ICJ အမှုအတွက် ချွတ်ပြင်ရွာမှ မွတ်ဆလင်အချို့ကို စစ်ကောင်စီက ရှာဖွေနေ

၂၀၁၇ ခုနှစ် ဖြစ်စဉ်အတွင်း ချွတ်ပြင်ကျေးရွာသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ရွာလုံးကျွတ် မီးရှို့ခံရခြင်းများအပေါ် စစ်တပ်က စွပ်စွဲခံထားရသည်။

By Admin 03 Mar 2023

မောင်တောမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
မောင်တောမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

DMG ၊ မတ် ၃

၂၀၁၇ မောင်တောဒေသ ပဋိပက္ခဖြစ်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးဘဲ ကျန်ရှိနေခဲ့သည့်  ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာမှ မွတ်ဆလင်အချို့ကို လက်ရှိတွင် စစ်ကောင်စီက လိုက်လံရှာဖွေနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဒုအိုးသည်မ(မွတ်ဆလင်)ကျေးရွာမှ တာဝန်ရှိသူများကို ဘူးသီးတောင်မြို့ဗျူဟာသို့ ခေါ်ယူပြီး အဆိုပါ ချွတ်ပြင်ကျေးရွာသားအချို့ လက်ရှိနေထိုင်နေသည့် နေရာများကို မေးမြန်းခဲ့ကြောင်း ဒေသခံများကပြောသည်။

“အဲဒီနေ့က ဘူးသီးတောင်ဗျုဟာကုန်းက ဗိုလ်မှူးတစ်ယောက်ခေါ်ပြီးတော့ ကျနော်တို့ကို ချွတ်ပြင်ရွာသားတွေ ဒီရွာမှာရှိလားဆိုပြီးတော့ မေးတယ်။ ကျနော်တို့ရွာမှာ ချွတ်ပြင်ရွာသားတွေ မရှိတဲ့အတွက် မရှိဘူးလို့ပြောလိုက်တယ်။ ဘာဖြစ်လို့ရှာနေတယ်ဆိုတာတော့ ကျနော်တို့မသိဘူး။ အဲဒီရွာသားအများစုက ၂၀၁၇ ဖြစ်စဉ်နောက်ပိုင်း သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြပြီ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒုအိုးသည်မကျေးရွာမှ ရပ်မိ၊ ရပ်ဖတစ်ဦးက DMG ကို ပြောသည်။

အဆိုပါ ချွတ်ပြင်ကျေးရွာသားများကို စစ်ကောင်စီက အပူတပြင်းရှာဖွေနေသည့်မှာ လက်ရှိရင်ဆိုင်နေရသည့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)အရေး ဖြေရှင်းချေပနိုင်ရေးတွင် မျက်မြင်သက်သေထွက်ဆိုရန် လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ဒုအိုးသည်မကျေးရွာမှ နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။

“အဓိကရှာနေတာက သူတို့(စစ်ကောင်စီ)က အခုရင်ဆိုင်နေရတဲ့ ICJ ကိစ္စနဲ့ပတ်သက်ပြီး ချေပဖို့အတွက် မျက်မြင်သက်သေတွေ ရှာဖွေနေတာဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်မပြေးဘဲ ကျန်နေခဲ့တဲ့ ရသေ့တောင်၊ ချွတ်ပြင်ကျေးရွာက ဒေသခံ ရွာသူရွာသားတွေကို ရှာနေတာပါ”ဟု နောက်ထပ် ဒုအိုးသည်မကျေးရွာသား တစ်ဦးကဆိုသည်။

၂ဝ၁၇ ခုနှစ်က မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်အတွင်း လူအစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည့်ဆိုသော ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

ထိုသို့ ပြင်ဆင်ဖွဲ့စည်းရာတွင် ယခင် ဥက္ကဋ္ဌ ဗိုလ်ချုပ် မြတ်ကျော်နေရာတွင် ဗိုလ်မှူးချုပ် စိုးတင့်ကို ပြောင်းလဲတာဝန်ပေးထားပြီး ဗိုလ်မှူးကြီး သန်းလှိုင်နှင့် ဗိုလ်မှူးကြီး မျိုးအောင်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သည်။

ယင်းသို့ အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပြီးနောက် ချွတ်ပြင်ကျေးရွာသားများကို ဒုအိုးသည်မကျေးရွာတွင် နေထိုင်ခြင်းရှိ၊ မရှိ စစ်ကောင်စီက ရှာဖွေလာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်တို့၏ ရခိုင်သို့ လာရောက်ခဲ့သည်။

ထိုခရီးစဉ်အတွင်း ICJ ကိစ္စကို ချေပနိုင်ရန်အတွက် မောင်တောခရိုင်မှ မျက်မြင်သက်သေ ၃၀ ကို စစ်တွေသို့ ခေါ်ယူတွေ့ဆုံခဲ့ကာ ၎င်းတို့ထံမှ လက်မှတ်ရေးထိုး အတည်ပြုချက်များ ရယူခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဝန်ကြီးများနှင့်တွေ့ဆုံခဲ့သူ ဟိန္ဒူအမျိုးသားတစ်ဦးက “ကျနော်တို့ကို စစ်တွေကိုခေါ်ပြီးတော့ လက်မှတ်ရေးထိုးခိုင်းတာတော့ မှန်ပါတယ်။ လူကတော့ ကျနော်တို့ ဟိန္ဒူတွေအပါအဝင် မွတ်ဆလင် ၃၀ လောက်ကို ခေါ်ပြီးတော့ လက်မှတ်ထိုးခိုင်းတာပါ”ဟု DMG ကိုပြောသည်။

သို့သော် တွေ့ဆုံခဲ့သူများအနေဖြင့် စစ်ကောင်စီဘက်က မည်သည့်အတွက်ကြောင့် လက်မှတ်ရေးထိုးခိုင်းသည်ကို လုံခြုံရေးအရ ဖြေကြားရန် ငြင်းဆိုကြသည်။

၂၀၁၇ ခုနှစ် ဖြစ်စဉ်အတွင်း ချွတ်ပြင်ကျေးရွာသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ရွာလုံးကျွတ် မီးရှို့ခံရခြင်းများအပေါ် စစ်တပ်က စွပ်စွဲခံထားရသည်။

အလားတူ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များရှိ မွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲဆိုထားသည်။

စစ်ကောင်စီက ဥပဒေကြောင်းအရ ဆက်လက်ခုခံချေပသွားမည်ဟု ပြောဆိုထားပြီး သက်သေများကိုလည်း ရှာဖွေလျက်ရှိသည်။

“နိုင်ငံတကာက မွတ်ဆလင်အရေးနှင့်ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်တယ်ဆိုပြီးတော့ စွပ်စွဲထားတယ်။ ဒါကြောင့် စစ်ကောင်စီက တရားခံဖြစ်နေတယ်။ တရားခံဖက်ကလည်း ထွက်ပေါက်ရှာတာပေါ့။ အဲဒါကြောင့် ICJ ကိစ္စ ပြန်လည်ချေပဖို့အတွက် အချက်အလက်ရှာနေတာလို့ပဲမြင်တယ်”ဟု ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေကပြောသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

မြန်မာအာဏာပိုင်များမှ ထုတ်ပြန်ရာတွင် ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ဆိုထားသည်။

#R007

ဗီဒီယိုများ