တိုက်ပွဲဖြစ်ပွားနေသည့် မောင်တောမြောက်ပိုင်းမှ ကျေးရွာတချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှ ကျေးရွာတချို့တွင် MPT ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း သိရသည်။

31 Aug 2022

DMG ၊ သြဂုတ် ၃၁

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှ ကျေးရွာတချို့တွင် MPT ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း သိရသည်။

မောင်တောမြောက်ပိုင်းရှိ တမန်းသား၊ တရိန်း၊ မင်းခမောင်း၊ ခမောင်းဆိပ်၊ မီးတိုက်၊ မြဝတီ၊ ဝေလာတောင်၊ ခုံတိုင်၊ ရေနောက်ငါးသား၊ သင်္ဘောလှ၊ တောင်ပြို၊ နန်းရာကိုင်း စသည့်ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများမှာ အခက်အခဲဖြစ်နေကြသည်။

အဆိုပါကျေးရွာများကို ချိတ်ဆက်ထားသည့် ဇင်ပညာတာဝါတိုင်၊ တမန်းသားတာဝါတိုင်၊ ခမောင်းဆိပ်တာဝါတိုင်တို့တွင် စက်သုံးဆီပြတ်တောက်နေခြင်းကြောင့် ယခုကဲ့သို့ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပြတ်တောက်နေရခြင်းဟု ဖုန်းလိုင်းရရှိသည့် ဒေသခံတစ်ဦးက DMG ကိုပြောသည်။

မောင်တောမြို့သို့ရောက်ရှိနေသော သစ်တုံးနားခွဆုံကျေးရွာသားတစ်ဦးက “လိုင်းပြတ်နေတာ ကျေးရွာပေါင်း ၂၀ လောက်ရှိမယ်လို့ ထင်ပါတယ်။ အဲဒီကျေးရွာတွေကို ချိတ်ဆက်ထားတဲ့ တာဝါတိုင် ၃ တိုင်မှာ ဆီမရှိတဲ့အတွက် အခုလိုပြတ်တောက်နေတာလို့ သိရပါတယ်။ အရင်တုန်းကဆိုရင် တာဝါတိုင်ကို ဆီဖြည့်ဖို့ တစ်လတစ်ကြိမ်လာကြတာ တွေ့ရပါတယ်။ အခုက အဲဒီဘက်ကိုသွားတဲ့ လမ်းတွေလည်းပိတ်ထားတယ်။ တိုက်ပွဲတွေလည်းဖြစ်နေတယ်ဆိုတော့ သူတို့လာဖို့အခက်အခဲရှိနေတာလည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အဲဒီဘက်မှာ ဗုံးကြဲတိုက်ခိုက်တာတွေလည်းရှိတော့ ပျက်သွားတာလည်းဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

ရသေ့တောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မောင်တော-အငူမော်သွားလမ်းကို သြဂုတ်လ ၁၃ ရက်နေ့မှ လက်ရှိအချိန်ထိ စစ်ကောင်စီက သွားလာခွင့်ကန့်သတ်ထားသည်။

လက်ရှိတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေခြင်းကြောင့် အဆိုပါကျေးရွာများတွင်ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ဆက်သွယ်၍မရဖြစ်နေကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းက DMG ကိုပြောသည်။

“အဲဒီဘက်မှာရှိတဲ့ ဒေသခံတွေအတွက် တော်တော်လေးအခက်အခဲဖြစ်စေပါတယ်။ အခုဆိုရင် တိုက်ပွဲဖြစ်ပွားလို့ တချို့ကျေးရွာတွေကဒေသခံတွေ ထွက်ပြေးနေရတယ်လို့သိရတယ်။ ဘယ်ရောက်သွားပြီး ဘယ်လိုမျိုးခက်ခဲနေလည်းဆိုတာကို ကျနော်တို့သိရှိဖို့ ဆက်သွယ်နေပေမယ့် မရဘူးဖြစ်နေပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း အဲဒီဘက်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေရှိတယ်လို့သိရပါတယ်။ အဲဒါကြောင့် ပိုပြီးတော့စိုးရိမ်စရာဖြစ်စေပါတယ်”ဟု ၎င်းကဆိုသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အချိန်ကြာမြင့်စွာပြတ်တောက်နေမည်ဆိုလျှင် ယခင်တိုက်ပွဲကာလက အင်တာနက်လိုင်းပြတ်တောက်ခဲ့ချိန်ထက် သတင်းအမှောင်ကျသွားနိုင်ကြောင်း ၎င်းကထောက်ပြပြောဆိုသည်။

မောင်တောမြောက်ပိုင်း ကြိမ်ချောင်းနယ်ခြားစောင့် ၂၄ ဂိတ်မှ သွားလာခွင့်ပိတ်ထားမှုကြောင့် စားနပ်ရိက္ခာများကိုလည်း သတ်မှတ်ပမာဏဖြင့်သာ သယ်ယူနေရကြောင်း သိရသည်။

မောင်တောမြောက်ပိုင်းတွင် MPT ဖုန်းလိုင်းတစ်ခုသာ လိုင်းဆွဲအားကောင်းသောကြောင့် ဒေသခံများမှာ ယင်းဆင်းကဒ်တစ်ခုကိုသာ အများအားဖြင့် သုံးစွဲနေကြခြင်းဖြစ်သည်။

လက်ရှိတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေမှုကြောင့် တခြားသူများနှင့်ဆက်သွယ်ရန် ဖုန်းလိုင်းမိသည့် နီးစပ်ရာနေရာများဖြစ်သော အငူမော် (သို့) မောင်တောမြို့ပေါ်ကို သွားရာက်နေကြရသည်ဟု ရေနောက်ငါးသားကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“လတ်တလော အခက်အခဲကတော့ ဖုန်းဆက်မယ့်ဟာတောင် အပင်အမြင့်ကိုတက်ပြီးတော့ ဆက်နေရပါတယ်။ တခြား တရွာကိုသွားပြီးတော့ ဖုန်းဆက်နေရပါတယ်။ ဒီအတိုင်းဆက်ပြတ်နေမယ်ဆိုတော့ စားနပ်ရိက္ခာတွေကိုမှာယူတဲ့အခါ အခက်အခဲရှိတယ်။ အင်တာနက်လိုင်းတွေမရှိတော့ ဒီမှာဖြစ်ပျက်နေသမျှတွေကိုလည်း ဘယ်သူမှသိကြမှာမဟုတ်ဘူး။ ဒီဘက်မှာလမ်းတွေလည်း အပိတ်ခံထားရတယ်။ ထပ်ပြီးတော့ ဖုန်းလိုင်းကော၊ အင်တာနက်လိုင်းပါ ဆက်ပြတ်သွားတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိုးရိမ်နေကြပါတယ်”ဟု ၎င်းကဆိုသည်။

မောင်တောမြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲရက်ဆက်ဖြစ်ပွားလျက်ရှိပြီး ယနေ့နံနက် ၈ နာရီကျော်ခန့်ကလည်း မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာအနီးတွင် မြန်မာစစ်တပ်မှ ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ကြောင်း မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းက ပြောကြားထားသည်။

ယခင် NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ကလည်း ရခိုင်ပြည်က မြို့နယ်တချို့တွင် လုံခြုံရေးအကြောင်းပြကာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ကြိုတင်အသိပေးခြင်းမရှိဘဲ ၂ နှစ်နှစ်ခန့်ကြာ ဖြတ်တောက်ထားခဲ့သည်။

ဗီဒီယိုများ