မောင်တော မိုင်တိုင်(၃၅)အနီးတွင် တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း မိုင်တိုင်(၃၅) မီးတိုက်ကျေးရွာအနီးတွင် ယနေ့(စက်တင်ဘာ ၉ ရက်) နံနက်ပိုင်းကစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှသိရသည်။

09 Sep 2022

DMG ၊ စက်တင်ဘာ ၉

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း မိုင်တိုင်(၃၅) မီးတိုက်ကျေးရွာအနီးတွင် ယနေ့(စက်တင်ဘာ ၉ ရက်) နံနက်ပိုင်းကစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှသိရသည်။

တိုက်ပွဲဖြစ်ပွားမှုမှာ မိုင်တိုင်(၃၅)နှင့် (၃၆)ကြားတွင်ဖြစ်ပြီး ယနေ့နံနက် ၉ နာရီခန့်မှစတင်ကာ ၃ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မင်္ဂလာညွန့်ကျေးရွာသားတစ်ဦးကပြောသည်။

“ဒီနေ့ မနက်ပိုင်းကတည်း မီးတိုက်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲကတော့ ၃ နာရီလောက်ကြာပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားရတယ်။ ဖြစ်တာကတော့ အရင်ဖြစ်ခဲ့တဲ့ မိုင်တိုင် ၄၀ အနီးမှာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် မီးတိုက်ကျေးရွာနှင့် ၂ မိုင်ခန့်အကွာရှိ တောင်ပြိုဗျုဟာကုန်းမှ ယနေ့ညနေ့ ၃ နာရီမှစတင်ကာ လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း တောင်ပြိုမြို့မှ ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကို တောင်ပြိုဗျုဟာကုန်းကနေပြီးတော့ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတယ်။ လက်နက်ကြီးတွေလှမ်းပစ်တာပါ။ လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်တာတော့မရှိသေးဘူး။ အခုတော့ ပစ်သံတွေမကြားရတော့ဘူး”ဟု ၎င်းကဆိုသည်။

မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ တောင်ပြိုဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ၂ နာရီခန့်ပစ်ခတ်မှုရှိကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကပြောသည်။

“တိုက်ပွဲဖြစ်တဲ့နေရာကို တောင်ပြိုဗျူဟာကုန်းက လက်နက်ကြီးတွေပစ်တယ်။ လက်နက်ကြီးပစ်တာတောင် ၂ နာရီလောက်ပစ်တယ်လို့သိရတယ်။ မီးတိုက်မှာတော့ ရွာသားတွေမရှိကြတော့ဘူး။ ရွာသားတွေအကုန်လုံးက ထွက်ပြေးနေကြရတာ”ဟု ၎င်းကပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ် ကိုမသိရသေးကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ပြောသည်။

သို့သော် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် နေရာအနှံ့တွင် စစ်ရေးတင်းမာမှုများရှိနေပြီး မောင်တောနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့်သြဂုတ်လဆန်းမှ ယနေ့အချိန်ထိ တစ်လနီးပါး တိုက်ပွဲဆက်တိုက်ပြင်းထန်နေကြောင်း ဦးခိုင်သုခက DMG ကို ပြောကြားထားသည်။

ဆက်လက်၍ ယနေ့တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။

ဗီဒီယိုများ