တံတားမိုင်းခွဲခံရမှုကြောင့် ကော့ကရိတ်- မြဝတီ အာရှလမ်းမတွင် ယာဥ်သွားလာရခက်ခဲနေ

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ် အာရှလမ်းမပေါ်ရှိ တောနော်ရေတံခွန်တံတား မိုင်းခွဲခံရမှုကြောင့် လက်ရှိတွင် ယာဥ်သွားလာတချို့ ရပ်တန့်ထားရသလို တချို့မှာ ခက်ခက်ခဲခဲ သွားလာနေရကြောင်း ဒေသခံနှင့်ကားသမားများထံမှ သိရသည်။

By Admin 21 Dec 2022

တံတားမိုင်းခွဲခံရမှုကြောင့် ကော့ကရိတ်- မြဝတီ အာရှလမ်းမတွင် ယာဥ်သွားလာရခက်ခဲနေ

ကော့ကရိတ်-မြဝတီ အာရှလမ်းမ ကားအသွားအလာရပ်တန့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- CJ

DMG | ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ် အာရှလမ်းမပေါ်ရှိ တောနော်ရေတံခွန်တံတား မိုင်းခွဲခံရမှုကြောင့် လက်ရှိတွင် ယာဥ်သွားလာတချို့ ရပ်တန့်ထားရသလို တချို့မှာ ခက်ခက်ခဲခဲ သွားလာနေရကြောင်း ဒေသခံနှင့်ကားသမားများထံမှ သိရသည်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမပိုင်း မိုင်တိုင် အမှတ် (၅/၉၂) ရှိ တောနော် ရေတံခွန်တံတားမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲခံရမှုကြောင့် တံတားအောက်ခြေတိုင် သုံးခု ပျက်စီးခဲ့ကာ လက်ရှိတွင် လမ်းသွားလမ်းလာ ကားသမားများအတွက် အခက်အခဲနေရသည်။

“တံတား မိုင်းခွဲခံရတာ ငါးရက်ရှိပြီ။ တံတား ညာဘက်ပိုင်းအောက်ခြေတိုင်တွေ ကျိုးသွားတော့ တခြမ်းက လုံးဝကို သွားမရတော့ဘူး။ တံတား ဘယ်ဘက်ခြမ်းကလည်း အသွားများ ရင်ကျိုးကျမယ့် အနေအထားရှိနေတယ်” ဟု မြဝတီမြို့ခံ တစ်ဦးကပြောသည်။

ယင်းကြောင့် လက်ရှိတွင် ကုန်တင်ယာဥ်များ၊ ခရီးသွား မော်တော်ယာဥ်လိုင်း အများစုမှာ အာရှကားလမ်းမဘေးအနီးတွင် တန်းစီ ရပ်တန့်နေရကြောင်း အဝေးပြေးခရီးသည်ယာဥ်လိုင်းများထံက သိရသည်။

“ အခုအထိ လမ်းဘေးမှာပဲ အဆင်ပြေသလိုရပ်နေရတယ်။ တံတားတခြမ်းထဲကိုပဲ သွားရမှာဆိုတော့ လူများလို့ မတော်တဆ ပြုတ်ကျရင် ခရီးသည်တွေ အသက်အန္တရာယ်တွေ ဖြစ်မှာစိုးတာလည်းပါတယ်။ အခုရပ်နေရတာ ငါးရက် ရှိပြီခင်ဗျ ” ဟု မြဝတီ- ရန်ကုန် အဝေးပြေး ယာဥ်မောင်းတစ်ဦးကဆိုသည်။

ထို့အတူ ကုန်တင်ယာဥ်နှင့် ခရီးသည် ယာဥ်ကြီးများမှာ ယနေ့ ဒီဇင်ဘာ ၂၁ ရက် နံနက် ၈နာရီ ခွဲ ဝန်းကျင်အထိ လုံးဝသွားမရသေးဘဲ အိမ်စီးကားငယ် အချို့သာ ခက်ခက်ခဲခဲ အရဲစွန့်ပြီး ပြတ်မောင်းနေရခြင်းဟုလည်း ခရီးသွား ဒေသခံများက ပြောဆိုသည်။

“ အခုမနက် အထိ ကားကြီးတွေကတော့ လုံးဝ သွားမရဘူး။ တံတားက အရမ်းကို ယိုင်နေတယ်။ ကားလေးတွေတောင် မနည်းစွန့်ပြီး မောင်းနေရတယ်။ တံတားအခြေအနေက အရမ်းကိုဆိုးတယ် ” ဟု ခရီးသွား ဒေသခံတစ်ဦးက ပြောသည်။

ယနေ့တွင်လည်း မြဝတီမှ ရန်ကုန်သို့ ထွက်ခွာသည့် ကားများမှာ တောနော်ရေတံခွန်တံတားတွင် ကားတစ်စီးပြီးမှတစ်စီး အလှည့်ကျ သွားလာနေရခြင်းကြောင့် မြဝတီ သင်္ကန်းညီနောင်မှစတင်ကာ ကျုံဒိုးမြို့အထိ ကားများ တန်းစီနေကြောင်းလည်း သိရသည်။

အဆိုပါ တံတားမိုင်းခွဲခံရမှုနှင့်ပက်သက်ပြီး မည်သည့်အဖွဲ့မှလုပ်ဆောင်ကြောင်းကို ယနေ့အထိ တစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့တောင်ဘက် တံတားကျိုးကျေးရွာရှိ စစ်ကောင်စီ၂၃၁ ၊ ၂၃၀ အမြှောက်တပ်တည်ရှိသည့် စစ်ဆေးရေးဂိတ်စခန်းများသို့ ကေအန်ယူ တပ်မဟာ ၆ KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်မှုကြောင့် တနေ့လုံး နီးပါးတို က်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကော့က ရိတ်- မြဝတီအာရှလမ်းမနေရာ၌ ကားအသွားအလာရပ်တန့်ခဲ့သည်။

ဗီဒီယိုများ