ရေရှားပါးမှုကြုံနေရသည့် ရခိုင်က မြို့နယ်အချို့တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရေကန်များကို တူးဖော်လာကြ

လာမည့်နှစ်များတွင် ရေရှားပါးမှုမဖြစ်စေရန် မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့်မြို့နယ်များတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရေကန်များ တူးဖော်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

By Admin 09 May 2023

ပေါက်တောပြင်ကျေးရွာတွင် ရေခမ်းခြောက်နေသည့် ရေကန်အား ကိုယ်ထူကိုယ်ထ တူးဖော်မှုနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- အရှင်ဝါသေဋ္ဌ (Facebook)
ပေါက်တောပြင်ကျေးရွာတွင် ရေခမ်းခြောက်နေသည့် ရေကန်အား ကိုယ်ထူကိုယ်ထ တူးဖော်မှုနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- အရှင်ဝါသေဋ္ဌ (Facebook)

DMG ၊ မေ ၉

ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရသည့် ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် ဒေသနေပြည်သူများ၏ အလှူထည့်ငွေများ၊ ရန်ပုံငွေများဖြင့် သောက်ရေကန်များ တူးဖော်လာကြကြောင်း သိရသည်။

လာမည့်နှစ်များတွင် ယခုကဲ့သို့ ရေရှားပါးမှုမဖြစ်စေရန် မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့်မြို့နယ်များတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရေကန်များ တူးဖော်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရေရှားပါးမှုဖြစ်ပေါ်နေသည့် မင်းပြားမြို့တွင် ပြည်တော်လှရပ်ကွက်နှင့် ရွှေမင်းကန်ရပ်ကွက်တို့၌ သောက်ရေကန်ကြီး နှစ်ကန်ကို ရပ်ကွက်နေပြည်သူများ၏ ထည့်ဝင်ငွေဖြင့် တူးဖော်နေကြသည်။

“ကျနော်တို့ မင်းပြားမှာတော့ မြိုတွင်းရပ်ကွပ်တွေမှာ သောက်ရေကန် အကုန်လုံးနီးပါးက ခမ်းခြောက်သွားပြီ။ အခုတော့ ပြည်တော်လှကန်နဲ့ မင်းကန်တွေကို ရပ်ကွက်သူ/ရပ်ကွက်သားတွေနဲ့ ပြည်မ၊ ပြည်ပရောက် မင်းပြား မြို့သူ/မြိုသားတွေရဲ့ အလှူငွေတွေနဲ့ တူးဖော်နေတာတွေရှိတယ်။ တခြားရပ်ကွက်တွေမှာလည်း ရေကန်တွေ တူးဖော်ဖို့ လုပ်နေကြတာတွေရှိတယ်”ဟု ပြည်တော်လှရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးသိန်းထွန်းကပြောသည်။

လက်ရှိတွင် မင်းပြားမြို့ပေါ် ရပ်ကွက်များကို ဖလောင်းပြင်ဆည်မှ တစ်ပတ်လျှင် တစ်ရက်ကျစီ ရေပေးဝေနေသော်လည်း ရေလုံလောက်မှုမရှိ၍ ဝယ်ယူသုံးစွဲနေကြရသည်ဟု ဦးသိန်းထွန်းက ဆက်ပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာရှိ ရေကန် ငါးကန်လုံးမှာ ရေခမ်းခြောက်နေပြီး အဆိုပါကန်များကို ကိုယ်ထူကိုယ်ထ တူးဖော်နေကာ အကူအညီများလိုအပ်နေကြောင်း ၎င်းကျေးရွာမှ ကိုအောင်ကျော်စိုးက ပြောသည်။

“ကျနော်တို့မှာ နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်။ အဲဒီလို ရေရှားပါးမှုနဲ့ မကြုံရအောင်အတွက် အားလုံး စုစုရုံးရုံးနဲ့ ကိုယ်ထူကိုယ်ထ တူးကြတာပါ။ ပြည်တွင်း/ပြည်ပအလှူရှင်တွေ၊ ရပ်ရွာက ရန်ပုံငွေတွေနဲ့ တူးနေကြတာပါ”ဟု ၎င်းကပြောသည်။

လတ်တလောတွင် ပေါက်တောပြင်ကျေးရွာသားများမှာ ရွာနှင့် မိနစ် ၂၀ ခန့် ခြေလျင်သွားရသည့် ရွာဟောင်းကျေးရွာရှိ ရေကန်မှ ရေခပ်ယူသုံးစွဲနေရကြောင်း သိရသည်။

ရသေ့တောင်မြို့ပေါ်တွင်လည်း အရှေ့တောင်ရပ်ကွက်မှ သောက်ရေကန် သုံးကန်နှင့် အရှေ့မြောက်ရပ်ကွက်မှ သောက်ရေကန် တစ်ကန်ကို မြို့နေလူထု၏ အလှူထည့်ဝင်ငွေများနှင့် မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပူးပေါင်းကာ တူးဖော်နေကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်ရှိ သောက်ရေကန်အများစုမှာ ရေခမ်းခြောက်မှုဖြစ်ပေါ်နေပြီး အရှေ့မြောက်ရပ်ကွက် ပြည်တော်သာရေကန်မှ တစ်နေ့လျှင် နံနက် ၅ နာရီမှ ၆ နာရီထိတစ်ကြိမ်၊ ညနေ ၅ နာရီမှ ၆ နာရီထိတစ်ကြိမ် ရေခပ်ချိန် နှစ်နာရီခန့်သာဖွင့်ပေးထားသည်ဟု ရသေ့တောင်မြို့ခံ ကိုနေဇော်ဦးကပြောသည်။

“ကျနော်တို့ ရသေ့တောင့်မြို့မှာ အရှေ့မြောက်ရပ်ကွက်က ပြည်တော်သာတစ်ကန်ပဲ ရေရှိတော့တယ်။ အဲဒီရေကန်ကပဲ တစ်မြို့လုံးက လာခပ်နေကြရတယ်။ ခပ်တဲ့အချိန်မှာလည်း အချိန်အကန့်အသတ်နဲ့ ခပ်ခွင့်ပြုတယ်။ တစ်မြို့လုံး ရေပေးဝေနေတဲ့ ကန်တော်ကြီးကန်မှာလည်း နောက်တစ်ပတ်လောက်ဆိုရင် ရေခမ်းခြောက်သွားမဲ့ အခြေအနေဆိုတော့ တော်တော်လည်း အခက်အခဲတွေရှိလာနိုင်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရသေ့တောင်မြို့ခံများမှာ သောက်သုံးရေ မလုံလောက်မှုကြောင့် ရသေ့တောင်ချောင်း တစ်ဖက်ကမ်းရှိ ပြားချောင်းကြီးကျေးရွာအနီးမှ ရေကန်နှင့် မြောင်များမှ ရေကို ခပ်ယူသုံးစွဲနေကြရသည်ဟု မြို့ခံများက ဆိုကြသည်။

ရခိုင်ပြည်တွင် နှစ်စဉ် မိုးရေချိန် လက်မ ၂၀၀ ကျော်ခန့် မိုးရွာသွန်းမှုရှိသော်လည်း နွေရာသီရောက်တိုင်း နှစ်စဉ်ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည်။ ထိုသို့ ကြုံနေရခြင်းမှာ သစ်တောပြုန်းတီးလာမှုတို့ကြောင့် ဖြစ်သည်ဟု ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ စီမံကိန်းအရာရှိ ဒေါ်ခင်သန်းကပြောသည်။

“ရေရှားလာရတဲ့ အဓိကအကြောင်းအရင်းကတော့ သစ်တောတွေပြုန်းတီးလာတာကြောင့် ရာသီဥတု မမှန်တော့ဘဲ မိုးရေချိန်လက်မ လျော့ကျလာပြီး ရေကန်တွေမှာ ရေမပြည့်မှုတွေကြောင့်ဖြစ်တယ်”ဟု ၎င်းကပြောသည်။

ရေရှားပါးမှုနှင့်ကြုံတွေ့နေရသည့် မြောက်ဦးမြို့နယ်အတွင်းမှ င/ခေါ်ကျေးရွာတွင် ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ ရေကန်တူးဖော်ပေးနေပြီး ငွေကြေးအပေါ်မူတည်ကာ ရေကန်များ ထပ်မံ၍တူးဖော် ပေးသွားရန်ရှိသည်ဟု ဒေါ်ခင်သန်းက ဆက်ပြောသည်။

ရခိုင်ပြည်တွင် နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာ မကြုံရစေရန်အတွက် သစ်ပင်များခုတ်လှဲခြင်းကို ဒေသန္တရအမိန့်များ ထုတ်ပြန်ပြီး ကာကွယ်သင့်ကြောင်းနှင့် မိုးရာသီတွင် သောက်ရေကန်များ၌ ရေလုံလောက်အောင် သိုလှောင်သင့်ကြောင်း ထောက်ပြမှုများရှိသည်။

#I006

ဗီဒီယိုများ