ကန့်ဘလူတွင် လေးလအတွင်း စစ်ဘေးရှောင် ၃၀ ကျော် မြွေကိုက်ခံရ၊ သေဆုံးသူများလည်းရှိလာ

စစ်ဘေးရှောင်ဒေသခံများအတွက် အချိန်မီ ဆေးကုသပေးနိုင်ရန် အကူအညီများလိုအပ်နေပြီး လက်ရှိအခြေအနေအရ မြွေဆိပ်ဖြေဆေးများ ဝယ်ယူရာတွင်လည်း ဈေးနှုန်းကြီးမြင့်မှု၊ သွားလာရေးခက်ခဲမှုတို့နှင့် ရင်ဆိုင်နေရသည်။

By Admin 17 Oct 2022

ကန့်ဘလူတွင် လေးလအတွင်း စစ်ဘေးရှောင် ၃၀ ကျော် မြွေကိုက်ခံရ၊ သေဆုံးသူများလည်းရှိလာ

ကန့်ဘလူ ဇော်ချောင်းကျေးရွာရှိ စစ်ဘေးရှောင်အချို့ မြွေကိုက်ခံရမှုကြောင့် ဆေးကုသမှု ခံယူနေစဉ်။ / ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

DMG ၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့်ဇွန်လမှ ယခုအောက်တိုဘာလအထိ ကာလအတွင်း တိုက်ပွဲများကြောင့် နေရပ်စွန်ခွာတိမ်းရှောင်နေရသည့် ဒေသခံများထဲမှ မြွေကိုက်ခံရသူ (၃၀)ဦးကျော်ထိ ရှိလာနေကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းဒေသရှိ ဇော်ချောင်း၊ အလယ်ခုံ၊ သင်တောနှင့် လွင်ကြီး စသည့် ကျေးရွာ(၄)ခုတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒေသခံများတွင် မြွေကိုက်ခံရသူ (၃၀)ကျော်အထိရှိနေကြောင်း စစ်ဘေးရှောင်များကို ဆေးကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ကန့်ဘလူမြို့ မြောက်ခြမ်းက ရွာတွေမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတာကြာပြီ။ တိုက်ပွဲတွေဖြစ်လို့ တိမ်းရှောင်ရင်း တချို့ရွာသားတွေ တောတောင်၊ လယ်ကွင်းလမ်းတွေကဖြတ်ရင်း မြွေအကိုက်ခံရတာ များပါတယ်။ မြွေအကိုက်ခံရတဲ့သူက အခုအထိ ၃၀ ဦးကျော်ရှိနေပါတယ်”ဟု အဆိုပါ ကျန်းမာရေးဝန်ထမ်းက ပြောသည်။

ထိုသို့ တောတောင်အတွင်း ထွက်ပြေးရသည့် စစ်ဘေးရှောင် (၃)ဦးမှာ အောက်တိုဘာလ ၁၀ ရက်မှ ၁၄ ရက်နေ့အတွင်း မြွေကိုက်ခံခဲ့ရကြောင်း သိရသည်။

ဇော်ချောင်းကျေးရွာမှ အသက်(၂၃)နှစ်အရွယ်တစ်ဦး၊ အသက်(၃၈)နှစ်အရွယ်တစ်ဦးနှင့် အသက်(၅၀)နှစ်အရွယ် တစ်ဦးတို့မှာ မြေပွေးအကိုက်ခံရပြီး မြွေဆိပ်ဖြေဆေးအချိန်မီထိုးနှံ့ပေးမှုကြောင့် အသက်သေဆုံးမှုမရှိဟုလည်း စစ်ဘေးရှောင်များကိုကုသပေးနေသူ ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

သို့သော်လည်း တချို့မှာ ဆေးထိုးချိန် နောက်ကျမှုနှင့် မြွေဆိပ်ဖြေဆေး အလုံအလောက်မရှိမှုတို့ကြောင့် အသက်ဆုံးရှုံးရသူ (၄)ဦးရှိခဲ့ကြောင်းလည်း နောက်ထပ်ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

“မြွေအကိုက်ခံရချိန် ဆေးမီသွားလို့ အသက်မဆုံးရှုံးတဲ့သူတွေလည်း ရှိပါတယ်။ တချို့ကတော့ ဆေးမမီတာ။ မြွေဆိပ်ဖြေဆေး မလုံလောက်တာကြောင့်လည်းပါတယ်။ အဲဒါကြောင့် အသက်ဆုံးရှုံးသွားရတဲ့ သူတွေလဲ ရှိခဲ့တယ်”ဟု ၎င်းကဆိုသည်။

ယင်းကြောင့် စစ်ဘေးရှောင်ဒေသခံများအတွက် အချိန်မီ ဆေးကုသပေးနိုင်ရန် အကူအညီများလိုအပ်နေပြီး လက်ရှိအခြေအနေအရ မြွေဆိပ်ဖြေဆေးများ ဝယ်ယူရာတွင်လည်း ဈေးနှုန်းကြီးမြင့်မှု၊ သွားလာရေးခက်ခဲမှုတို့နှင့် ရင်ဆိုင်နေရကြောင်း ကန့်ဘလူ စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

“သူတို့အတွက် မြွေအန္တရာယ်ကလည်း ခဏခဏကြုံနေရတော့ အဆိပ်ဖြေဆေးတွေ ဝယ်ဖို့ကလည်း BPI တစ်လုံးကို အနည်းဆုံးသုံးသောင်းကျော်ရှိတယ်။ အိန္ဒိယထုတ်ဖြေဆေးဆိုရင်လည်း တစ်လုံးကို ငါးသောင်းခွဲကနေ ခြောက်သောင်းလောက်ရှိတယ်။ ငွေကြေးအခက်အခဲ ရှိနေတယ်။ မှာလို့လည်းမလွယ်ကူသလို သွားဝယ်ဖို့လည်း မလွယ်ကူဘူးဖြစ်နေတယ်။ စစ်ကောင်စီက လမ်းမှာဖမ်းဆီးခံရမှာလည်း ကြောက်ပါတယ်”ဟု ကန့်ဘလူ စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

အဆိုပါမြွေကိုက်ခံရသူများတွင် မြေပွေး၊ မြွေဟောက်နှင့် ငန်းတော်ကျား စသည့်တို့ကို အများဆုံး တွေ့ရကြောင်းလည်း ဒေသခံများထံမှသိရသည်။

ကန့်ဘလူဒေသတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံများမှာ မကြာခဏဆိုသလို နီးစပ်ရာတောတောင်များသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

ဗီဒီယိုများ