ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၆၀ ဖြင့် မြို့ပေါ်မှာစစ်ဆေးမည်

ရခိုင်ပြည်အတွင်း ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူ စုစုပေါင်း ၁၉,၁၆၅ ဦးရှိပြီး ယင်းအထဲတွင် ပြင်ပမှ ဝင်ရောက်ဖြေဆိုမည့်သူ များပြားကြောင်း သိရသည်။

By Admin 11 Feb 2023

ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၆၀ ဖြင့် မြို့ပေါ်မှာစစ်ဆေးမည်

DMG ၊ ဖေဖော်ဝါရီ ၁၁

လာမည့် မတ်လ ၈ ရက်နေ့မှစ၍ စနစ်ဟောင်းသင်ရိုးညွှန်းတမ်းဖြင့် စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရခိုင်ပြည်အတွင်း မြို့ပေါ်စာစစ်ဌာန နေရာ ၆၀ ဖွင့်လှစ်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

ရခိုင်ပြည်အတွင်း ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူ စုစုပေါင်း ၁၉,၁၆၅ ဦးရှိပြီး ယင်းအထဲတွင် ပြင်ပမှ ဝင်ရောက်ဖြေဆိုမည့်သူ များပြားကြောင်း သိရသည်။

စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူဦးရေမှာ ပြီးခဲ့သည့်နှစ်ကထက် ထက်ဝက်ကျော် လျော့နည်းသွား၍ မြို့ပေါ်စာစစ်ဌာနများတွင် ပြောင်းရွေ့စစ်ဆေးရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန် က DMG ကို ပြောသည်။

“အခုက ကျောင်းအတွင်းမှာ ကျောင်းသားတွေ အများကြီးမရှိတော့ဘူး။ ပြင်ပကျောင်းသားတွေပဲ များသွားတယ်။ အဲဒီတော့ တစ်ကျောင်းတည်းမှာ ကျောင်းသား ၁၀ ယောက်လောက်နဲ့ စာစစ်ဌာနတစ်ခုလုပ်ဖို့ အဆင်မပြေဘူး။ စာစစ်ဌာနတစ်ခု လုပ်တယ်ဆိုတာက လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သွားလာရေးတွေကအစ အဆင်ပြေဖို့ လိုအပ်တယ်။ ဒါကြောင့် တစ်စုတစ်စည်းတည်းနဲ့ မြို့ပေါ်စာသင်ကျောင်းတွေမှာ ဝင်ဆံ့သလောက် ဝင်ရောက်ဖြေဆိုတဲ့သဘောပါ” ဟု ဦးဘထွီးစိန်က ပြောသည်။

မြို့ပေါ်စာစစ်ဌာနများကို စစ်တွေ ၆ ခု၊ ပုဏ္ဏားကျွန်း ၄ ခု၊ ကျောက်တော် ၃ ခု၊ မြောက်ဦး ၃ ခု၊ မင်းပြား ၂ ခု၊ ပေါက်တော ၅ ခု၊  မြေပုံ ၂ ခု၊ အမ်း ၄ ခု၊ သံတွဲ ၅ ခု၊ တောင်ကုတ် ၅ ခု ၊ ဂွ ၃ ခု၊ ရမ်းဗြဲ ၃ ခု၊ ကျောက်ဖြူ ၄ ခု၊ မာန်အောင် ၂ ခု၊ ရသေ့တောင် ၂ ခု ၊ ဘူးသီးတောင် ၄ ခု၊ မောင်တော ၃ ခုဖြင့် ဖွင့်လှစ်စစ်ဆေးသွားမည် ဖြစ်သည်။   

လာမည့်စာမေးပွဲကို မြို့ပေါ်တွင် သွားရောက်ဖြေဆိုရမည်ဆိုပါက လက်ရှိကာလ ကုန်ဈေးမြင့်တက်မှုတို့ကြောင့် နေထိုင်စားသောက်ရေးကအစ အဆင်မပြေမှုများဖြစ်လာမည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။ 

မြောက်ဦးမြို့နယ်၊ ခွဆုံကျေးရွာက ကျောင်းသားမိဘ ဒေါ်ဌေးဌေးက  “အရင်ကဆိုရင်တော့ တိန်ညိုစာစစ်ဌာနမှာ စစ်ဆေးတယ်။ ကိုယ့်အနီးအနားမှာဆိုတော့ အဆင်ပြေတယ်။ အခုလိုမြို့ကိုသွားပြီး ဖြေဆိုရမယ်ဆိုရင် အဆင်မပြေဖြစ်မှာကိုတော့ စိုးရိမ်ပါတယ်။ နိုင်ငံရေးအခြေနေတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုလည်း စိုးရိမ်မိပါတယ်။ မြို့ကိုသွားရမယ်ဆိုတော့ မိဘတွေမှာလည်း အခက်အခဲအမျိုးမျိုး ရှိကြပါတယ်” ဟု ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် နယ်မှ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ၏ နေရာထိုင်ခင်းတို့အတွက် သက်ဆိုင်ရာမြို့နယ်ထွေ/အုပ်က ကူညီဆောင်ရွက်ပေးသွားမည့်အစီအစဉ်ရှိသော်လည်း အတိအကျကို ပြော၍မရသေးကြောင်း ပြည်နယ်ပညာရေးမှူးထံမှ သိရသည်။

ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာမှ ကျောင်းမိဘတစ်ဦးဖြစ်သူ ဒေါ်မသန်းဝေက “သားသမီးတွေ စာမေးပွဲကို အဆင်ပြေပြေနဲ့ ဖြေဆိုအောင်မြင်စေချင်တယ်။ ပြီးတော့ ဒီနှစ်မှာ ကုန်ဈေးနှုန်းတွေကလည်း နှစ်ဆလောက်မြင့်တက်နေတော့ ပိုက်ဆံမရှိတဲ့ ကျောင်းသားမိဘတွေမှာ ပိုအခက်အခဲဖြစ်ရတယ်” ဟု ပြောသည်။

စနစ်ဟောင်းသင်ရိုးညွန်းတမ်းဖြင့် ပညာသင်ကြားရမည့် စနစ်သည် ၂၀၂၃ ခုနှစ် တစ်နှစ်သာကျန်ရှိပြီး ကျောင်းသား/သူများအနေဖြင့် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခြင်း မရှိပါက စနစ်သစ်သင်ရိုးညွှန်းတမ်းဖြင့် ဆက်လက် ပညာသင်ကြားကြရမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရခိုင်က ဝင်ရောက်ဖြေဆိုခဲ့သူ ၄၁,၇၅၇ ဦးရှိပြီး ၁၉,၇၂၉ ဦး အောင်မြင်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။

#R010

ဗီဒီယိုများ