ကြာအင်းဆိပ်ကြီးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ

ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာအနီး၌ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှ ယနေ့အချိန်ထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားနေကြသည်။

By Admin 03 Jan 2023

ကြာအင်းဆိပ်ကြီးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ

တောင်စွန်းကျေးရွာသားများ တောတောင်ထဲတွင် ထွက်ပြေးနေကြစဉ်။ / ဓာတ်ပုံ- CJ

DMG ၊ ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းကျေးရွာတွင် သုံးရက်ကြာတိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံနှစ်ထောင်ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာအနီး၌ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှ ယနေ့အချိန်ထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

KNU တပ်မဟာ (၆) သတင်းရင်းမြစ်တစ်ဉီးက “ တောင်စွန်းကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်နေတာ။ ဒီလ ၁ ရက်နေ့ထဲက နယ်ခြားစောင့်တပ် စခန်းကုန်းနှစ်ခု သိမ်းပိုက်ခံရတာက စတာပေါ့။ ဒီနေ့ မနက်မှာလည်း လေကြောင်းနဲ့ လာပစ်နေတာရှိတယ် ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့နှင့် ဇန်နဝါရီ လ ၂ ရက်နေ့တို့၌ တောင်စွန်းကျေးရွာရှိ နယ်ခြားစောင့်တပ်(BGF) စခန်းနှစ်ခုကို KTLA ၏ Lion Battalion Commando -ဗျူဟာစစ်ကြောင်းနှင့် KNU တပ်မဟာ ၆၊ KNLA ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်သိမ်းပိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း Lion Battalion Commando ဗျူဟာစစ်ကြောင်းက ဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် တောင်စွန်းကျေးရွာဒေသခံ နှစ်ထောင်ကျော်မှာ နီးစပ်သည့်တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေး အခက်အခဲများဖြစ်နေရကြောင်း သိရသည်။

“မနက်ရောညပါ ရဟတ်ယာဉ်တွေနဲ့ ရွာထဲကို လိုက်ပစ်နေတာဗျ။ အခုက ကျနော်တို့ တောတောင်ထဲကို မနည်းလွတ်အောင် ပြေးခဲ့ရတယ်။ နေထိုင်ဖို့ ဘာမှမပါလာတော့ အခက်ခဲနဲ့ ရင်ဆိုင်နေရပါတယ် ” ဟု တောင်စွန်းကျေးရွာသားတစ်ဦးက ဆိုသည်။ 

ထို့အပြင် ယနေ့ နံနက် ၈ နာရီခွဲအချိန်မှ ညနေ ၃ နာရီခွဲဝန်းကျင်အထိ တောင်စွန်းကျေးရွာ အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေကြောင်း ကြာအင်းဆိပ်ကြီးမြို့ခံများက ပြောဆိုသည်။

“မနက်စောစောကနေ အခုညနေအထိ တောင်စွန်းဘက်ကို ရဟတ်ယာဉ်တွေ တက်သွားတာ တွေ့လိုက်ရတယ်။ မော်လမြိုင်ကနေ နှစ်စီးတက်လာတာ။ အခုထိ ဗုံးကြဲနေတုန်းပါပဲ ” ဟု ကြာအင်းဆိပ်ကြီး မြို့ခံတစ်ဦးကပြောသည်။

တောင်စွန်းကျေးရွာရှိ နယ်ခြားစောင့်တပ်စခန်းကုန်း တိုက်ခိုက်ခံရမှုနှင့် ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားနေမှုအပေါ် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

လက်ရှိတွင် စစ်ကောင်စီတပ်က တောင်စွန်းကျေးရွာအနီးတဝိုက်သို့ အသွားအလာ ပိတ်ပင်ထားမှုကြောင့် စစ်ဘေးရှောင်များမှာ တောတောင်အတွင်း ပိတ်မိနေပြီး လူမှုကူညီရေးအသင်းများမှာလည်း ကြာအင်းဆိပ်ကြီးမြို့တွင်း၌သာ စောင့်ဆိုင်းနေရကြောင်း မြို့ခံများထံက သိရသည်။

ဗီဒီယိုများ