ပေါက်တောစက်လှေများတွင် စက်သုံးဆီ၊ ဘိလပ်မြေ၊ ဆေးဝါးများကို အကန့်အသတ်ဖြင့် သယ်ယူနေရ

စစ်တွေမြို့မှ ပေါက်တောမြို့သို့ လိုင်းဆွဲ သွားလာနေသည့် ခရီးသည်တင် စက်လှေများပေါ်တွင် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ သယ်ယူနေရကြောင်း လိုင်းစက်လှေသမားများနှင့် ခရီးသည်များထံက သိရသည်။

By Admin 24 Nov 2022

ပေါက်တောစက်လှေများတွင် စက်သုံးဆီ၊ ဘိလပ်မြေ၊ ဆေးဝါးများကို အကန့်အသတ်ဖြင့် သယ်ယူနေရ

စစ်တွေ မိဇံဆိပ်ကမ်းတွင် ရပ်တန့်ထားသည့် စက်လှေများကို တွေ့ရစဉ်

DMG | နိုဝင်ဘာ ၂၄

စစ်တွေမြို့မှ ပေါက်တောမြို့သို့ လိုင်းဆွဲ သွားလာနေသည့် ခရီးသည်တင် စက်လှေများပေါ်တွင် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ သယ်ယူနေရကြောင်း လိုင်းစက်လှေသမားများနှင့် ခရီးသည်များထံက သိရသည်။

အဆိုပါ ကုန်ပစ္စည်းများကို ပေါက်တောမြို့နယ် သဲခုံကျေးရွာနားမှာ ရပ်နားထားသည့် မြန်မာစစ်တပ် ဇက်ရေယာဉ်ကနေ ကန့်သတ်ထားခြင်းဖြစ်ကြောင်း စက်လှေသမားများက ဆိုသည်။

ပေါက်တောမြို့နယ် လိုင်းစက်လှေ ပိုင်ရှင်တစ်ဦးက “စက်သုံးဆီ၊ ဘိလပ်မြေ၊ ဆေးဝါးတွေကို မသယ်ရဘူးပေါ့။ အဲလိုဟာတွေ ပြောတယ်။ အလွန်အကျွံ မသယ်ရဘူးပေါ့။ သုံးဖို့ စားဖို့လောက်ကတော့ ခွင့်ပြုပါတယ်။ အဲလို ကန့်သတ်ချက် တစ်ခုပါ။ ဘိလပ်မြေတွေဆိုရင်လည်း ကျေးရွာလိုအပ်ချက်တွေအတွက် ၃ အိတ် ၅ အိတ် လောက်ပဲ သယ်ခွင့်ပေးတယ်“ ဟု DMG ကိုပြောသည်။

အခြားလိုင်းစက်လှေ ပိုင်ရှင်တစ်ဦးကလည်း စက်သုံးဆီ၊ ဘိလပ်မြေ နှင့် ဆေးဝါးများကို အကန့်အသတ်ဖြင့် တင်ယူနေရခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။

“အဲဒီပစ္စည်းတွေ အကန့်အသတ်နဲ့ တင်ယူရတာက ဟုတ်ပါတယ်။ ဘုတ်နံပါတ်၊ ဖုန်းနံပါတ်တွေကို ပေးရတယ်။ လူဘယ်နှစ်ယောက်ပါလဲ။ ဘယ်ကိုသွားလဲ။ ဘယ်နေ့ ပြန်လာမလဲပေါ့။ အဲဒါတွေကို မေးပါတယ်။ လမ်းကြောင်းရှင်းဖို့အတွက် ဒီလိုတွေ လုပ်ရတယ်လို့တော့ ပြောတာပဲ။ ပေါက်တောက စစ်တွေကိုအသွား တစ်ခေါက်စီ သဲခုံနားကနေဗီမှာ အစစ်ခံရတယ် ” ဟု သူကပြောသည်။

ထို့ပြင် ယမန်နေ့ နေ့လည် ၂ နာရီလောက်ကလည်း စစ်တွေမြို့ ကိုးရီးယား ဆိပ်ကမ်း (ခ) BXT ဆိပ်ကမ်းအတွင်းတွင် လိုင်းဘုတ်ပေါ်သို့ စက်သုံးဆီပေပါ တင်နေသည်ကို အမည်မသိ လူတစ်စုက သေနတ်ပြကာ ငွေ ၃ သိန်းကို ခြိမ်းခြောက် တောင်းသွားသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

“ မနေ့က ကိုးရီးယားဆိပ်ကမ်းမှာ နေ့လယ် ၂ နာရီလောက်က ဆီပေပါတွေကို လိုင်းဘုတ်ပေါ် တင်နေတုန်း လူတစ်စု သေနတ်တစ်လက်ကို ပုဆိုးနဲ့ လိပ်ပြီးလာတယ်။ ပြီးတော့ ဆီရောင်းနေတဲ့ ဆိုင်ပိုင်ရှင်ဆီကနေ ငွေ ၃ သိန်း တောင်းသွားတယ်။ ဆီတင်နေတယ်ဆိုပြီးပေါ့။ လက်နက်လည်းပါတော့ ခြိမ်းခြောက်ပြီး ငွေတောင်းတဲ့ ပုံစံမျိုးလို့ မြင်ပါတယ်” ဟု ယမန်နေ့က မျက်မြင်တွေ့ခဲ့ရသည့် ခရီးသည် အမျိုးသားတစ်ဦးကပြောသည်။

ယခုကဲ့သို့ ဒေသခံများ အမြဲတမ်း လိုအပ်နေသည့် ပစ္စည်းများဖြစ်သည့် ဆေးဝါး၊ စက်သုံးဆီများကို အကန့်သတ်ဖြင့် တင်ယူနေရခြင်းကြောင့် နောက်ဆက်တွဲ အခက်အခဲများစွာ ဖြစ်လာနိုင်ကြောင်း ခရီးသည်တစ်ဦးက ပြောသည်။

“အဓိပ္ပာယ်ကတော့ သူတို့ အတားအဆီးတွေလုပ်တော့ ကိုယ်တို့လည်း မသယ်ယူရ၊ မသွားရဘူးပေါ့။ သူတို့မှာ လက်နက်ရှိတော့ သူတို့ပြောသလိုပါပဲ။ နောက်ပိုင်း ဘယ်လို အခက်အခဲတွေ ရှိလာမလဲဆိုတာ အတိအကျတော့ မပြောတတ်ဘူး”ဟု သူကပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်ရေးတင်းမာနေပြီး စစ်တွေ-ပုဏ္ဏားကျွန်းအကြားရှိ အဝေးပြေးလမ်းမကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ပိတ်ထားသည့်အတွက်ကြောင့် ကုန်စည်စီးဆင်းမှုများလည်း ပြတ်တောက်နေပြီး ကုန်စျေးနှုန်းများမှာလည်း မြင့်တက်နေသည်။

ဗီဒီယိုများ