စစ်တွေတွင် စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံခြင်းကို ရဲတပ်ဖွဲ့ကတားမြစ်၊ ဆက်၍ကောက်ပါက ဖမ်းမည်ဟုပြော

ရခိုင်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ်ကူညီထောက်ပံ့ရန် အလှူငွေမျာကောက်ခံနေသည့် စစ်တွေအခြေစိုက် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းပရဟိတအဖွဲ့ကို ရဲတပ်ဖွဲ့ဝင်များက တားမြစ်လိုက်သည်။

20 Aug 2022

ကျောက်ချိုင် facebook

DMG ၊ သြဂုတ် ၂၀

ရခိုင်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ်ကူညီထောက်ပံ့ရန် အလှူငွေမျာကောက်ခံနေသည့် စစ်တွေအခြေစိုက် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းပရဟိတအဖွဲ့ကို ရဲတပ်ဖွဲ့ဝင်များက တားမြစ်လိုက်သည်။

မေတ္တာရောင်ခြည်ဖောင်ဒေးရှင်ပရဟိတအဖွဲ့မှာ ယနေ့(သြဂုတ်လ ၂၀ ရက်) မွန်လွှဲပိုင်းက စစ်တွေမြို့အတွင်း ရပ်ကွက်များတွင် အလှူငွေကောက်ခံနေစဉ် အမှတ်(၁)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကတားဆီးကာ နောက်ထပ် အလှူငွေမကောက်ရန် ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။

မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူ ကိုကျောက်ချိုင်က “ကျွန်တော်တို့ကို အလှူငွေကောက်ခံနေတဲ့အချိန် ဘီးလူးမ တံတားနားမှာ ရဲတွေကလာပြီးတော့ တားတယ်။ နောက်ပြီးတော့ ရဲစခန်းကို ခေါ်သွားတယ်။ အဲဒါကိုလာပြီးတော့ အလှူငွေမကောက်ရဘူး။ ကောက်ရင်ဖမ်းမယ်ပြောတယ်။ နောက်ပြီးတော့ ကားတွေကိုလည်း သိမ်းမယ်လို့ပြောတယ်။ အလှူငွေကောက်ချင်ရင် ခွင့်ပြုစာတင်လို့ပြောတယ်”ဟု DMG ကိုပြောသည်။

လက်ရှိတွင် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ အဖွဲ့သားများမှာ ခံဝန်လက်မှတ်ထိုးရပြီး အလှူငွေကောက်ခံမှုများကို လိုင်းပေါ်မှကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“သူတို့က ခွင့်ပြုစာတင်လို့ပြောတယ်။ ဒါပေမဲ့ ခွင့်ပြုစာတင်ရင် တစ်ပတ်လောက်ကြာသွားမယ်။ အခုက စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲနဲ့ အရေးပေါ်ကြုံနေရတဲ့အတွက် ကျွန်တော်တို့က ခွင့်ပြုစာမတင်လိုက်တော့ဘူး။ အဲဒီစခန်းမှာ ခံဝန်လက်မှတ်ရေးထိုးခဲ့ရတယ်။ အခုတော့ ပြန်လွှတ်လိုက်ပြီ”ဟု ကိုကျောက်ချိုင်က ဆက်ပြောသည်။

ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ သြဂုတ်လ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာမှ ကျေးရွာသား ၁၀၀၀ ကျော်မှာ နေရပ်စွန့်ခွာကာ အနီးအနားရှိ ကိုးတန်ကောက်၊ ဆင်ပိုက်၊ သရက်ချောင်း စသည့်ကျေးရွာများတွင် ခိုလှုံနေကြရသည်။

ယခုလို စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံနေသည့် ပရဟိတအသင်းကို ပိတ်ပင်တားဆီးခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ရာရောက်ကြောင်း ရခိုင်စစ်ဘေးရှောင်အရေးကူညီပေးနေသူ စာရေးဆရာ ဝေဟင်အောင်ကပြောသည်။

“စစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ခံလို့ ပိတ်ပင့်တားဆီးတယ်ဆိုကတည်းက လုပ်ရပ်တော်တော် မှားတယ်လို့မြင်တယ်။ လူအခွင့်အရေးအရ ကြည့်မယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်ရာရောက်တယ်။ အခုလို အလှူငွေကောက်ခံလို့ ပိတ်ပင်တားဆီးတယ်ဆိုတာကတော့ သူတို့အတွက် စိုးရိမ်စရာဖြစ်သွားတာပေါ့။ ဒီလိုလုံးဝမဖြစ်သင့်ဘူး”ဟု ၎င်းကဆိုသည်။

ယင်းသို့ စစ်ဘေးရှောင်အတွက် အလှူငွေကောက်ခံခြင်းအား တားမြစ်ခြင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ်(၁)ရဲစခန်း စခန်းမှူး ဒုရဲမှူး ဆန်းကျော်ထွန်းကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအဖွဲ့ကို ၂၀၂၁ ခုနှစ် မတ်လက စတင်တည်ထောင်ခြင်းဖြစ်ပြီး ပြည်သူများအတွက် ပရဟိတလုပ်ကိုင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းကလည်း ရက္ခတော်ဝင်ပရဟိတစေတနာရှင်များအဖွဲ့နှင့် ရခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအသင်းတို့မှ စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံရာတွင် တားမြစ်ခံခဲ့ရပြီး အလှူငွေကောက်ခံရာတွင်ပါဝင်သူများကိုလည်း ခွင့်ပြုချက်မရှိဘဲအလှူငွေကောက်ခံသည်ဟုဆိုကာ တရာရုံးမှ ပြစ်ဒဏ်များချမှတ်ခဲ့သည်။

ဗီဒီယိုများ