ရခိုင်တွင် ကိုဗစ်ကူးစက်မှု သုညရာခိုင်နှုန်းအောက်ကို ကျဆင်း

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါကူးစက်မှုမှာ လက်ရှိတွင် သုညရာခိုင်နှုန်းအောက်ကို လျော့နည်းကျဆင်းသွားပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။

By Admin 06 Dec 2022

ရခိုင်တွင် ကိုဗစ်ကူးစက်မှု သုညရာခိုင်နှုန်းအောက်ကို ကျဆင်း

စစ်တွေမြို့ ဆေးရုံကြီးအတွင်း ကိုဗစ်စစ်ဆေးနေမှုအား တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၆

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါကူးစက်မှုမှာ လက်ရှိတွင် သုညရာခိုင်နှုန်းအောက်ကို လျော့နည်းကျဆင်းသွားပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။

ထိုသို့ ကိုဗစ်ကူးစက်မှုနှုန်းမှာ ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ ကျဆင်းလာခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ ပိုးကူးစက်တွေ့ရှိသူ ထပ်မံမရှိသေးကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာဇော်ဇော်အောင်က DMG ကို ပြောသည်။

“နေ့စဉ် ဖြစ်ပွားနှုန်း ရာနှုန်းက သုညရာခိုင်နှုန်းပါ။၂၉၊ ၉ ၊၂၀၂၂ (စက်တင်ဘာ ၂၉) ရက်နေ့ကစလို့ တောက်လျှောက် ရခိုင်မှာ မတွေ့ရပါဘူး။ ၂၈ ၊ ၉၊၂၀၂၂(စက်တင်ဘာ ၂၈) ရက်နေ့မှာ မှာ ၇ ဦးတွေ့ခဲ့တာ နောက်ဆုံးပါ ” ဟု ဒေါက်တာ ဇော်ဇော်အောင်က ပြောသည်။

ထို့အတူ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်မှုမှာ ၁ ရခိုင်နှုန်းအောက်ထိ ကျဆင်းလာနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ပြည်တွင်း ကိုဗစ်ကူးစက်မှုနှုန်းမှာ ၁ ရာခိုင်နှုန်းအောက်သို့ လျော့နည်း ကျဆင်းခဲ့ပြီး နိုင်ငံတကာ ပုံမှန်လေကြောင်းလိုင်းများနှင့်မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ခရီးသွားများထံမှ ကိုဗစ်ဖြစ်ပွားမှုမှာ လျော့နည်းကျဆင်းသွားနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

“ကိုဗစ်ကြောင့်နဲ့ စားဝတ်နေရေးတွေ၊ ခရီးသွားလာမှုတွေ လူမှုဘဝအတွက် အစစအရာရာ ထိခိုက်ခဲ့ ကြရတာဆိုတော့ ဒီကိုဗစ်ရောဂါပိုးကို အမြန်ပျောက်ကွယ်စေချင်တာပေါ့။ အခုလို ကူးစက်မှု လျော့သွားပြီဆိုတာ ကြားရတော့ လွတ်လပ်သွားသလို ဝမ်းသာတာပေါ့ ” ဟု ကျောက်ဖြူဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်သူအောင်က ပြောသည်။

လက်ရှိတွင် ကိုဗစ်ရောဂါကူးစက်မှုနှုန်း ကျဆင်းနေပြီဖြစ်သဖြင့် နိုင်ငံတကာသို့ ပုံမှန်ပြေးဆွဲနေသော လေကြောင်းလိုင်းများကို သတ်မှတ်ထားသည့် ဓာတ်ခွဲစစ်ဆေးမှုများနှင့် ပြည်တွင်းခရီးသွားများနှင့်ပတ်သက်၍ ချမှတ်ထားသည့် ကိုဗစ်ကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်းများကိုပါ ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း ကျန်မာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ရခိုင်ပြည်အတွင်း လေယာဉ်စီးခရီးသွားသူများနှင့် နယ်စပ်ကုန်သွယ်ရေးဘက်မှ ပြန်ဝင်လာသူ များ ၊ထောင်/အကျဉ်းကျသူအသစ်များအား လက်ရှိအချိန်ထိ ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်နေသေးပြီး မည်သို့ ဖြေလျော့မှုများလုပ်ဆောင်သွားမည်ကို မသိရသေးကြောင်း ပြည်နယ်ကျန်းမာရေးဌာမှ ပြောသည်။

“ ကုန်းလမ်း၊ ရေ လမ်းတွေမှာ COVID-19 Antigen စစ်ဆေးတာတွေ မလုပ်၊ maskတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ၊ နေမကောင်းက ခရီးမသွားသင့်၊ ကျန်းမာရေးအသိပညာပေးတာရှိ။ လေကြောင်း certificate မပြနိုင်က တရက်ကြိုစစ်။ နယ်စပ်ကုန်သွယ်၊ အချုပ်၊ ထောင်ကျသစ်၊ ပြည်ထဲရေးဝန် ထမ်းပြောင်းရွှေ့၊ ဝန်ထမ်း သင်တန်းကာလရှည်သွားရန် စစ်နေဆဲ ” ဟု ဒေါက်တာဇော်ဇော်အောင်က DMG ကို ပြောသည်။

ရခိုင်တွင် ကိုဗစ်ရောဂါစတင် ဖြစ်ပွားချိန်မှစ၍ ယနေ့အချိန်ထိ ရောဂါကူးစက်သူဦးရေ ၁၀၀၉၀ အထိရှိခဲ့ပြီး သေဆုံးသူဦးရေ ၅၃၀ ရှိခဲ့ကြောင်း ပြည်နယ်ကျန်မားရေးဌာန၏ စာရင်းများအရ သိရသည်။

ဗီဒီယိုများ