ကလိန်အောင်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖွင့်လှစ်ထားသည့် ကလိန်အောင်တံတားစစ်ဆေးရေးဂိတ် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

By Admin 15 Oct 2022

ကလိန်အောင်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက တိုက်ခိုက်

ကလိန်အောင် မြစ်ကူးတံတားကို တွေ့ရစဉ်။ / ဓာတ်ပုံ- CJ

DMG ၊ အောက်တိုဘာ ၁၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖွင့်လှစ်ထားသည့် ကလိန်အောင်တံတားစစ်ဆေးရေးဂိတ် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ယမန်နေ့(အောက်တိုဘာ ၁၄ ရက်)က ရေး-ထားဝယ် မြစ်ကူးတံတားဖြစ်သည့် ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်ကို နံနက်(၄)နာရီအချိန်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကလိန်အောင်မြို့ခံတစ်ဦးကပြောသည်။

“မနက်အစောကြီးကတည်းက သေနတ်သံတွေ ဆူညံနေတယ်။ ကလိန်အောင်တံတားကြီး စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရတာ။ နှစ်ဖက်ပစ်ခတ်ပြီး တိုက်ပွဲလည်းဖြစ်ခဲ့ပါတယ်”ဟု အဆိုပါမြို့ခံကဆိုသည်။

ထို့သို့ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား (၅)ဦးခန့် ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ကလိန်အောင်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။

“တံတားဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သားငါးဦး ပစ်ခတ်ခံရပြီးတော့ နေရာမှာပဲသေဆုံးပါတယ်။ အလောင်းတွေကို ကလိန်အောင်ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်”ဟု အမည်မဖော်လိုသည့် လူမှုကူညီရေး အသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်သည်ကို ထုတ်ပြန်ထားခြင်းများမရှိသေးသဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
အဆိုပါနယ်မြေအတွင်းတွင် KNU တပ်မဟာ(၄) KNDO နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ လှုပ်ရှားမှုများ ရှိနေသည်။

စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရမှုကြောင့် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်မှ တံတားကို ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုများရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

“တံတားပေါ်သွားလာနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို အကုန်စစ်နေတယ်။ တံတားဂိတ်အပစ်ခံရလို့ စစ်ဆေးရေး တင်းကြပ်ထားတယ်လို့ သိရပါတယ်”ဟု ဒေသခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့ကလည်း ရေးမြို့မှ ထားဝယ်မြို့သို့ အင်အားဖြည့်ရန်လာရောက်သည့် ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကလိန်အောင်မြို့နယ်၊ မရမ်းချောင်းကျေးရွာနှင့် ကော့လှိုင်ကျေးရွာအကြားတွင် KNU တပ်မဟာ(၄) KNDO နှင့် ဒေသခံကာကွယ်ရေးအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဗီဒီယိုများ