ရခိုင်တွင် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် ဖြည့်တင်းနိုင်ရန် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ထပ်မံဖွင့်လှစ်မည်

ရခိုင်ပြည်တွင် စစ်တွေမြို့တစ်ခုတည်း၌သာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ထားသည်။ 

By Admin 18 Feb 2023

ဓာတ်ပုံ - Kyaw Lwin Oo (Facebook)
ဓာတ်ပုံ - Kyaw Lwin Oo (Facebook)

DMG ၊ ဖေဖော်ဝါရီ ၁၈ 

ရခိုင်ပြည်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်းလိုအပ်နေမှုအား ဖြည့်တင်းနိုင်ရန်အတွက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း အသစ်တစ်ခုကို ကျောက်ဖြူမြို့၌ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

အဆိုပါသင်တန်းကျောင်းတွင် သူနာပြုပညာရပ်နှင့် ဘက်စုံသားဖွားပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး သူနာပြုအတတ်ပညာသင်တန်း ၃ နှစ်၊ ဘက်စုံသားဖွားဒီပလိုမာသင်တန်း ၂ နှစ် တက်ရောက်သင်ကြားရမည် ဖြစ်သည်။ သင်တန်းကျောင်းတက်ရောက်ပြီးစီးပါက ဒီပလိုမာလက်မှတ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

“ကျောင်းတိုးချဲ့ဖွင့်လှစ်ရင်တော့ ဆိုင်ရာဒေသတွေမှာ ဆေးပညာကိုစိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေကို ပိုတိုးခေါ်နိုင်မယ်။ ဆေးရုံ၊ ဆေးခန်းတွေ၊ ပြည်သူ့ကျန်းမာရေးဌာနတွေမှာ လိုအပ်တဲ့လူအင်အားကို ပိုတိုးချဲ့ပြီးခန့်နိုင်မယ်ပေါ့” ဟု ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာဇော်ဇော်အောင်က ပြောသည်။

အဆိုပါသင်တန်းကျောင်းကို လာမည့် ၂၀၂၃-၂၄ ပညာသင်နှစ်အတွင်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး စစ်တွေမြို့သူနာပြုသင်တန်းကျောင်း၌ တက်ရောက်သင်ယူရန် လျှောက်ထားရာတွင် ရွေးချယ်မခံလိုက်ရသူများ အနေဖြင့် ယခုအသစ်ဖွင့်လှစ်မည့် သင်တန်းကျောင်း၌သင်ယူနိုင်ရန် ထပ်မံလျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

“ကျောင်းကို အမြန်ဆုံးဖွင့်လှစ်နိုင်အောင်တော့ ကြိုးစားနေကြပါတယ်။ အဆောက်အအုံလည်း ဆောက်ပြီးပြီ။ ကျောင်းအုပ်ဆရာကြီးလည်း ရှိနေပါပြီ။ အဓိကတော့ ရခိုင်ပြည်တောင်ပိုင်းမြို့တွေက သူတွေကို အဲ့ကျောင်းမှာ တက်ရောက်နိုင်ဖို့ ပိုပြီးရွေးချယ်ဖြစ်မယ်။ ဒါပေမယ့် အခုသင်တန်းက ၂၀၂၁ ခုနှစ်နဲ့ ရှေ့နှစ်ကအောင်တဲ့သူတွေကို ခေါ်နေတဲ့ အသုတ်ဖြစ်တာကြောင့်၂၀၂၂ ခုနှစ်မှာ အောင်မြင်ထားတဲ့သူတွေတော့ တက်ရောက်လို့မရသေးပါဘူး” ဟု ဒေါက်တာဇော်ဇော်အောင်က ဆက်ပြောသည်။ 

ရခိုင်ပြည်တွင် စစ်တွေမြို့တစ်ခုတည်း၌သာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ထားသည်။ 

ကျောက်ဖြူတွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသစ် ဖွင့်လှစ်လိုက်ပါက တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ စသည့်မြို့နယ်များမှ သူနာပြုသင်တန်း တက်ရောက်လိုသူများမှာ ပိုမိုအဆင်ပြေနိုင်၍ ကျောင်းဖွင့်လှစ်မည်ကို ကြိုဆိုကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

“အရင်က သူနာပြုသင်တန်းတက်မယ်ဆို စစ်တွေကကျောင်းမှာ သွားတက်ကြရတယ်။ တောင်ပိုင်းက လူတွေအတွက်ကျတော့ အများကြီး အခက်အခဲဖြစ်တာပေါ့။ နေစရိတ်၊ စားစရိတ်တွေက ဈေးကြီးတယ်လေ။ အခုကျောက်ဖြူမှာပါ ဖွင့်မယ်ဆိုတော့ ဝမ်းသာတာပေါ့”ဟု မာန်အောင်ဒေသခံ မချစ်စုက ပြောသည်။

ကျောက်ဖြူသူနာပြုသင်တန်းကျောင်းအား တက်ရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်ဆေးရုံနှင့် ပြည်သူ့ကျန်းမာရေးဌာနများမှ လျှောက်လွှာများထုတ်ယူနိုင်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း စုံစမ်းသိရှိရသည်။

#I005

ဗီဒီယိုများ