ကျောက်တော်မြို့နယ်တွင် အစာအဆိပ်သင့်မှုကြောင့် မိသားစုဝင် ၆ ဦး သေဆုံး

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းအထက်ပိုင်းရှိ သက်ထင်(မြို)ကျေးရွာတွင် အစာအဆိပ်သင့်မှုကြောင့် မိသားစုဝင် ၆ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

By Admin 28 Nov 2022

ကျောက်တော်မြို့နယ်တွင် အစာအဆိပ်သင့်မှုကြောင့် မိသားစုဝင် ၆ ဦး သေဆုံး

အစာအဆိပ်သင့်ပြီး သေဆုံးသွားသည့် သက်ထင်(မြို)ရွာမှ မိသားစုဝင်တစ်ချို့၏ ရုပ်အလောင်းများကို တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်လှမြင့်

DMG | နိုဝင်ဘာ ၂၈

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းအထက်ပိုင်းရှိ သက်ထင်(မြို)ကျေးရွာတွင် အစာအဆိပ်သင့်မှုကြောင့် မိသားစုဝင် ၆ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါမိသားစုသည် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျောက်တော်မြို့မစျေးမှ ဝယ်ယူလာသည့် ပြောင်းဖူးအား စားသောက်ပြီးနောက် အစာအဆိပ်သင့်ကာ အသက်ရှူကျပ်လာသဖြင့် ဝဲကြီးထောင့်ဆေးရုံသို့ ပို့ ဆောင်ရာတွင် သမီးအလတ်ဖြစ်သူ မစိုးသန်း(၂၃)နှစ် သေဆုံးသွားသည်။

ထို့နောက် ကျန်လူများကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ရာတွင် မိခင်ဖြစ်သူ ဒေါ်ခိုင်သန်းနု၊ သမီးကြီး မစန္ဒာဝင်းနှင့် သားဖြစ်သူ မောင်ကျော်ငြိမ်းထွန်းတို့မှာ ယမန်နေ့(နိုဝင်ဘာလ ၂၇ ရက်)က သေဆုံးသွားကြပြီး ဖခင်ဖြစ်သူ ဦးသောကြာအောင်နှင့် အဖွားဖြစ်သူ အသက် ၆၀ အရွယ်တို့မှာ ယနေ့ (နိုဝင်ဘာလ ၂၈ ရက်) နံနက်ပိုင်းက သေဆုံးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

"သူတို့ပြောတာက ပြောင်းဖူးစားပြီးမှ အသက်ရှူကျပ်လာတာလို့ပြောတယ်။ ဒါကြောင့် တစ်မိသားစုလုံးကို ကျောက်တော်ဆေးရုံကို ခေါ်လာတဲ့လမ်းမှာ အခြေအနေဆိုးလို့ ဝဲကြီးထောင့်ဆေးရုံကို အရင်တင်လိုက်ပါသေးတယ်။ အဲဒီဆေးရုံမှာ သမီးအလတ်ဖြစ်တဲ့ မစိုးသန်းက ရောက်ရောက်ချင်းသေသွားတော့ ဆေးရုံကလူတွေကလည်း ကျန်တဲ့လူနာတွေကို ကျောက်တော်ဆေးရုံကို ပို့မှရတော့မယ်လို့ပြောပါတယ်။ဒါကြောင့် ကျောက်တော်ဆေးရုံကို လာကြတာပါ။ အခုတော့ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ သူတို့တွေအကုန်လုံး သေသွားကြပါပြီ"ဟု မိသားစုဝင်တစ်ဦးကပြောသည်။

လက်ရှိတွင် ကျောက်တော်ဆေးရုံ၌ သေဆုံးသွားသည့် မိသားစုဝင် ၅ ဦးကို ကျောက်တော်၌ သင်္ဂြိုဟ်ရန်စီစဉ်နေကြပြီး ဝဲကြီးထောင့်ဆေးရုံ၌ သေဆုံးသွားသည့် သမီးလတ်ဖြစ်သူ မစိုးသန်းကိုမူ ဝဲကြီးထောင့်ရွာ၌ သင်္ဂြိုဟ်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

"လောလောဆယ်တော့ သေဆုံးသူတွေရဲ အစာအိမ်က အရည်တွေကိုစုပ်ယူပြီး ဆေးစစ်ချက်ယူဖို့အတွက် စစ်တွေကိုပို့ထားပါတယ်။ ဒီမှာက စစ်ဆေးတဲ့စက်တွေ မရှိဘူးလို့ပြောတယ်။ အဲဒီကအဖြေထွက်မှပဲ ဘယ် အရာက အဆိပ်သင့်တာလဲ၊ ဘာဖြစ်တာလဲဆိုတာသိရမှာပါ။ သူတို့အိမ်ကခွေးလည်း သေသွားတာဆိုတော့ ခွေးကပြောင်းဖူးကို စား၊မစား ကျနော်တို့လည်းမသိပါဘူး"ဟု အဆိုပါမိသားစုဝင်က ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်ဆေးရုံသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပါ။

သက်ထင်ကျေးရွာသည် ပီချောင်းအထက်၌တည်ရှိကာ ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အမှီပြု သွားလာနေရသည့် မြိုတိုင်းရင်းသားကျေးရွာတစ်ရွာဖြစ်ပြီး ကျောက်တော်မြို့နှင့် ၂ မိုင်ခန့် ဝေးကြောင်းလည်းသိရသည်။

ဗီဒီယိုများ