ပုလောတွင် ဂျင်းခရု လုပ်ကွက်များ သိမ်းဆည်းခံရသည့်အတွက် ဒေသခံများ အခက်အခဲတွေ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ဂျင်းခရုသဘာဝ မွေးမြူရေးလုပ်ကွက် မြေဧက ၅၀၀ ခန့်ကို စစ်ကောင်စီက တစ်နှစ်ကြာ သိမ်းဆည်းထားသည့်အတွက် ဒေသခံများ လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

By Admin 20 Dec 2022

ပုလောတွင် ဂျင်းခရု လုပ်ကွက်များ သိမ်းဆည်းခံရသည့်အတွက် ဒေသခံများ အခက်အခဲတွေ့

ဓာတ်ပုံ- လူမှုစာမျက်နှာ

DMG | ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ဂျင်းခရုသဘာဝ မွေးမြူရေးလုပ်ကွက် မြေဧက ၅၀၀ ခန့်ကို စစ်ကောင်စီက တစ်နှစ်ကြာ သိမ်းဆည်းထားသည့်အတွက် ဒေသခံများ လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါ ဂျင်းခရု လုပ်ကွက်များမှာ ပုလောမြို့နယ် ပလမြို့ရှိ ပုလောချောင်းဝမှ ပင်လယ်ပြင်အထိ နုန်းမြေ ဧက ၅၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကနေ စစ်ကောင်စီက နိုင်ငံတော်ပိုင် ရေထွက်လုပ်ငန်းစီမံချက်ဟုဆိုကာ လာရောက် ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပုလောမြိုခံတစ်ဦးက “ ဂျင်းခရု လုပ်ကွက်နုန်းမြေတွေ အသိမ်းခံရတာ တစ်နှစ်ကျော်ပြီ။ မနှစ်က ဒီလိုချိန်မှာလာ သိမ်းသွားတာ။ ဘာမှ အကြောင်းကြားတာလည်း မရှိဘူး။ စစ်တပ်တွေ ဆင်းပြီး သိမ်းပြီးတော့ သူတို့နဲ့အဆင်ပြေသူ နှစ်ဦးသုံးဦးကို လုပ်ကွက် ပြန်ချပေးသွားတယ်။ အရင်က လုပ်ကွက်ရသူတွေကတော့ အကုန်ဆုံးရှုံးသွားတယ် ” ဟု ပြောသည်။

ထို့အပြင် လက်ရှိတွင် စစ်‌ကောင်စီ၏ ဂျင်းခရုမွေးမြူရေး လုပ်ကွက် လုပ်ကိုင်ခွင့်ရသူများမှာ ၎င်းတို့နှင့် သက်ဆိုင်သည့်နေရာများတွင် လုပ်ကိုင်မှုအပြင် ပြင်ပရှိ နုန်းမြေများအထိ လာရောက် လုပ်ကိုင်နေမှုများကြောင့် ဒေသခံများအတွက် ဝမ်းစာရှာဖွေ စားသောက်ရာတွင် အခက်အခဲဖြစ်နေရသည်။

“ သူတို့အတွက် ဧက ၅၀၀ ပေးထားတာကို မလောက်သေးဘူး။ အပြင်က နုန်းမြေတွေကိုပါ လာသိမ်းတယ်။ အဲဒီ အနီးအနားကို ဂျင်းခရုလိုက်ရှာတဲ့ ရွာခံတွေကို ရန်ရှာတယ်။ စစ်တပ်တွေကိုပါ ခေါ်ပြီး ခြိမ်းခြောက်ခံရတယ် ” ဟု ပလဒေမြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါ ဂျင်းခရု မွေးမြူရေးလုပ်ငန်းကို NLD အစိုးရ လက်ထက် ၂၀၁၇ ခုနှစ်က ငါးလုပ်ငန်း ဦးစီးဌာနက အိမ်ထောင်စု ၁ စုလျှင် နှုန်းမြေ ဧက ၃၀ ဖြင့် အိမ်ထောင်စု ၂၀ အထိ လုပ်ပိုင်ခွင့်လိုင်စင် ထုတ်ပေးခဲ့ကာ တစ်နှစ်လျှင်တစ်ကြိမ် လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ရကြောင်း သိရသည်။

အဆိုပါ ဂျင်းခရုမှာ တစ်ကီလိုလျှင် မြန်မာငွေ ၇၀၀၀ ကျပ် ၊ ထိုင်း ဘတ်ငွေ ၁၀၀ ဝန်းကျင်အထိ ရရှိပြီး ပြည်တွင်း ပြည်ပ ဝင်ငွေရသည့် ဒေသခံ လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပုလောမြို့နယ်ရှိ ရေထွက်ပစ္စည်း မွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ ဂျင်းခရုက တစ်ကီလိုကို မြန်မာငွေ ၇၀၀၀ ရတယ်။ ထိုင်းဘတ်ငွေနဲ့ ဆို ၁၀၀ ပေါ့။ ပြည်တွင်း ပြည်ပ ဝင်ငွေရတဲ့ လုပ်ငန်းဖြစ်တယ်။ အခုလိုမျိုး မွေးမြူရေး လုပ်ကွက်တွေ လိုက်သိမ်းတာက ဒေသခံရွာသားတွေအတွက် အခက်အခဲ ဖြစ်သွားတယ် ” ဟု ၄င်းက ပြောသည်။

တနင်္သာရီမှ ဂျင်းခရုများကို မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းအပြင် ထိုင်းနိုင်ငံသို့ နှစ်စဥ် ပို့ဆောင်နေရပြီး ပြည်တွင်း ပြည်ပဝင်ငွေ ရရှိထားသည့် ဒေသထွက် ရေလုပ်ငန်းတစ်ခုလည်း ဖြစ်သည်။

ဗီဒီယိုများ