ဖမ်းဆီးခံ စစ်တွေဒေသခံ ၇ ဦးနှင့် အဆက်အသွယ်မရသေး

စစ်တွေဒေသခံ ၇ ဦးကို ဖမ်းဆီးစဉ် ရိုက်နှက်မှုများရှိခဲ့ပြီး ၎င်းတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လတ်တလောတွင် မသိရသေးပါ။

By Admin 15 Oct 2022

ဖမ်းဆီးခံ စစ်တွေဒေသခံ ၇ ဦးနှင့် အဆက်အသွယ်မရသေး

စစ်တွေမြို့မှ အချုပ်ကားတစ်စီးကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၅

မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည့် ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုအကွက်(၂)မှ ဒေသခံ(၇)ဦးနှင့် အဆက်အသွယ်မရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း သိရသည်။

မြန်မာစစ်တပ်သည် အောက်တိုဘာလ ၁၃ ရက်နေ့၊ ညနေ ၁၁ နာရီခန့်တွင် အဆိုပါဒေသခံများကို နေအိမ်အသီးသီးသို့ ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ ဦးခင်မောင်ကျော်၊ ဦးသန်းကျော်နိုင်၊ ဦးအောင်သန်းဝင်း၊ ဦးမောင်သန်းဌေး၊ ဦးထွန်းဝင်းနိုင်နှင့် ယင်းရပ်ကွက်တွင် လာရောက်နေထိုင်သူ နှစ်ဦးတို့ ပါဝင်သည်။

မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် ခြံတံခါးများကို ကန်ကျောက်ကာ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဦးခင်မောင်ဇော်၏ သမီးက DMG ကိုပြောသည်။

“ဒီအိမ်က ခင်မောင်ကျော်အိမ်လားဆိုပြီး လူတွေကိုလည်း မနှိုးပဲ အိမ်ရှေ့ခြံတခါးကို ကန်ကျောက်ပြီး ဖွင့်ကြတယ်။ ထပ်ပြီး အထဲက တံခါးကိုဖွင့်တယ်။ အဖေနိုးပြီးထတော့ ဆွဲယူသွားတယ်။ ကျွန်မ ထွက်ကြည့်တော့ စစ်သားတစ်ယောက်က သေနတ်နဲ့ထောက်ပြီး အထဲမှာထိုင်နေ၊ အပြင်ကို လုံးဝမထွက်နဲ့ဆိုပြီးပြောတယ်။ အဖေကို နာမည်တစ်လုံးကိုမေးပြီး အပြင်မှာ ဝိုင်းရိုက်ကြတယ်”ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူ ကိုသန်းကျော်နိုင်၏ ဇနီးဖြစ်သူကလည်း ၄င်း၏လင်ယောကျ်ားကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း၊ မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မပြောဆိုခဲ့ကြောင်း ဆိုသည်။

“သန်းကျော်နိုင် မရှိဘူးလားမေးတယ်။ သူကအိပ်နေတယ်။ နိုးလာပြီး အောက်ကိုဆင်းသွားတော့  ရိုက်ပြီးခေါ်သွားတယ်။ လက်ထိပ်ခတ်ပြီး ခေါ်သွားတာပါ။ အိမ်ပေါ်က ချောင်းကြည့်နေတုန်းက စစ်သား အယောက် ၈၀ နီးပါးလောက်တောင် မြင်လိုက်တယ်။ ဘာအမှုနဲ့ဖမ်းလဲဆိုတာတောင် မပြောခဲ့ပါ။ ဘယ်နေရာကို ခေါ်သွားမှန်းမသိလို့ ဘယ်ကစပြီး လိုက်ရှာရမှန်းတောင် မသိပါ”ဟု သူကပြောသည်။

ဖမ်းဆီးခံရသူများမှာ မည်သည့်အပြစ်မျှ ပြုလုပ်ထားခြင်းမရှိသဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် လိုလားကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

အဆိုပါ စစ်တွေဒေသခံ ၇ ဦးကို ဖမ်းဆီးသည့်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ဗီဒီယိုများ