တာဝန်ထမ်းဆောင်ရာတွင် အခက်ကြုံရသည်ဟုဆိုကာ ရသေ့တောင်မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၂၀ ဦးခန့် နှုတ်ထွက်စာတင်

စစ်ကောင်စီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) တို့ကြား တာဝန်ထမ်းဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်ဟုဆိုကာ ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်(တောင်ပိုင်း) ကူတောင်နယ်မြေအတွင်းရှိသည့် ကျေးရွာ (၁၉)ရွာမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၁၉) ဦးမှာ နုတ်ထွက်စာတင်လိုက်ကြောင်း စုံစမ်းသိရသည်။

By Admin 17 Dec 2022

တာဝန်ထမ်းဆောင်ရာတွင် အခက်ကြုံရသည်ဟုဆိုကာ ရသေ့တောင်မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၂၀ ဦးခန့် နှုတ်ထွက်စာတင်

ကူတောင်တိုက်နယ်အဝင် ဆိုင်းဘုတ်အားတွေ့ရစဉ်

DMG | ဒီဇင်ဘာ ၁၇

စစ်ကောင်စီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) တို့ကြား တာဝန်ထမ်းဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်ဟုဆိုကာ ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်(တောင်ပိုင်း) ကူတောင်နယ်မြေအတွင်းရှိသည့် ကျေးရွာ (၁၉)ရွာမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၁၉) ဦးမှာ နုတ်ထွက်စာတင်လိုက်ကြောင်း စုံစမ်းသိရသည်။

လက်နက်ကိုင်နှစ်ဖွဲ့ကြားတွင် ကျေးရွာအုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ရာ၌ အခက်အခဲအကျပ်အတည်းများ ဖြစ်လာသည့်အတွက် မိမိသဘောဆန္ဒအလျောက် ယမန်နေ့ (ဒီဇင်ဘာလ ၁၆ရက်နေ့) တွင် နုတ်ထွက်စာ တင်လိုက်ကြခြင်းဖြစ်သည်ဟု နုတ်ထွက်စာတင်ကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပြောဆိုကြသည်။

"ကျနော်တို့ တာဝန်ထမ်းဆောင်နေတဲ့ ရွာတွေက ရွာသူ/သားတွေက ကျနော်တို့ကို စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဖြစ်တာမို့ မကြိုက်မနှစ်သက်တဲ့ ပုံတွေ့ရတယ်။ နောက်ပြီးတော့ အခုလို စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်နေကြတဲ့ကာလမျိုးမှာ ကျနော်တို့အနေနဲ့ လုပ်ရ၊ ကိုင်ရ၊ တာဝန်ထမ်းဆောင်ရတာတွေ အခက်အခဲ ရှိလာတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်ကြတာပါ" ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

လက်ရှိ နုတ်ထွက်စာတင်လိုက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ကူတောင်၊ ရွှေလောင်းတင်၊ ဦးဂါ၊ ဇီးကိုင်း၊ ကျွန်းကြီး၊ ညောင်ပင်လယ်၊ မင်းကန်ချောင်း၊ ဆားပြင်ကြီး၊ အနောက်ပြင်၊ ဆားပြင်ချေ၊ ကံပြင်၊ ရေပိုက်ဆုံ၊ ပန်ဇင်မော်၊ ဖြူချောင်း၊ ကြက်ရိုးဆပ်၊ ကပ်ချောင်း၊ မင်းဂံ၊ သာစည် စသည့်ကျေးရွာတို့မှ ဖြစ်ကြသည်။

နုတ်ထွက်စာတင်ရာတွင် ပါဝင်သည့် အခြားအုပ်ချုပ်ရေးမှူးတစ်ဦးက" နုတ်ထွက်လိုက်တာက ကူတောင် နယ်မြေတခုလုံးပေါ့။ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်လိုက်တာပါ။ အခုတော့ ကျနော်တို့နဲ့ အဲဒီတာဝန်နဲ့ ဘာမှမဆိုင်တော့ပါဘူး။ နုတ်ထွက်ထားပြီဆိုတော့ အုပ်ချုပ်ရေးမှူး ရာထူးကနေ ပြုတ်သွားပြီပေါ့" ဟု ပြောဆိုထားသည်။

ထိုသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်လိုက်သည့်အတွက် ကျေးရွာများအတွင်းတွင်နေထိုင်သည့် ဒေသခံများအနေဖြင့် ခရီးသွားလာရေးကိစ္စများ၊ မှတ်ပုံတင်၊ အလုပ်လုပ်ကိုင်ရန်သွားရောက်မည့် ကိစ္စရပ်များတွင် ကျေးရွာထောက်ခံစာမရရှိဘဲ အခက်အခဲများကြုံလာနိုင်သည်ဟု ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

" လောလောဆယ် ကြုံနေရတဲ့အခက်အခဲက အလုပ်လျှောက်မဲ့သူတွေ၊ အလုပ်သွားလုပ်မယ့် သူတွေပေါ့။ သူတို့ကို ထောက်ခံစာပေးမယ့် အုပ်ချုပ်ရေးမှူးတွေ မရှိတော့ဘူးလေ။ အဓိက လူငယ်တွေအတွက် အခက်အခဲဖြစ်တယ်။ နစ်နာတယ်ပေါ့။ နောက်လည်း ရပ်ရေး၊ ရွာရေးတွေမှာ ဘယ်လိုပုံစံအခက်အခဲတွေ ဖြစ်လာမလဲတော့ ကျနော်တို့လည်း မပြောတတ်တော့ဘူး" ဟု ၎င်းက ပြောသည်။

နှစ်ဖက်လက်နက်ကိုင်များ အပစ်ခတ်ရပ်စဲ‌ပြီး တိုက်ပွဲများငြိမ်သက်နေချိန်တွင်လည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်နေကြခြင်းမှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားလာခြင်းဖြစ်သော်လည်း ဒေသခံကျေးရွာသားများအတွက် နစ်နာမှုများရှိသည်ဟု ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဦးဖေသန်းက ပြောသည်။

" အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီနဲ့ AA နှစ်ဖက်စလုံးကို အဆင်ပြေအောင် ဆက်ဆံရတယ်။ ဒါကို ပြဿနာရှာတာက စစ်ကောင်စီဘက်က။ သူတို့ခန့်ထားတဲ့သူတွေက ULA/ AAကို ကူညီတယ်၊ ပံ့ပိုးတယ်ဆိုပြီး အမှုဖွင့်တာတွေလုပ်တဲ့အတွက် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စိုးရိမ်လာကြတာပေါ့။ အခုလိုအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်လိုက်တော့ ဒေသခံတွေလည်းနစ်နာတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ပတ်သက်တဲ့ အထောက်အပံ့တွေ၊ ဆေးဝါးကိစ္စတွေကို အုပ်ချုပ်ရေးမှူးက တဆင့် စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေရတာဆိုတော့ အဲဒီအပိုင်းတွေမှာ နစ်နာမှုတွေဖြစ်လာနိုင်တယ်" ဟု ၎င်းကပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေသည့်အချိန်က ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ မင်းပြား စသည့်မြို့နယ်တို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ တစ်ချို့သော အုပ်ချုပ်ရေးမှူးများကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် အမှုဖွင့်ထားကာ ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်သည်။

အပစ်အခတ်မရပ်မီအချိန်ဖြစ်သည့် နိုဝင်ဘာလ တတိယအပတ်အတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး (၇၀)ကျော်မှာ နှစ်ဘက်လက်နက်ကိုင်များကြားတွင် ကြားညှပ်နေရသည်ဟုဆိုကာ နုတ်ထွက်စာ တင်ခဲ့ကြသည်။

ယင်းအပြင် မောင်တောမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် ကျေးရွာတာဝန်ခံတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက်တွင် မောင်တောမြို့နယ် မင်းခမောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်နှင့် တမန်းသားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်တို့မှာလည်း သြဂုတ်လ ၂ ရက်နေ့ နှင့် ၅ ရက်နေ့တို့တွင် အသီးသီး နှုတ်ထွက်စာ တင်ခဲ့ကြသည်။

ဗီဒီယိုများ