စစ်တွေဆေးရုံကြီးတွင် ရောဂါတစ်ခုချင်းစီအတွက် အထူးကုဆရာဝန်များ ချထားပေးရန် ဒေသခံများ လိုလားနေ

ရခိုင်ပြည်အတွင်းက ကုတင်(၅၀၀)ဆံ့ဆေးရုံဖြစ်သည့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ရောဂါတစ်ခုချင်းစီအတွက် အထူးကု ဆရာဝန်များ ချထားပေးရန် ဒေသခံများက လိုလားနေကြသည်။

By Admin 26 Nov 2022

စစ်တွေဆေးရုံကြီးတွင် ရောဂါတစ်ခုချင်းစီအတွက် အထူးကုဆရာဝန်များ ချထားပေးရန် ဒေသခံများ လိုလားနေ

DMG | နိုဝင်ဘာ ၂၆

ရခိုင်ပြည်အတွင်းက ကုတင်(၅၀၀)ဆံ့ဆေးရုံဖြစ်သည့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ရောဂါတစ်ခုချင်းစီအတွက် အထူးကု ဆရာဝန်များ ချထားပေးရန် ဒေသခံများက လိုလားနေကြသည်။

လက်ရှိ စစ်တွေဆေးရုံကြီးတွင် အထွေထွေရောဂါအထူးကု၊ အရိုးအထူးကု၊ မျက်စိအထူးကု၊ (နား၊ နှာခေါင်း၊ လည်ခြောင်း)အထူးကု၊ စိတ်ရောဂါအထူးကု(ကလေးအထူးကု) စသည့် အထူးကုဆရာဝန်ကြများရှိသော်လည်း ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဦးနှောက်အာရုံကြော စသည့်ရောဂါများအတွက် အထူးကုဆရာဝန်များ လိုအပ်နေကြောင်း ဒေသခံများကပြောသည်။

“စစ်တွေဆေးရုံကြီးမှာဆိုရင်လည်း ဌာနအသီးသီးမှာ အထူးကုဆရာဝန်ကြီးတွေ အများကြီးလိုအပ်တာပေါ့နော်။ ဥပမာ- အထူးကုဆရာဝန်ကြီးတစ်ယောက်တည်းက ဌာနအသီးသီးကိုသွားပြီးတော့ ကုပေးနေရတယ်၊ လူနာတွေကလည်း များတယ်ဆိုတော့ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ အများကြီးရှိတာပေါ့။ အဲဒီပေါ်မှာ ဒေသခံတစ်ယောက်အနေနဲ့ အထူးကုဆရာဝန်ကြီးတွေ လုံလုံလောက်လောက်ရှိစေချင်တယ်”ဟု ရသေ့တောင်မြို့တွင်နေထိုင်သည့် ကိုမြတ်အောင်က ပြောသည်။

ထိုသို့ အထူးကုဆရာဝန်မရှိသည့် ရောဂါများအတွက် အချို့လူနာများမှာ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင် သွားရောက်ပြသ နေရပြီး အချို့မှာလည်း ရန်ကုန်မြို့သို့ သွားရောက်ကာ ဆေးကုသမှုခံယူနေကြရကြောင်း သိရသည်။ ထိုသို့ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင် ဆေးကုသရန်မှာ ငွေကြေးတတ်နိုင်သူများအတွက် အဆင်ပြေနိုင်သော်လည်း ငွေကြေးမတတ်နိုင်သူများမှာ ပြည့်သူ့ဆေးရုံများကိုသာ အားထားနေရကြရသည်။

စစ်တွေပြည်သူ့ဆေးရုံကြီးသည် ရခိုင်ပြည်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်ခန့်မှ ကျန်းမာရေးအတွက် အဓိက အားထားနေရသည့် ဆေးရုံလည်းဖြစ်သည်။

“ဒီစစ်တွေဆေးရုံကြီးဆိုတာက ရခိုင်တစ်ပြည်လုံးရဲ့ ကိုယ်စားပြုဆေးရုံကြီးဖြစ်တာကြောင့် ဆရာဝန်တွေ လုံလုံလောက်လောက် ရှိသင့်တယ်လို့ထင်တယ်။ ဒီစစ်တွေက သူတွေရော၊ တခြားနယ်ကသူတွေဆိုရင်လည်း ပုဂ္ဂလိက ဆေးခန်းတွေ သွားစရာမလိုအောင်၊ စရိတ်တွေကာမိအောင် စစ်တွေဆေးရုံကြီးမှာ ဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေ အကုန်လုံး၊ သက်ဆိုင်ရာဆရာဝန်တွေ အကုန်ရှိသင့်တယ်လို့မြင်ပါတယ်”ဟု စစ်တွေမြို့တွင်နေထိုင်သည့် မသီတာက ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် ဆရာဝန်တစ်ဦးက “special list မရှိဘူးဆိုရင်တော့ အဲဒီမှာရှိတဲ့ လူနာတွေအတွက်ကကျ အဲဒီလို အထူးကုဆရာဝန်ကြီးတွေမရှိတဲ့ နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်၊ အာရုံကြောတို့ အထူးကုမရှိဘူးဆို သူတို့တွေအတွက် အရမ်းခက်ခဲတာပေါ့။ ကုသဖို့အတွက် ဘာညာဆိုတော့ ရန်ကုန်လာရတာနဲ့ဆိုတော့ ခက်ခဲမှုတော့ရှိမှာပေါ့”ဟု ပြောသည်။

ယခုကဲ့သို့ စစ်တွေဆေးရုံကြီးတွင် အထူးကုဆရာဝန်များ ချထားပေးရန် ဒေသခံများ၏တောင်းဆိုချက်နှင့် ပတ်သက်ပြီး မည်သည့်အစီအစဉ်များ ရှိနေသည်ကိုသိရှိနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဗီဒီယိုများ