မရှိဘဲ အနည်းငယ် ငြိမ်သက်နေကြောင်း သိရသည်။

ဇူလိုင် ၁၀ ရက်မှ စ၍ တိုက်ပွဲအရှိန် လျော့နည်းလာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများ ပစ်ခတ်မှုမှ လွဲ၍ အာရက္ခတပ်တော်ဘက်က တန်ပြန်တိုက်ခိုက်မှုများလည်း ရပ်နားထားခြင်းဖြစ်သည်။

" မြေပြင်အခြေအနေကတေ့ နှစ်ဘက်စလုံးက ဟိုဘက်ဒီဘက် ထိုးစစ်တွေ မလုပ်ဘဲ စစ်ဆိုင်ထားတာမျိုး ဖြစ်တယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတော့ တစ်ဘက်သတ် လုပ်နေတာရှိတယ် " ဟု မြေပြင်စစ်ရေးအခြေအနေသိသူ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုရက်ပိုင်အတွင်း တိုက်ပွဲများ အနည်းငယ်ငြိမ်သက်နေသော်လည်း စစ်ကောင်စီ အထိုင်ချတပ်စခန်းများနှင့် စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်း နေ့စဉ်ရှိနေကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီသည် ရာသီဥတု ကောင်းမွန်သော နေ့မျိုးတွင် ဒရုန်းအပြင် ပါရာမိုတာများကိုပါ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

အာရက္ခတပ်တော်သည် အမှတ် ၃၂ ရဲတပ်ရင်းအနီး ပြိုင်းစေ့ကေကျေးရွာက စစ်ကောင်စီ၏ ကာကင်း စခန်းများကို ဇွန်လ ဒုတိယပတ်တွင် သိမ်းပိုက်ပြီး အဆိုပါ တပ်ရင်းကိုပါ တပြိုင်းတည်း ထိုးစစ်ဆင်ခဲ့သည်။

စစ်ကောင်စီဘက်က ရေကြောင်း လက်နက်ကြီးပစ်ကူနှင့် လေကြောင်း ပစ်ကူများအပြင် မြေပြင်တပ်ဖွဲ့ အလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်ခဲ့သဖြင့် အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သော ပြိုင်းစေ့ကေရွာကို ဇူလိုင်လ ပထမပတ်တွင် ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

" စစ်ကောင်စီတပ်သားတွေဟာ မူးယစ်ဆေးဝါးတွေ သုံးပြီးတော့ အသေအကြေ တက်လာကြတာ၊ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေဆီမှာလည်း မူးယစ်ဆေးဝါးတွေ အများကြီးပါတယ်။ စစ်သုံးပန်းတွေကို မေးကြည့်တော့ ရဲတပ်ရင်းသာ ကျခဲ့မယ်ဆိုရင် ရှေ့တန်းက ကောင်တွေကို အကုန်ပစ်သတ်မယ်။ မရမက ကာကွယ်ကြဆိုပြီး အထက်အရာရှိက အမိန့်ပေးထားတယ်လို့ ပြောတယ် " ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အမှတ် ၃၂ ရဲတပ်ရင်းသည် ကျောက်ဖြူမြို့ တောင်ဘက် ၄ မိုင်ခန့်အကွာတွင် ရှိသည်။ ထို့အတူ ယင်းတပ်ရင်းမှ အရှေ့ဘက် ၇ မိုင်အကွာတွင် ဓညဝတီရေတပ်ဌာနချုပ်နှင့် တောင်ဘက် ၃ မိုင်ကျော် အကွာတွင် ခမရ ၅၄၂ နှင့် ခမရ ၅၄၃ တပ်ရင်းများရှိသဖြင့် အရေးပါသော နေရာဖြစ်သည်။

" ၃၂ ရဲတပ်ရင်းသာ ကျသွားရင် ဒီထဲမှာ ၅၄၃၊ ၅၄၂ နဲ့ မြို့ထဲက ၃၄ တပ်ရင်းပဲ ကျန်တော့မယ်ဆိုတော့ ဒီရဲတပ်ရင်းကိုသာ AA က ရသွားမယ်ဆိုရင် ကျောက်ဖြူက မြို့ကိုသိမ်းဖို့ပဲ ကျန်တော့မယ်။ ဟိုဘက် ဓညဝတီရေတပ်ဆိုတာကလည်း ၃၂ သာကျသွားရင် အကုန်ဝိုင်းပြီးသား ဖြစ်သွားမယ် " ဟု ကျောက်ဖြူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဓညဝတီရေတပ်ဌာနချုပ်အနီး ဖေဖော်ဝါရီ ၂၀ ရက်က စတင်ခဲ့သော တိုက်ပွဲမှာ လက်ရှိတွင် ၅ လခန့် ကြာမြင့်လာပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၂ ဦးထက်မနည်းနှင့် တပ်ဖွဲ့ဝင် ရာနှင့်ချီ ကျဆုံးထားသည်။

ထို့အပြင် ဗိုလ်မှူးတစ်ဦးနှင့် အခြားအဆင့်ရှိသူ အမြောက်အများကိုလည်း အာရက္ခတပ်တော်က ဖမ်းဆီးရမိထားပြီး လက်ရှိတွင် အမှတ် ၃၂ ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ်နှင့် မလကျွန်း ကျေးရွာအနီးရှိ စစ်ကောင်စီ ကာကင်းစခန်းတို့ကို ချည်းကပ် ပိတ်ဆို့ထားသည်။

ကျောက်ဖြူမြို့သည် တရုတ်စီမံကိန်းများအခြေစိုက်ထားသည့် ဒေသဖြစ်သဖြင့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အတွက် အထူးအရေးပါသည့် အခြေအနေတွင် ရှိနေသည်။