စစ်တွေမြို့ပေါ်သို့ ရောက်ရှိလာသည့် ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

စစ်ရေးပဋိက္ခများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်တွေမြို့ပေါ်သို့ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များမှာ အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

By Admin 26 Nov 2022

စစ်တွေမြို့ပေါ်သို့ ရောက်ရှိလာသည့် ပုဏ္ဏားကျွန်းမှ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

တေဇာရာမ ဝိပသာနာကျောင်းတိုက် စစ်ဘေးရှောင်စခန်းကို ယနေ့တွေ့ရစဉ်။

DMG | နိုဝင်ဘာ ၂၆

စစ်ရေးပဋိက္ခများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်တွေမြို့ပေါ်သို့ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များမှာ အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ ကျေးရွာအတွင်း စစ်ကြောင်းဝင်ရောက်ခြင်းတို့ကြောင့် အဆိုပါ စစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ စစ်တွေမြို့၊ ဓညဝတီ(က) ရပ်ကွက် တေဇာရာမဝိပသာနာဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

“ဒီမှာက နဂိုရှိနေတဲ့ စစ်ဘေးရှောင်တွေတောင် စားဝတ်နေရေးပြသနာတွေ တွေ့ကြုံနေရတာ၊ အခု သူတို့တွေပါ ထပ်တိုးလာတော့ စားဝတ်နေရေးအခက်အခဲက ပိုပြီးကြီးလာသလို အခုဆို ထမင်းနပ်မှန်ဖို့ မလွယ်တဲ့ အခြေအနေမျိုးထိ ဖြစ်နေရပါတယ်”ဟု စခန်းတာဝန်ခံ ဒေါ်ဖြူဖြူသန်းကပြောသည်။

အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာမှ လူဦးရေ(၆၀)ကျော် ရောက်ရှိနေခြင်းဖြစ်ပြီး ယခင်ကတည်းက စစ်ဘေးရှောင်ဦးရေ ၄၀ ကျော် ခိုလှုံနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကွန်းတောင်ကျေးရွာမှ အသက်(၅၁)နှစ်အရွယ် စစ်ဘေးရှောင် ဒေါ်မညိုက “ရောက်စတုန်းကတော့ ကိုယ့်မှာပါလာကြတဲ့ ပိုက်ဆံတွေကိုစုပေါင်းကာ ရိက္ခာတွေဝယ်ပြီး ချွေတားစာသောက်နေနိုင်ပေမယ့် အခုက အဲဒီရိက္ခာတွေလည်း ဘာတစ်ခုမှ မကျန်တော့ဘူး။ ဘယ်နေ့မှာ ငါတို့ကို လူတွေလာလှူကြမလဲဆိုတာကိုပဲ ဆုတောင်းပြီး မျှော်နေရတော့တယ်”ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် လူကယ်ပြန်အပါအဝင် တစ်ခြားသော လူမှုအဖွဲ့အစည်းများထံမှလည်း လာရောက်ထောက်ပံ့မှုများ မရှိသေးကြောင်း စစ်ဘေးရှောင်များကဆိုသည်။

လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်တွင် မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းများ ဝင်ရောက်သွားလာမှုခြင်းတို့ကြောင့် ကွန်းတောင်ကျေးရွာအပါအဝင် ဆင်အင်းကြီး၊ ပဒေသာ၊ တန်းခိုး၊ ကျော်ဇံရွာ၊ ကျွဲထိုး စသည့်ကျေးရွာများမှ ဒေသခံ ၅၀၀၀ ကျော်မှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဗီဒီယိုများ