KIA တပ်ရင်း ၉ နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစ၍ KIA တပ်ရင်း ၉ နယ်မြေကို စစ်ကောင်စီတပ်က မြေပြင်၊ လေကြောင်းမှတစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ 

By Admin 17 Feb 2023

လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် KIA တပ်ရင်း ၉ နယ်မြေ။ ဓာတ်ပုံ - CJ
လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် KIA တပ်ရင်း ၉ နယ်မြေ။ ဓာတ်ပုံ - CJ

DMG ၊ ဖေဖော်ဝါရီ ၁၇ 

ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာအနီးရှိ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ရင်း ၉ ရှိသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၅၀၀ ခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစ၍ KIA တပ်ရင်း ၉ နယ်မြေကို စစ်ကောင်စီတပ်က မြေပြင်၊ လေကြောင်းမှတစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကြိမ်ရေ ၁၀၀ ထက်မနည်း လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ပြီး ဂျက်တိုက်လေယာဉ်နှစ်စီး၊ ရဟတ်ယာဉ်လေးစီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၈၀ ခန့်ပြုလုပ်ခဲ့ကြောင်း KIA တပ်ရင်း ၉ နယ်မြေ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး တိုက်ပွဲဖြစ်နေတာ ကြာပါပြီ။ အခုအထိ လက်နက်ကြီးပစ်တာ အကြိမ် ၁၀၀ ဝန်းကျင်လောက်ရှိနေပြီ။ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတာ အကြိမ် ၈၀ ကျော် လောက်ရှိနေတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ထို့ကြောင့် ကွက်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာမှ ဒေသခံ ၅၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နီးစပ်ရာကျေးရွာများတွင် ခိုလှုံလျက်ရှိသည်ကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ 

“ခိုမုန်းရွာကဒေသခံတွေ အကုန်ပြေးရတယ်။ တိုက်ပွဲဖြစ်နေတာက ရွာအနားမှာဆိုတော့ နေလို့မရတော့ဘူး။ အခု အကုန်လုံးနီးပါး ရှောင်နေရတယ်” ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီက KIA တပ်ရင်း ၉ နယ်မြေကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားနေသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောကြားကြောင်း RFA သတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ကွက်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၉၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း  ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ 

လက်ရှိတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း ၉ နယ်မြေအတွင်း စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းနေမှုများရှိသဖြင့် တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

#F004

ဗီဒီယိုများ