ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို မြန်မာစစ်တပ် ဖမ်းဆီး

မြန်မာစစ်တပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ယမန်နေ့ (နိုဝင်ဘာလ ၂၅ ရက်)၊ နေ့လယ်ပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 26 Nov 2022

ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို မြန်မာစစ်တပ် ဖမ်းဆီး

DMG ၊ နိုဝင်ဘာ ၂၆

မြန်မာစစ်တပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ယမန်နေ့ (နိုဝင်ဘာလ ၂၅ ရက်)၊ နေ့လယ်ပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ အသက် (၃၅)နှစ်အရွယ် သဗ္ဗာန်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်လင်းဖြစ်ပြီး ၎င်းကို ကျောက်ဖြူမြို့အခြေစိုက် ခလရ(၃၄)မှ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"အုပ်ချုပ်ရေးမှူး နိုင်ဇော်လင်း အဖမ်းခံရတာ။ အခုအုပ်ချုပ်ရေးမှူး ခန့်ထားသူတွေက လူငယ်တွေများ တယ်။ စစ်ဆေးစရာရှိလို့ ဖမ်းသွားတာလို့တော့ ပြောတယ်။ဖမ်းတာကတော့ ခလရ(၃၄)တပ်နဲ့ စရဖအဖွဲ့တွေက သူ့အိမ်ကို လာဖမ်းတာလို့သိရတယ်"ဟု သူကဆိုသည်။

ကျောက်ဖြူမြို့နယ်အတွင်းတွင် သြဂုတ်လနှင့် နိုဝင်ဘာလအတွင်း စစ်ကောင်စီဝန်ထမ်းများနှင့် ဒေသခံ စုစုပေါင်း ၃၀ ဦးထက်မနည်းကို မြန်မာစစ်တပ်က ဖမ်းဆီးထားပြီး အချို့ကိုပြန်လွှတ်ပေးသော်လည်း အများအပြား ဖမ်းဆီးခံထားရဆဲဟု ဒေသခံများထံမှ သိရသည်။

ယခုအခါ အုပ်ချုပ်ရေးမှူးများကိုပါ ဖမ်းဆီးခြင်းရှိလာသည့်အတွက် မိမိတို့အနေဖြင့်လည်း စိုးရိမ်နေရကြောင်း ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

"ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို ဖမ်းတာကတော့ ၄ယောက်လောက်တော့ ရှိပြီထင်တယ်။ ကျနော်တို့လည်း အတိအကျ မပြောတတ်ဘူး။ လေ့လာလို့လည်း မရဘူး။ ကိုယ်တွေတောင် ဖမ်းဆီးမခံရအောင် မနည်းနေကြရတာ"ဟု သူကဆိုသည်။

မြန်မာစစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ပြင်ဖြူမော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းနှင့် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျောက်ဖြူမြို့ စေတီယျရပ်ကွက်မှ အုပ်ချုပ်ရေးမှူး စိုးလှထွန်း တို့ကို ဖမ်းဆီးခဲ့သည်။

ထို့ပြင် ရပ်/ကျေးစာရေးများကိုလည်း ဖမ်းဆီးမှုရှိခဲ့ပြီး အောက်တိုဘာလအတွင်းတွင် သံတွဲခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဝင်းမောင်မောင်ဖြိုး(ခ)ကိုဖြိုးနှင့် သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆိတ်ကြီးကျေးရွာစာရေး လှိုင်ဝင်းထွဋ်(ခ)ဝင်းထွဋ်တို့ကိုလည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးထားသည်။ ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများမှ အရာရှိများ၊ ဝန်ထမ်းများကိုလည်း သံသယဖြင့် ဖမ်းဆီးမှုရှိနေသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာပြီးနောက် အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးခံရမှုများရှိ လာသောကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှ အုပ်ချုပ်ရေးမှူး ၇၀ ကျော်မှာ ယခုနိုဝင်ဘာလ တတိယအပတ်တွင် နှုတ်ထွက်စာတင်ထားကြောင်း သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ဗီဒီယိုများ