INGO/NGO များကို လွတ်လပ်စွာသွားလာခွင့်ပေးရန် ရခိုင်က စစ်ဘေးရှောင်များ တောင်းဆို

စစ်ကောင်စီသည် ဒုက္ခရောက်နေကြသည့် စစ်ဘေးရှောင်များကို မကူညီသည့်အပြင် ထောက်ပံ့မှုများ ပြုလုပ်နေသည့် INGO/NGO ကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားသဖြင့် စစ်ဘေးရှောင်များ အတိဒုက္ခရောက်နေကြသည်။

By Admin 18 Oct 2022

INGO/NGO များကို လွတ်လပ်စွာသွားလာခွင့်ပေးရန် ရခိုင်က စစ်ဘေးရှောင်များ တောင်းဆို

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၈

ရခိုင်ပြည်အတွင်းတွင် တိုက်ပွဲတကျော့ပြန် ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီသည် INGO/NGO များကို ခရီးသွားလာခွင့် ပိတ်ပင်လိုက်သဖြင့် စစ်ဘေးရှောင်များမှာ အငတ်ဘေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ မရရှိနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။

စစ်ကောင်စီသည် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ မထောက်ပံ့သည့်အပြင် ရခိုင်ပြည်အတွင်းက မြို့နယ်(၆)မြို့နယ်ကိုလည်း အကူအညီပေးရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများကို စက်တင်ဘာလ ၁၅ ရက်နေ့က ညွှန်ကြားခဲ့သည်။ ထို့ကြောင့် အကူအညီမဲ့နေသော စစ်ဘေးရှောင်များမှာ အလုံးစုံ ဒုက္ခရောက်နေကြခြင်းဖြစ်သည်ဟု ဆိုကြသည်။

“အခုလက်ရှိကတော့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းတာတွေ၊ စစ်ဘေးရှောင်တွေကို လာလှူကြတဲ့ UN ဖြစ်ဖြစ်၊ တခြားလှုမှုအဖွဲ့တွေကိုရော အကန့်အသတ်တွေလုပ်ပြီး တားမြစ်တာတော့ ကျွန်တော်ကတော့ မသင့်တော်ဘူးလို့ မြင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အကူအညီပေးသင့်တာလို့ပဲမြင်ပါတယ်”ဟု ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဦးသန်းအေးက DMG ကိုပြောသည်။

စစ်ကောင်စီအနေဖြင့် လွန်ခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လတို့မှ စတင်ကာ စစ်ဘေးရှောင်များကို ဆန်ရိက္ခာ ထောက်ပံ့မှု မပြုလုပ်တော့ပေ။ လက်ရှိတွင် WFP မှ လူတစ်ဦးလျှင် ငွေ ၁၈၀၀၀ ကျပ် ထောက်ပံ့မှုကိုသာ စစ်ဘေးရှောင်များ အားကိုးနေရသည်။ သို့ရာတွင် စားရေးသောက်ရေး အဆင်မပြေသောကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုံ ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စစ်ဘေး‌ရှောင်တွေကို အရင်လို ပြန်ပြီးထောက်ပံ့စေချင်တယ်လို့ တောင်းဆိုချင်ပါတယ်။ ဘာကြောင့်လဲဆို အခုက ကုန်စျေးနှုန်းတွေ တက်လာတာလည်း မလွယ်ကူပါဘူး။ WFP ကပေးတဲ့ ငွေ ၁၈၀၀၀ ကျပ်နဲ့ ဘယ်လို အဆင်ပြေကြပါ့မလဲ။ စဉ်းစားကြည့်ပါ။  ပြီးရင် စခန်းကလူတွေက အပြင်ကအလုပ်တွေ သိပ်မရကြပါ။ စားရေးသောက်ရေးနဲ့ပတ်သက်လို့ အများကြီး ဒုက္ခရောက်နေကြပါတယ်။ ရှိတာတွေကို ချရောင်း၊ မရှိတဲ့ လူတွေကျတော့လည်း ဟိုကချေးငှား၊ ဒီကချေးငှားပြီး စားသောက်နေကြရတယ်”ဟု ၎င်းကပြောသည်။

တစ်ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားလာသည်နှင့်အမျှ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များကို ကုန်းလမ်း၊ရေလမ်း သွားလာခွင့် ပိတ်ပင်ထားမှုများရှိသည်။ အချို့မြို့နယ်များတွင် သွားလာရာ၌ ဟန့်တားစစ်ဆေးမှုများရှိနေသောကြောင့် ကုန်စည်စီးဆင်းနည်းပါးသွားပြီး ကုန်စျေးနှုန်းများလည်း အလွန်မြင့်တက်သွားသဖြင့် စစ်ဘေးရှောင်များ ပိုမိုဒုက္ခရောက်ရသည်ဟု ရသေ့တောင်မြို့နယ်မှ လူမှုကူညီရေး ပြုလုပ်နေသူတစ်ဦးက ဆိုသည်။

“လမ်းကို အဓိကဖွင့်ပေးဖို့လိုတယ်။ ကျွန်တော်တို့ စားနပ်ရိက္ခာပိုင်းတွေ အခက်အခဲရှိတယ်။ ကုန်စျေးနှုန်း မြင့်တာကလည်း လူတိုင်းသိတဲ့အတိုင်းပါ။ ကျန်းမာရေးဆိုလည်း ကိုယ်ဝန်သည်တွေကို ပို့ဆောင်ရတာတွေ အခက်အခဲရှိတယ်။ လမ်းကြောင်းကပိတ်ထားတော့ စုံစမ်းပြီးမှတခါ စစ်သားတွေ ချောင်းနားမှာ မရှိမဲ့အချိန်တွေကိုကြည့်ပြီး ချောင်းကြားလေးတွေကနေ ပို့ပေးနေရတယ်”ဟု သူကပြောသည်။

တစ်ဖက်တွင်လည်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် ရခိုင်ပြည်အတွင်းက လူမှုကူညီရေး အဖွဲ့အစည်းများကို သွားလာခွင့်ကန့်သတ်ခြင်း၊ ကူညီထောက်ပံ့ပေးမှု ပြုလုပ်နေသူအချို့ကိုလည်း မြန်မာစစ်တပ်က ဖမ်းဆီးရန်ကြိုးပမ်းမှုများ ရှိနေသဖြင့် စစ်ဘေးရှောင်များလက်ထဲသို့ လူသားချင်း စာနာထောက်ပံ့ရေးပစ္စည်းများ လွယ်လွယ်ကူကူ မရောက်ရှိတော့ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ဆိုကြသည်။

စစ်ဘေးရှောင်အရေး ကူညီထောက်ပံ့နေသည့် အရှင်သဘာဝနဒီက “ပရဟိတသမားတွေကိုလည်း နိုင်ငံတော် ဆူပှုလှုံ့ဆော်မှုတွေနဲ့ ဝရမ်းထုတ်နေကြတယ်။ ဒါ့အပြင် ဝရမ်းမထုတ်တဲ့လူတွေဆိုလည်း အိမ်တွေကိုဝိုင်းပြီး စောင့်ကြည့်ခံနေရတာတွေရှိတယ်။ တကယ်ဆို နိုင်ငံတစ်ခုမှာ ပြည်သူတွေဒုက္ခရောက်လာရင် အစိုးရမှာ တာဝန်အရှိဆုံးပါ။ ကိုယ်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေက စစ်ဘေးရှောင်တွေကို ကူညီတယ်ဆိုတာက အစိုးရကို လုပ်အားပေးနေတာပဲဖြစ်တယ်”ဟု မိန့်သည်။

သြဂုတ်လမှ စတင်ဖြစ်ပွားသော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့အထိ ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ဘေးရှောင် ၁၇၄၀၀ အထိ ရှိလာသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ထားသည်။
အလားတူ ရခိုင်ပြည်တွင် ယခင်တိုက်ပွဲကာလကပင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၇၆၈၆၇ ဦးရှိကြောင်း  ဉာဏ်လင်းသစ် သုတေသနအဖွဲ့အစည်းက စက်တင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“အသွားအလာကန့်သတ်မှုတွေ၊ တိုးမြှင့်လာတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ လမ်းပိတ်ဆို့မှုတွေ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေကို ကန့်သတ်မှုတွေက ပြည်နယ်တဝှမ်းမှာ ရွှေ့ပြောင်းနေထိုင်ရသူတွေနဲ့ ထိခိုက်ခံစားရသူတွေရဲ့ လက်ရှိအခက်အခဲတွေကို ပိုပြီးဆိုးဝါးစေပါတယ်”ဟု UNOCHA ၏ အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ရာမှ  ၂၀၂၀ ခု၊ နိုဝင်ဘာလ ပထမပတ်တွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။ ထို့နောက် ယခုနှစ်၊ သြဂုတ်လမှစတင်ကာ နှစ်ဖက်တိုက်ပွဲ ပြန်လည်ပြင်းထန်လာပြီး စစ်ဘေးရှောင်ဦးရေမှာလည်း တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်သည်။

ဗီဒီယိုများ