ထောက်ပံ့မည့်သူမရှိ၍ မြောက်ဦးက စစ်ဘေးရှောင်ကလေး ၄၀ ကျော် ပညာဆက်မသင်နိုင်ဖြစ်နေ

မြောက်ဦးမြို့၊ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၉၁ စု၊ လူဦးရေ ၇၉၆ ဦးရှိပြီး ကျောက်တော်၊ မြောက်ဦး၊ ပလက်ဝ မြို့နယ်တို့မှ ဒေသခံများဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အစောပိုင်းကစ၍ စစ်ဘေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။ 

By Admin 03 Feb 2023

ထောက်ပံ့မည့်သူမရှိ၍ မြောက်ဦးက စစ်ဘေးရှောင်ကလေး ၄၀ ကျော် ပညာဆက်မသင်နိုင်ဖြစ်နေ

 

DMG ၊ ဖေဖော်ဝါရီ ၃

ရခိုင်ပြည်၊ မြောက်ဦးမြို့ပေါ်ရှိ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်ခိုလှုံနေသည့် ကျောင်းနေအရွယ်ကလေးငယ် ၅၀ ကျော်ရှိပြီး ယင်းအထဲမှ ကလေးငယ် ၄၀ ကျော်မှာ ထောက်ပံ့မည့်သူမရှိ၍ ပညာ ဆက်လက်မသင်ကြားနိုင်ဖြစ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်ဘေးရှောင်ကလေးငယ်များသည် မြို့ဦးခေါင်းဘုန်းတော်ကြီးကျောင်းကို အမှီပြု၍ “ဘုန်းတော်ကြီးသင်” ကျောင်းပညာရေးစနစ်နှင့် ပညာသင်ကြားနေကြခြင်းဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက မြို့ဦးခေါင်းဆရာတော်ကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ပညာသင်ကြားပေးနေသော ဆရာ/မများကို လစာငွေ မပေးနိုင်တော့သည့်အတွက် စာသင်ကြားမှုကို ရပ်တန့်လိုက်ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များ ပြောကြားချက်အရ သိရသည်။

“ဆွေမျိုးနေအိမ်တွေမှာနေပြီး ကျောင်းတက်နေသူတွေလည်း နည်းနည်းလောက်ရှိတယ်။ လုံးဝ အဆင်မပြေတဲ့သူတွေ အများကြီးပေါ့။ သူတို့ဆိုရင်လည်း အနီးအနား မြို့ထဲကကျောင်းတွေမှာ ထားလို့လည်း မရတော့ဘူး။ ဘာကြောင့်လဲဆိုရင် လမ်းမှာ ကား၊ ဆိုင်ကယ်တွေ အများကြီးသွားနေကြတော့ ကလေးတွေက ခြေလျင်သွားတက်လို့လည်း အဆင်မပြေဘူး။ မိဘတွေကလည်း နေ့တိုင်းသွားပို့ဖို့ အဆင်မပြေဘူး။ စခန်းမှာလည်း ကျောင်းမရှိတော့ဘူးဆိုတော့ သူတို့က ပညာမသင်ကြားရတော့ဘူးပေါ့” ဟု မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်မောင်သိန်းက ပြောဆိုသည်။ 

မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် မူလတန်းမှ အလယ်တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀ ကျော်သည့်အနက် ကျောင်းသား၊ ကျောင်းသူ ၁၀ ကျော်မှာ နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ပြောင်းရွေ့နေထိုင်ကာ ပညာသင်ကြားနေကြသော်လည်း ကျန်ကျောင်းသား၊ ကျောင်းသူ ၄၀ ကျော်မှာ ငွေကြေးအခက်အခဲကြောင့် ပညာဆက်မသင်နိုင် ဖြစ်နေကြသည်။

“ကလေးတစ်ယောက် ပညာမသင်ကြားနိုင်ဘူးဆိုရင် သူတို့ဘဝ တက်လမ်းအတွက် အများကြီး ဆုံးရှုံးရတယ်။ အဓိကတော့ သူတို့ကို ပညာတတ်စေချင်တယ်။ ကလေးတစ်ယောက်ရဲ့ တက်လမ်းက အမျိုးမျိုးဖြစ်သွားနိုင်တယ်။ စာမတတ်တဲ့ ကလေးတစ်ယောက်ဟာ ကြီးလာတဲ့အခါ အမျိုးမျိုးအနှိမ်ခံရမယ်။ ပညာမတတ်ရင် အနိမ့်ဆုံးအလုပ်ကို လုပ်ရမယ်။ ပညာတတ်တဲ့သူနဲ့ မတတ်တဲ့ သူတွေကတော့ မတူဘူးပေါ့” ဟု မြို့ဦးခေါင်းစစ်ရှောင်စခန်းတွင် ခိုလှုံနေသော ကျောင်းသားမိခင် ဒေါ်မအောင်မြင့်က ဆိုသည်။

မြောက်ဦးမြို့၊ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၉၁ စု၊ လူဦးရေ ၇၉၆ ဦးရှိပြီး ကျောက်တော်၊ မြောက်ဦး၊ ပလက်ဝ မြို့နယ်တို့မှ ဒေသခံများဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အစောပိုင်းကစ၍ စစ်ဘေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။ 

လက်ရှိတွင် စစ်ဘေးရှောင်စခန်းက ပညာဆက်မသင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများမှာ မိသားစုဝင်များနှင့်အတူ ကြုံရာကျပန်းလုပ်ကိုင်ကာ နေထိုင်နေကြကြောင်း သိရသည်။

ပညာဆက်လက် မသင်ကြားနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းမှ ကျောင်းသားမိခင်တစ်ဦးဖြစ်သူ ဒေါ်ဦးသန်းနွယ်က “အခုအတိုင်းအတာနဲ့ဆိုရင် လုံးဝ အဆင်မပြေဘူး။ ကျောင်းစရိတ်နဲ့လည်း လိုက်မမှီဘူး။ စားဝတ်နေရေးလည်း အဆင်မပြေဘူး။ ICRC ကလည်း ၄ လလောက် စားနပ်ရိက္ခာ မထောက်ပံ့ခဲ့ဘူး။ အဲဒါကြောင့် ငွေရေးကြေးရေးတွေ အဆင်မပြေဖြစ်ပြီး အခက်အခဲတွေ အများကြီးဖြစ်ခဲ့တယ်။ အဲဒါကြောင့် သားကို ကျောင်းဆက်မတက်ခိုင်းလိုက်တာပါ။ ဆရာတော်ရှိတုန်းက ဆိုရင်တော့ အဆင်ပြေခဲ့တယ်” ဟု ပြောသည်။ 

ယခုကဲ့သို့ စစ်ဘေးရှောင်ကလေးငယ်တချို့ ပညာဆက်လက်သင်ကြားရန် ခက်ခဲနေရသော အခြေအနေနှင့် ပတ်သက်၍ ရခိုင်ပြည်ပညာရေးမှူး ဦးဘထွီးစိန်အား မေးမြန်းရာ မိမိတို့ထံ အကြောင်းကြားလာမှု မရှိသေးကြောင်းနှင့် အကယ်၍ အကြောင်းကြားလာမည်ဆိုလျင် တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့သည်။ 

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ ထဲတွင် အမျိုးသမီးနှင့် ကျောင်းနေအရွယ်ကလေးငယ် အများအပြား ပါဝင်နေသည်။

စစ်ဘေးရှောင်ကလေးငယ်များမှာ မိသားစုအခက်အခဲနှင့် အကြောင်းအမျိုးမျိုးတို့ကြောင့် ယနေ့အချိန်အထိ ပညာသင်ကြားရေးပိုင်းတွင် အခွင့်အရေးများ ဆုံးရှုံးနေကြရဆဲ ဖြစ်သည်။   

#R010 

ဗီဒီယိုများ