စစ်ကောင်စီလက်ချက်ကြောင့် စစ်တွေတွင် ကျေးရွာ ၁၆ ရွာထက်မနည်း ပျက်စီးနေ

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်ဖျက်ဆီးပြီး အိမ်တိုင်နှင့် သစ်များကို ၎င်းတို့ ဆောက်လုပ်နေသော ခံတပ်စခန်းများတွင် သုံးစွဲပြီး အခြားတစ်ဘက်တွင် တန်ဖိုးကြီးပရိဘောဂ ပစ္စည်းများကိုလည်း ပြန်လည်ရောင်းစားနေကြောင်း သိရသည်။

By Admin 19 Jul 2025

စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား‌ ရှေ့တန်းနယ်မြေတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ - လူမှုကွန်ရက်
စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား‌ ရှေ့တန်းနယ်မြေတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ - လူမှုကွန်ရက်

DMG ၊ ဇူလိုင် ၁၉

စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့အနီးရှိ ကျေးရွာ ၁၆ ရွာထက်မနည်းမှာ စစ်ကောင်စီ၏ လက်ချက်ကြောင့် နေအိမ်အားလုံးနီးပါး ပျက်စီးဆုံးရှုံးနေကြောင်း စုံစမ်းသိရသည်။

ပျက်စီးခဲ့ရသော ကျေးရွာများမှာ ဗျိုင်းဖြူရွာ(ခ) ဆတ်ရိုးကျရပ်ကွက်၊ ဝါဘို၊ သိန်းတန်၊ ရာတန်၊ တောကန်၊ ရွှေပြည်သာ၊ ကျေးတော၊ ကျောက်တန်းကြီး၊ ကျောက်တန်းချေ၊ ကံပြင်၊ သုံးဆောင်ရွာ၊ ကျားမသောက်၊ ချောင်းနွယ်၊ မင်းဂံ၊ ကြက်ကိုင်းတန်နှင့် ကင်းမော်ကျေးရွာများဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာများရှိ နေအိမ်များကို မီးရှို့ခြင်းနှင့် လက်နက်ကြီး၊ ဒရုန်းများ ပစ်ခတ်ဗုံးကြဲခြင်းအပါအဝင် နေအိမ်ဖြိုဖျက်ပြီး ရောင်းစားခြင်း စသည့် နည်းမျိုးစုံနှင့် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

" သူတို့ (စစ်ကောင်စီ) က လုံးဝ နေလို့ မရအောင် ပြည်သူတွေကို နှင်ထုတ်လိုက်တယ်။ တိုက်ပွဲတွေ မဖြစ်ဘဲ လူတွေကို ကြောက်စိတ်ဖြစ်သွားအောင် နေထိုင်ခွင့်မရှိအောင် လုပ်လိုက်ပြီးတော့ လုံးဝကို တပ်အထိုင်ချ လိုက်တာ " ဟု ဝါဘိုကျေးရွာသား အမျိုးသားတစ်ဦးက ပြောသည်။

ဝါဘိုကျေးရွာသားများမှာ ပြီးခဲ့သည့် ၂၀၂၄၊ ဖေဖော်ဝါရီလက စ၍ စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများ၊ အတင်းနှင်ထုတ်မှုများကြောင့် ကျေးရွာကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

၂၀၂၄ မေလကုန်ပိုင်းတွင် ဗျိုင်ဖြူကျေးရွာသားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ကျေးရွာသား ရာနှင့်ချီကို ဖမ်းဆီးကာ ထောင်ချခဲ့သည်။ ထို့အတူ ကျေးရွာသားများကိုပါ ထပ်မံနှင်ထုတ်၍ နေအိမ်များကို နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အလားတူ စစ်တွေက အခြားကျေးရွာများတွင်လည်း စစ်ကောင်စီက နေအိမ်များကို ဖြိုဖျက်ကာ စစ်စခန်းများတွင် အသုံးပြုနေခြင်းဖြစ်သည်။

" သူတို့ (စစ်ကောင်စီ) စစ်ကြောင်းထိုးလာတဲ့အခါကျရင် ရွာသားတွေကို သေနတ်နဲ့ ခြိမ်းခြောက် ပစ်ခတ်တယ်။ ပြီးတော့ နှင်ထုတ်တယ်။ နောက်ပြီး ရွာမှာရှိတဲ့ ပစ္စည်းဥစ္စာတွေကိုပါ သူတို့ ကြိုက်သလို လုပ်သွားကြတာ " ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်ဖျက်ဆီးပြီး အိမ်တိုင်နှင့် သစ်များကို ၎င်းတို့ ဆောက်လုပ်နေသော ခံတပ်စခန်းများတွင် သုံးစွဲပြီး အခြားတစ်ဘက်တွင် တန်ဖိုးကြီးပရိဘောဂ ပစ္စည်းများကိုလည်း ပြန်လည်ရောင်းစားနေကြောင်း သိရသည်။

စစ်တွေမြို့ပေါ်မှ အမျိုးသားတစ်ဦးက " အိမ်တွေကို ဖြိုပြီး ကားကြီးတွေနဲ့ မွတ်ဆလင်ရွာဘက်တွေမှာ သွားရောင်းတယ်။ ဒီအထဲက သစ်အကောင်းတွေကို ယူပြီး ခံတပ်အတွက်လို့ ဆိုရမလား မသိဘူး။ ခြံစည်းရိုးတွေ တခြားသူတို့ စစ်ဘက်ဆိုင်ရာအတွက် လိုအပ်တဲ့ နေရာမှာ သုံးတယ် " ဟု ပြောသည်။

ယခုအချိန်တွင် ဒကစဌာနချုပ်ကို ကာကွယ်ရန်အတွက် စစ်ကောင်စီသည် ၄ ဧက ထက်မနည်း ကျယ်ဝန်းသော ခံတပ်စခန်းကြီးများကို ကံပြင်ရွာဟောင်းအနီးတွင် တစ်ခု၊ တောကန်ရွာအနီးတွင် တစ်ခု၊ ဒိုးတန်းကုန်းတွင် တစ်ခု၊ ဆောက်လုပ်ထား‌ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် နာရီကန်နှင့် ရွာသစ်ကေကျေးရွာအနီးရှိ စစ်တွေ (ဒကစ) ဌာနချုပ်အပါအဝင် ရွှေမင်းဂံနှင့် ပါဒလိတ်အနီးရှိ တပ်စခန်းများတွင်လည်း ကတုတ်ကျင်းနှင့် ဘန်ကာများကို အရပ်သားနေအိမ်မှ အိမ်တိုင်များဖြင့် အခိုင်အမာ တိုးမြှင့်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့အနီးတွင် ကျေးရွာ ၃၀ ခန့်ရှိပြီး စစ်ကောင်စီ၏ သတ်ဖြတ်မှု၊ ဖမ်းဆီးခံရမှု၊ နှင်ထုတ်ခံရမှု စသည့်တို့ကြောင့် လက်ရှိတွင် မွတ်ဆလင်ကျေးရွာအချို့မှ လွဲ၍ အခြားကျေးရွာများမှာ လူနေထိုင်ခြင်းမရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြသည်။