စိုက်ပျိုးရေးကို စီးပွားရေးလုပ်ငန်းရှင်များနှင့် လက်တွဲလုပ်ဆောင်ရန် ရခိုင်က တောင်သူအချို့ လိုလားနေ

ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်တို့တွင် ခရမ်းသီး၊ အာလူး၊ ငရုတ်၊ သခွား၊ မြေပဲ၊ မုံညင်း၊ ဖရဲ၊ ဂေါ်ဖီ၊ မတ်ပဲ စသည့် ဆောင်းသီးနှံများကို အဓိကစိုက်ပျိုးကြသည်။

By Admin 02 Feb 2023

စိုက်ပျိုးရေးကို စီးပွားရေးလုပ်ငန်းရှင်များနှင့် လက်တွဲလုပ်ဆောင်ရန် ရခိုင်က တောင်သူအချို့ လိုလားနေ

ဘူးသီးတောင်မြို့နယ်မှ စိုက်ခင်းတစ်ခု။

DMG ၊ ဖေဖော်ဝါရီ ၂

ရခိုင်က စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများမှာ နည်းပညာအားနည်းခြင်း၊ ဈေးကွက်အာမခံချက် မရှိခြင်း၊ သွင်းအားစုစရိတ် ကြီးမားခြင်းနှင့် ငွေကြေးအခက်အခဲများ ရှိနေကြကြောင်း သိရသည်။

တောင်သူများ၏ လိုအပ်ချက်ကို စီးပွားရေးလုပ်ငန်းရှင်များမှ ပံ့ပို့ပေးနိုင်လျှင် ရခိုင်ပြည် စိုက်ပျိုးရေးလုပ်ငန်းမှာ တိုးတက်လာနိုင်ကြောင်း စစ်တွေမြို့နယ်၊ မောင်နီပြင်ကျေးရွာမှ တောင်သူ ဦးသန်းထွန်းကပြောသည်။

“အခုဆို မြေဩစာတွေ ဈေးတက်တယ်။ အခြား စိုက်ပျိုးရေးစရိတ်စခတွေလည်း မလွယ်ဘူး။ ဒီအတွက် သက်သာတဲ့ စိုက်ပျိုးရေးနည်းတွေလိုတယ်။ တင်ပို့ရောင်းချနိုင်မယ့် ဈေးကွက်တွေလည်း လိုတယ်။ ဒါတွေကို ကျနော်တို့ တောင်သူတွေအားနဲ့ မဖြေရှင်းနိုင်ဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေက ပါဝင်ပူးပေါင်းဖို့ လိုအပ်တယ်”ဟု ၎င်းကပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် စပါးစိုက်ရာသီတွင် ရာသီဥတုဖောက်ပြန်ခြင်း၊ သွင်းအာစုစရိတ် ကြီးမြင့်ခြင်း၊ စပါးဈေးကောင်း မရခြင်းနှင့် စစ်ရေးပဋိပက္ခ စသည်တို့ကြောင့် စပါးပေါ်ရာသီတွင် စပါးအထွက်နှုန်းကျဆင်းပြီး လယ်သမားများမှာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရသည်။

“တောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေဟာ တောင်သူတွေကိုပဲ သက်ရောက်တာ မဟုတ်ပါဘူး။ တောင်သူတွေဒုက္ခဖြစ်ရင် ပြည်သူတွေလည်း ဒုက္ခဖြစ်တာပါပဲ။ ဒီအတွက် ရခိုင့်စိုက်ပျိုးရေးလုပ်ငန်းတွေ ဦးမော့ဖြစ်ထွန်းဖို့ဆိုရင် ရခိုင်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စိုက်ပျိုးရေးပညာရှင်တွေ ပါဝင်ပံ့ပိုးဖို့ လိုအပ်ပါတယ်”ဟု ပေါက်တောမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ တောင်သူ ဦးကျော်ရင်မောင်ကပြောသည်။

ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်တို့တွင် ခရမ်းသီး၊ အာလူး၊ ငရုတ်၊ သခွား၊ မြေပဲ၊ မုံညင်း၊ ဖရဲ၊ ဂေါ်ဖီ၊ မတ်ပဲ စသည့် ဆောင်းသီးနှံများကို အဓိကစိုက်ပျိုးကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ ရခိုင်တစ်ပြည်လုံးမှာ စိုက်ပျိုးဧက ၁၂ သိန်းခွဲ ကျော်ရှိသည့်အထဲတွင် ဆောင်းသီးနှံစိုက်ပျိုးဧက ၅ သိန်း ၄ သောင်း ၂ ထောင်ကျော်ရှိပြီး လက်ရှိတွင် ဆောင်းသီးနှံစိုက်ပျိုးသည့်ဧက ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း သိရသည်။

ရခိုင်ပြည်သည် ‌ရေခံမြေခံကောင်းပြီး စိုက်ပျိုးရေးဖြစ်ထွန်းသော ဒေသတစ်ခုဖြစ်သော်လည်း အဖက်ဖက်မှ လိုအပ်ချက်များကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ တဖြည်းဖြည်းနှင့် အကျဘက်သို့ဦးတည်လာကာ လက်ရှိမှာ ပြည်မဘက်မှလာသော သစ်သီးဝလံများကို ‌ရခိုင်ဒေသခံများက ဈေးပိုပေးပြီး ဝယ်ယူစားသုံးနေကြရသည်။

ရခိုင် အော်ဂဲမြေစိုက်ပျိုးရေး နည်းပညာပေးရေးအဖွဲ့မှ တာဝန်ခံ ကိုရဲထွန်းမြင့်က “အခု သွင်းအားစုတွေကို စီးပွားရေးသမားတွေကနေ လုပ်ဆောင်ပေးရမယ်။ သွင်းအားစုတွေပေးပြီးရင် တောင်သူနဲ့ စာချုပ်ချုပ်မယ်။ ဥပမာ-စပါးက ဒီရာသီမှာ ဈေးဘယ်လောက်ဆိုပြီး ဈေးဖြတ်ရမယ်။ အဲဒီမှာ ကုန်ကျစရိတ်တွေကို ထောက်ပံ့ပေးရမယ်။ အဲဒီလိုလုပ်လိုက်ရင် တောင်သူတွေမှာ စိုးရိမ်စရာ မလိုတော့ဘူး။ ပြည်မဘက်မှာတော့ အများစု အဲလိုသွားနေကြပါတယ်။ ရခိုင်က စီးပွားရေးသမားတွေအနေနဲ့လည်း ဒါမျိုးလုပ်ပေးသင့်တယ်”ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အစိုးရသက်သက် မဟုတ်ဘဲ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များမှ ပူးပေါင်းလုပ်ဆောင်မှုများရှိလာနေပြီး ရခိုင်တွင်လည်း ထိုသို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဦးထွန်းမြင့်က ပြောသည်။

“စပါးပဲဖြစ်ဖြစ်၊ မြေပဲ,ပဲဖြစ်ဖြစ်၊ မတ်ပဲ,ပဲဖြစ်ဖြစ် သီးနှံတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဖြစ်ထွန်းလာဖို့ အတွက် အကျိုးတူ လယ်ယာမြေစနစ်ဆိုတာ နိုင်ငံတကာမှာလည်း ကျင့်သုံးနေတာဖြစ်တယ်။ တခြား ရန်ကုန်တိုင်းတို့ ဧရာဝတီတိုင်းတို့မှာလည်း ကျင့်သုံးနေတာဖြစ်တဲ့အတွက် ဒီစနစ်ကို ရခိုင်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုရင် ဒီလယ်ယာကဏ္ဍဟာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်”ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဦးထွန်းမြင့်က ပြောသည်။

ခေတ်မီနည်းပညာ၊ ရင်းနှီးငွေနှင့် ဈေးကွက်အာမခံချက်ကိုသာ ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ရခိုင်ပြည်တွင် စိုက်ပျိုးရေးလုပ်ငန်း တွင်ကျယ်လာနိုင်ကြောင်း ရခိုင်က တောင်သူများက ယုံကြည်ထားကြသည်။

#I008

ဗီဒီယိုများ