ကန်စောက်ဂိတ်တွင် ဖမ်းဆီးခံရသူ ၇ ဦးကို တွေ့ခွင့်မရသေးဟု မိသားစုဝင်များပြော

ကျောက်တော်မြို့နယ်၊ ကန်စောက်ရွာအနီး ခမရ(၅၃၉)စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံထားရသည့် လူငယ် ၇ ဦးကို လက်ရှိအချိန်ထိ တွေ့ခွင့်မရသေး၍ စိုးရိမ်ပူပန်နေရသည်ဟု မိသားစုဝင်များကပြောသည်။

By Admin 26 Nov 2022

ကန်စောက်ဂိတ်တွင် ဖမ်းဆီးခံရသူ ၇ ဦးကို တွေ့ခွင့်မရသေးဟု မိသားစုဝင်များပြော

၅၃၉ ခြေမြန်တပ်ရင်း တစ်နေရာအား ကားလမ်းပေါ်မှ မြင်တွေ့ရပုံ။

DMG | နိုဝင်ဘာ ၂၆

ကျောက်တော်မြို့နယ်၊ ကန်စောက်ရွာအနီး ခမရ(၅၃၉)စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံထားရသည့် လူငယ် ၇ ဦးကို လက်ရှိအချိန်ထိ တွေ့ခွင့်မရသေး၍ စိုးရိမ်ပူပန်နေရသည်ဟု မိသားစုဝင်များကပြောသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့က ကျောက်တော်ဘက်မှလာသည့် နှစ်ဘီးဆိုင်ကယ်တစ်စီးကို ခမရ(၅၃၉) စစ်ဆေးရေးဂိတ်မှ စစ်ဆေးရန်တားဆီးစဉ် ထွက်ပြေးသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းဆိုင်ကယ်နောက်မှလာသည့် သုံးဘီးဆိုင်ကယ်တစ်စီးကိုလည်း ရပ်တန့်စစ်ဆေးကာ သုံးဘီးပေါ်တွင်လိုက်ပါလာသည့် ကျောက်တော်မြို့နယ်၊ ဝပြန်ရွာမှ ကိုမောင်ထွန်းလှိုင် (၃၂)နှစ်၊ ကိုသန်းဌေး (၂၅)နှစ်၊ ရှမ်းရွာမှ သုံးဘီးပိုင်ရှင်တစ်ဦးနှင့် နောက်ထပ်လူငယ်(၃)ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း မိသားစုထံမှ သိရသည်။

ဖမ်းဆီးခံရသူများနှင့် တွေ့ခွင့်ရရှိရန်အတွက် ခမရ(၅၃၉)တပ်ရင်းသို့ သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း ဖမ်းဆီးခံရသူ ကိုမောင်ထွန်းလှိုင်၏ မိသားစုဝင်တစ်ဦးကပြောသည်။ ကိုမောင်ထွန်းလှိုင်နှင့် နောက်တစ်ဦးတို့မှာ ကျောက်တင်သည့်စက်လှေတွင် အလုပ်လုပ်ရန်အတွက် သုံးဘီးတစ်စီးကိုငှားရမ်းပြီး သွားရာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

“အဖမ်းခံရတာကိုလည်း စစ်သားတွေကတဆင့် စက်လှေပိုင်ရှင်ကို ဖုန်းနဲ့လှမ်းပြောလာတဲ့အတွက် သိရတာပါ။ ပြီးတော့ စစ်သားတွေက စက်လှေပိုင်ရှင်ကို ရပ်ရွာထောက်ခံချက်တွေနဲ့ လာထုတ်ပါဆိုပြီးပြောလို့ တပ်ရင်းကိုသွားခဲ့တယ်။ ဒါပေမဲ့ သူတို့က ဘယ်သူနဲ့မှတွေ့ခွင့်မရဘူး၊ ပြန်တော့ဆိုပြီး လွှတ်လိုက်ပါတယ်။ အခုထိ တွေ့ခွင့်မရသေးပါဘူး”ဟု ဖမ်းဆီးခံထားရသည့် ကိုမောင်ထွန်းလှိုင်၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးလှကျော်သိန်းကပြောသည်။

အလားတူ ဖမ်းဆီးခံထားရသူ ကိုသန်းဌေး၏ ဇနီး မဦးသန်းမေကလည်း ခင်ပွန်းဖြစ်သူနှင့် တွေ့ခွင့်မရသည့်အပေါ် အလွန်စိုးရိမ်နေကြောင်း ပြောသည်။

“သူအဖမ်းခံရတဲ့သတင်းကို ကြားကတည်းက စိတ်မကောင်းဖြစ်နေတာပါ။ ကျမက ကလေးမွေးလို့ ဝမ်းခွဲထားတာလည်း မကြာသေးတော့ ဘာအလုပ်မှမလုပ်နိုင်ပါဘူး။ ကျမတို့ လင်မယားနှစ်ယောက်စလုံးမှာ မိဘတွေလည်းမရှိတော့ ကိုယ့်ဝမ်းရေးအတွက် မနည်းရုန်းကန်ပြီးနေလာရတာပါ။ အခုလည်း စားဝတ်နေရေး ကျပ်တည်းလို့ အငှါးလုပ်ဖို့သွားရင်း အဖမ်းခံလိုက်ရတာ။ သူ့ကို အပြစ်မရှိကြောင်း သက်သေနဲ့တကွ သွားထုတ်ပြန်တော့လည်း တွေ့ခွင့်မရတော့ ဘာများဖြစ်နေလဲဆိုပြီး အရမ်းစိုးရိမ်မိတယ်”ဟု မဦးသန်းမေက ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများနှင့် တွေ့ခွင့်ရရေးအတွက် မိသားစုဝင်များအနေဖြင့် ကြိုးပမ်းလျှက်ရှိပြီး ၅၃၉ တပ်ရင်းသို့လည်း မကြာခဏ သွားရောက်လျက်ရှိကြောင်း ဦးလှကျော်သိန်းက ပြောသည်။

“သူတို့နဲ့ တွေ့ခွင့်ရမလားဆိုပြီး မိသားစုဝင်တွေက တပ်ရင်းဆီကို ခဏ,ခဏ သွားပါတယ်။ ဒီနေ့လည်း ရှမ်းရွာက သုံးဘီးပိုင်ရှင်မိသားစုနဲ့ ကျနော့်ညီရဲ့အလုပ်ရှင် စက်လှေပိုင်ရှင်လင်မယား တပ်ရင်းကိုသွားခဲ့ကြပါတယ်။ ဘာမှတော့မထူးပါဘူး”ဟု ၄င်းကပြောသည်။

အဆိုပါလူငယ် ၇ ဦး ဖမ်းဆီးခံထားရသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

ဗီဒီယိုများ