စစ်ကောင်စီက အာဏာသိမ်းမှုပြဿနာကို ထိန်းသိမ်းမရဖြစ်လာသဖြင့် EAOs များအား ချဉ်းကပ်နေခြင်းဟု KNU ပြော

စစ်ကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်နေမှုမှာ အာဏာသိမ်းမှုနောက်ဆက်တွဲပြဿနာကို ထိန်းသိမ်းမရဖြစ်လာနေသည့်အတွက် ချဉ်းကပ်နေခြင်းသာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောကြားလိုက်သည်။

20 Jun 2022

Photo - RVA Pwo Karen

DMG ၊ ဇွန် ၂၀

စစ်ကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်နေမှုမှာ အာဏာသိမ်းမှုနောက်ဆက်တွဲပြဿနာကို ထိန်းသိမ်းမရဖြစ်လာနေသည့်အတွက် ချဉ်းကပ်နေခြင်းသာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောကြားလိုက်သည်။

“နိုင်ငံရေးအရလည်း ဘယ်လိုမှ နလန်မထူနိုင်ဘူး။ စစ်ရေးအရလည်း ပိုမိုကျယ်ပြန့်လာတယ်။ အကျပ်အတည်း ပေါင်းစုံကို ရင်ဆိုင်နေရတဲ့အခါကျတော့ အထူးသဖြင့် ကျွန်တော်တို့လူမျိုးစု တော်လှန်းရေးအဖွဲ့တွေကိုတော့ ဖြစ်နိုင်ရင် ဒီနေ့ဒီကာလမှာ ပြင်းထန်လာတဲ့ တစ်ပြည်လုံး အတိုင်းအတာဆောင်တဲ့ တော်လှန်ပုံကန်မှုတွေကို ရပ်စဲနိုင်ဖို့ အဓိကကျတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ချဉ်းကပ်တာဖြစ်တယ်”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ထို့အပြင် စစ်ကောင်စီနေဖြင့် နိုင်ငံတကာဘက်မှာလည်း အသိအမှတ်ပြုရေး အလားအလာမကောင်းသကဲ့သို့ စီးပွားရေးအရပါ ဒဏ်ခတ်ပိတ်ဆို့မှု ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေမှာရှိနေသေးကြောင်း ပဒိုစောတောနီး ကပြောသည်။

စစ်ကောင်စီမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို အောင်မြင်စေလိုပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်လိုကြောင်း ယခုဇွန် လ ၁၄ ရက် နေ့ရက်စွဲဖြင့် ဒုတိယအကြိမ်ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်စားအဆုံး အဖြတ်ပေးနိုင်မည့် ခေါင်းဆောင်နှင့်အဖွဲ့ဝင် ၂ ဦး၏ အမည်စာရင်းကိုလည်း ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပြန်ကြားစာပေးပို့ရန် ထုတ်ပြန်ချက်မှာပါရှိသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) က ယခင် မတက်ရောက်ကြောင်း ငြင်းဆိုထားသည့်အတိုင်း သဘောထားမပြောင်းလဲဟု ပဒိုစောတောနီးက DMG သို့ ဖြေကြားထားသည်။

အလားတူ စစ်ကောင်စီက ထပ်မံ၍ငြိမ်းချမ်းရေးဖိတ်ခေါ်ထားမှုအပေါ် ကချင်လွတ်မြောက် ရေးတပ်မ တော်(KIA) ကလည်း ယခင် ထုတ်ပြန်ထားသည့်အတိုင်း ပြောင်းလဲခြင်းမရှိသေးဟု KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဟုတ်ကဲ့ အခုလောလောဆယ်ကတော့ နံပတ်တစ်အပိုင်းမှာ မရှိသေးဘူး။ အရင်ကငြင်းဆိုထားတာပေါ့နော်။ မသွားဘူး၊ မတက်ရောက်ဘူးလို့ ပြောထားတယ်။ အခုလက်ရှိကတော့ ဒီအတိုင်းပဲဖြစ်တယ်။ ပြန်ပြီးတော့ သွားမှာလား၊ မသွားဘူးလားဆိုတာကတော့ ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်က ကျွန်တော့်ဆီကို ညွှန်ကြားချက်ဘာမှ မရှိသေးဘူး”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ရခိုင်ပြည်သူလူထု၏ ယုံကြည်မှုကို အခိုင်အမာရယူထားသည့် ရက္ခိုင့်တပ်တော်(ULA/AA)ကတော့ စစ်ကောင်စီ ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် မှန်ကန်သည့်ငြိမ်းချမ်းရေးဖြစ်၊ မဖြစ်ကို စောင့်ကြည့်ရမည်ဟု ပြောဆိုထားသည်။

 “ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာကတော့ ကောင်းတဲ့လက္ခဏာလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရ အောင်ဆွေးနွေးတာ အမှန်အကန်ဖြစ်ရဲ့လား၊မဖြစ်လားဆိုတာကို စောင့်ကြည့်ရမယ့်ကိစ္စဖြစ်တယ်။ အမှန် အကန်ငြိမ်းချမ်းရေးရအောင် ဆွေးနွေးရင်တော့ ဒါကကောင်းတယ်လို့ ပြောလို့ရတယ်။ဒါပေမဲ့ အကျပ်အတည်း ကာလတစ်ခုကို ဖြတ်ကျော်ဖို့အတွက် ငြိမ်းချမ်းရေးကို အသုံးချတဲ့ပုံစံမျိုးဆိုရင်တော့ ဒါကပြည်သူလူထုအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ပြောလို့ရတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအမှန်အကန်ရမယ်၊မရကို ရှေ့ဆက် စောင့်ကြည့်ရမယ့် အခြေအနေဖြစ်တယ်”ဟု ဦးခိုင်သုခက ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီမှ ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့် လက်မှတ်ရေးမထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တက်ရောက်ရန် စာရင်းပေးထားကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲမှ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် လက်မှတ်မထိုးရသေးသည့်  ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့်အမျိုး သားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-မိုင်းလား)တို့နှင့် စစ်ကောင်စီတို့ တွေ့ဆုံထားပြီးဖြစ်ကာ လက်ရှိတွင် ဒီမိုကရေစီအကျိုးပြုကရင့်တပ် မတော်(DKBA)နှင့်ပါ တွေ့ဆုံလျက်ရှိနေသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့နှင့် တွေ့ဆုံရန် ကျန်ရှိနေသေးသည်။

ဗီဒီယိုများ