ဒီမိုကရေစီဘက်တော်သားများကို စစ်ကောင်စီက အကြောက်တရားနှင့်ခြိမ်းခြောက်နေသည်ဟု NUG ယာယီသမ္မတပြော

အမှန်တရားနှင့် ပြည်သူများအတွက် ရပ်တည်နေကြသည့် ဒီမိုကရေစီဘက်တော်သားများကို စစ်ကောင်စီက အကြောက်တရားနှင့် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

29 Jul 2022

DMG ၊ ဇူလိုင် ၂၉

အမှန်တရားနှင့် ပြည်သူများအတွက် ရပ်တည်နေကြသည့် ဒီမိုကရေစီဘက်တော်သားများကို စစ်ကောင်စီက အကြောက်တရားနှင့် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

အမေရိကန်၊ ဂျပန်၊ ဥရောပနိုင်ငံများ၊ အာဆီယံအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံနှင့် ကုလသမဂ္ဂကပါ ကိုဂျင်နီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ကွပ်မျက်ခြင်းမပြုလုပ်ရန် တောင်းဆိုနေသည့်ကြားမှ စစ်ကောင်စီက သေဒဏ်စီရင်လိုက်ခြင်းသည် ငြိမ်းချမ်းသာယာသော နိုင်ငံတစ်ခုတည်ထောင်နိုင်မှာမဟုတ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု NUG ယာယီသမ္မတက ပြောသည်။

“စစ်ကောင်စီရှိနေသရွေ့ လူ့တန်ဖိုး၊ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ချိုးဖောက်နေမှာဖြစ်ကာ ဒီမိုကရေစီစံနှုန်းနဲ့ ငြိမ်းချမ်းသာယာတဲ့နိုင်ငံတစ်ခုကို တည်ထောင်နိုင်မှာမဟုတ်ကြောင်း တင်ရှားစွာပြသနေတာဖြစ်တယ်။ တစ်နည်းအားဖြင့် အာဏာရှင်ရှိနေသမျှ တိုင်းပြည်ရဲ့လုံခြုံရေးကို စောင့်ထိန်းနိုင်မှာ မဟုတ်ကြောင်းလည်း သက်သေပြနေတာဖြစ်တယ်”ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင်လ ၂၈ ရက်နေ့ထုတ်လွှင့်သော အရေးပေါ်နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ယင်းသို့ပြောကြားထားသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီနှင့် NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ပြီးဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က စစ်ကောင်စီပိုင် မီဒီယာမှတစ်ဆင့် ကြေညာခဲ့ပြီးနောက် ထိုသတင်းအပေါ် မြန်မာပြည်သူလူထုတစ်ရပ်လုံးက ခံပြင်းမှုများဖြစ်ခဲ့ကြသည်။

စစ်ကောင်စီ၏လုပ်ရပ်သည် လူမဆန်သော လုပ်ရပ်ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုဇော်ဇော်ကလည်း ပြောကြားထားသည်။

“ဒါက စစ်ကောင်စီရဲ့ လူမဆန်တဲ့ရက်စက်မှုတစ်ခုလို့ ပြောရမယ်။ ဥပဒေကြောင်းအရ ရှိတော့ရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သေဒဏ်မစီရင်တာက နှစ်ပေါင်း ၄၀ လောက်ရှိနေပြီ။ အခုကျမှ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ အကျဉ်းသားတွေကို သေဒဏ်စီရင်တာက လုံးဝလူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်”ဟု ကိုဇော်ဇော်ကပြောသည်။

စစ်ကောင်စီက ပြစ်ဒဏ်ပေးမှုသည် ပြဌာန်းသတ်မှတ်ထားသော ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွှတ်မှုလုံးဝမရှိဘဲ အကြမ်းဖက်လူသတ်မှု သက်သက်သာဖြစ်ကြောင်း KNU၊KNPP ၊ CNF၊ ABSDF တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော်(ULA/AA)ကလည်း စစ်ကောင်စီက မိုက်မဲသည့်လုပ်ရပ်ကို လုပ်ဆောင်လိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်းကူညီနေသော ငြိမ်းချမ်းရေးလမ်းစများကို ရင့်သီးစွာနှင့် ခြေဖြင့်နင်းခြေဖျက်ဆီးပြသလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် လုပ်ဆောင်ချက်များသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရမဖြေရှင်းနိုင်ခဲ့သည့်အတွက် ဖြစ်လာရခြင်းဖြစ်သည်ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက ထောက်ပြပြောဆိုသည်။

“ဒီလူတွေက အရင်ကတည်းကလည်း ရာဇဝတ်သားတွေမှမဟုတ်တာ။ နိုင်ငံရေးလုပ်လာတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒီလိုဟာက မဖြစ်သင့်ဘူးလို့မြင်တယ်။ တကယ်လို့ သူတို့မှာ အပြစ်ရှိတယ်ဆိုရင်တောင်မှ သေဒဏ်ပေးတာမျိုးမဟုတ်ဘဲနဲ့ နှစ်ရှည်ထောင်ဒဏ်ပေးပြီးတော့ တချိန်ချိန်မှာ ငြိမ်းချမ်းရေးလုပ်လာတဲ့အချိန် ပြန်ကုစားလို့ရတာပဲ။ အခုက လက်လွန်ခြေလွန်ဖြစ်သွားတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့မရှင်းဘဲ လမ်းကြောင်းလွဲသွားတယ်။ အဲဒါကြောင့် အခုလိုအကျိုးဆက်တွေဖြစ်လာတယ်”ဟု ဦးဖေသန်းကပြောသည်။

စစ်ကောင်စီနှင့် အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ခိုက်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ၊ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း မိမိတို့နှင့်ပူးပေါင်းပြီး ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းပေါင်းစုံနှင့်တိုက်ခိုက်ကြရန် NUG၊ CRPH၊ KNU၊ KNPP၊ CNF၊ ABSDF စသည့်အဖွဲ့ ၆ ဖွဲ့က တိုက်တွန်းထားသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို သေဒဏ်ပေးမှုနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ၏ ပြစ်တင်ရှုတ်ချခြင်းမှုကို ကြုံတွေ့နေရသည်။

မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူမှု ရက်ပေါင်း ၅၄၃ ရက်ကာလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၁၃၃ ဦးအထိရှိခဲ့ပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဇူလိုင် ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ဗီဒီယိုများ