စစ်တွေ ဆီတန်းမီးလောင်မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရ၊  ရခိုင်တွင် မီးလောင်မှုကြောင့် သေဆုံးသူ ၄ ဦး နှင့် ဒဏ်ရာရသူ ၂ ဦးအထိရှိလာ

နွေရာသီကူးပြောင်းစကာလ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရခိုင်ပြည်အတွင်း မီးလောင်မှုဖြစ်ပွားနေသည်မှာ နေ့စဉ်ရက်ဆက်ကဲ့သို့ ရှိလာနေသဖြင့် မီးအထူးသတိပြုရန် လိုအပ်နေသည်။

By Admin 04 Mar 2023

ဓာတ်ပုံ - ကျောက်ချိုင် (Facebook)
ဓာတ်ပုံ - ကျောက်ချိုင် (Facebook)

DMG ၊ မတ် ၄ 

ရခိုင်ပြည်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်၊ အမှတ် (၁၂) ရဲတပ်ရင်းရှေ့ရှိ စက်သုံးဆီအရောင်းဆိုင်တန်းတွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွား၍ ဆီဆိုင်တွင် လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ အသက် ၃၀ ကျော်အရွယ် ဦးမောင်ခင်လှ ဖြစ်ပြီး လက်နှစ်ဖက်နှင့် ခြေထောက်တို့တွင် အရေခွံကွာ မီးလောင်ဒဏ်ရာရရှိခဲ့သဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်ဖြိုးက ပြောသည်။ 

“ဒဏ်ရာက နည်းပါတယ်။ အခုဆေးရုံကို ရောက်နေပါပြီ။ ကန်တော်ကြီးရေကန်ဘောင်ပေါ်မှာ မီးဖိုထားတာရှိတယ်။ အဲဒီက မီးစ လာစင်တာ။ သူက ဆီဗူးတစ်ခုက နောက်ဆီဗူးတစ်ခုကို ထည့်နေတာ။ အဲဒီမှာ မီးစလောင်တာ။ ဆီဆိုင်လည်း မီးလောင်သွားတယ်။ အဲဒီဆီဗူးနှစ်ခုလောင်သွားတာနဲ့ သူပဲ ဒဏ်ရာနည်းနည်းရသွားတာ” ဟု သူက ပြောသည်။ 

နွေရာသီကူးပြောင်းစကာလ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရခိုင်ပြည်အတွင်း မီးလောင်မှုဖြစ်ပွားနေသည်မှာ နေ့စဉ်ရက်ဆက်ကဲ့သို့ ရှိလာနေသဖြင့် မီးအထူးသတိပြုရန် လိုအပ်နေသည်။ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ မတ်လ ၄ ရက်နေ့အထိ နှစ်လကျော်အတွင်း ရခိုင်ပြည်တွင် မီးလောင်မှုကြောင့် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၂ ဦး ရှိလာသည်။

မီးလောင်မှုကြောင့် သေဆုံးသူများမှာ ပုဏ္ဏားကျွန်းမှ ၁ ဦး၊ ကျောက်တော်မှ ၁ ဦးနှင့် မင်းပြားမှ ၁ ဦးနှင့် စစ်တွေမှ ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသူ ၂ ဦးမှာ မြောက်ဦးနှင့် စစ်တွေ မှဖြစ်ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ 

ရခိုင်တွင် ယခုနှစ်အစပိုင်းကပင် မီးလောင်ကျွမ်းမှု မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများအနေဖြင့် မီးသုံးစွဲမှုကို အထူးသတိပြုသင့်သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်ဖြိုးက ပြောသည်။ 

“အခုက နွေရာသီကိုလည်း ရောက်လာပြီဆိုတော့ ပိုပြီးတော့ သတိထားရပါတော့မယ်။ အထူးသဖြင့် ပေါ့ဆမှုတွေမဖြစ်အောင်ပေါ့။ မီးတွေကိုသေချာငြိမ်းရမယ်၊ လျှပ်စစ်မီးတွေကိုလည်း သေချာပိတ်ရမယ်ပေါ့။ မဟုတ်ရင် ဝါယာရှော့ဖြစ်တာမျိုးတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုက အမှိုက်တွေကို မီးရှို့ကြတဲ့အခါမှာ သေချာမီးငြိမ်းကြရမယ်” ဟု သူက ပြောသည်။ 

စစ်တွေဒေသခံ ကိုဦးသန်းနိုင်ကလည်း “အဓိကကတော့ အစိုးရအဖွဲ့ဖြစ်တဲ့ မီးသတ်တပ်ဖွဲ့က အသိပညာပေးမှုတွေ ပိုလုပ်ပေးရမယ်။ ရခိုင်မှာရှိတဲ့ CSO ၊ NGO တွေကလည်း အများကြီး ပြည်သူလူထုကို အသိပညာပေးတွေ လုပ်ပေးဖို့လိုအပ်တယ်။ နောက်ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း စည်ပင်၊ ရဲတပ်ဖွဲ့တို့ကလည်း လမ်းဘေးမှာရှိတဲ့ ဓာတ်ဆီဆိုင်တွေကို စနစ်တကျဖြစ်အောင် ထိန်းသိမ်ကြပ်မတ်ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။ 

ရခိုင်ပြည်တွင် ယခုနှစ်အတွင်း မီးလောင်မှု ၂၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃၈ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ 

မီးလောင်မှုဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ စစ်တွေတွင် ၃ ကြိမ်၊ ဘူးသီးတောင် ၃ ကြိမ်၊ မောင်တော ၄ ကြိမ်၊‌ ရသေ့တောင် ၁ ကြိမ်၊ ပုဏ္ဏားကျွန်း ၂ ကြိမ်၊ မင်းပြား ၃ ကြိမ်၊  မြောက်ဦး ၁ ကြိမ်၊ ပေါက်တော ၁ ကြိမ်၊ အမ်း ၂ ကြိမ်၊ မာန်အောင် ၂ ကြိမ်၊ ကျောက်ဖြူ ၃ ကြိမ်၊ သံတွဲ ၁ ကြိမ်၊ ဂွ ၁ ကြိမ်၊ စုစုပေါင်း မီးလောင်မှု ၂၇ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှုပေါင်း ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁,၃၆၉ သိန်းကျော်အထိရှိခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

#R005

ဗီဒီယိုများ