ရခိုင်တွင် UN နှင့် INGO တို့ ခရီးသွားလာခွင့် ကန့်သတ်ခံထားရဆဲဟု ကုလထုတ်ပြန် 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနေသည့် UN နှင့် INGO အဖွဲ့အစည်းများကို သွားလာခွင့်ပိတ်ထားခြင်းမှာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ဝေဖန်သည်။

By Admin 07 Mar 2023

ဘူးသီးတောင်မြို့တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များအား ယခုနှစ် ဇန်နဝါရီလတွင်းက တွေ့ရစဉ်။
ဘူးသီးတောင်မြို့တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များအား ယခုနှစ် ဇန်နဝါရီလတွင်းက တွေ့ရစဉ်။

DMG ၊ မတ် ၇

ရခိုင်ပြည်အတွင်းက မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ မြို့ပြဒေသနှင့် အနီးတဝိုက်သတ်မှတ်နေရာများသို့ UN နှင့် INGO များ၏ သွားလာခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပြီး ကျေးလက်ဒေသအများစုသို့ နိုင်ငံတကာဝန်ထမ်းများ သွားလာခွင့် မရရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ‌ညှိနှိုင်းရေးရုံး (UNOCHA)မှ ထုတ်ပြန်လိုက်သည်။ 

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အပစ်အခတ်ရပ်စဲပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ မြို့ပြဒေသများတွင် နိုင်ငံတကာဝန်ထမ်းများကို စစ်တွေနှင့် ပေါက်တော မြို့နယ်များနှင့် ရခိုင်ပြည်တောင်ပိုင်းတို့တွင် သွားလာခွင့်ပြုခဲ့သော်လည်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ သွားလာခွင့် ကန့်သတ်ခံထားရဆဲဖြစ်ကြောင်း UNOCHA ၏ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

နေရပ်မပြန်နိုင်သေးသည့် ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင်များ (ဓာတ်ပုံအက်ဆေး)

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနေသည့် UN နှင့် INGO အဖွဲ့အစည်းများကို သွားလာခွင့်ပိတ်ထားခြင်းမှာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။ 

“အမှန်ဆိုလို့ရှိရင် အကူအညီလိုအပ်တဲ့နေရာမှာ အကူအညီပေးဖို့အတွက်ကို ခွင့်ပြုပေးရမယ်။ အထူးသဖြင့် ဒီလိုစစ်အေးကာလမျိုးမှာ ပိုပြီး ခွင့်ပြုပေးသင့်တယ်။ အခုလို ကန့်သတ်ထားတယ်ဆိုဟာ ငြိမ်းချမ်းရေးလုပ်ထားတာကိုလည်း ချိုးဖောက်ရာရောက်တယ်။ တစ်ဖက်ကလည်း ပြည်သူလူထုအပေါ်မှာ ဂရုမစိုက်၊ စစ်အစိုးရအနေနဲ့ အခုထိ ဒီလူတွေကိုခွဲခြားဆက်ဆံပြီး တစ်ဖက်သတ်လုပ်နေတာလို့ ပြောလို့ရတယ်” ဟု သူက ပြောသည်။

အပစ်အခတ်ရပ်စဲပြီးနောက်တွင် လမ်းမများနှင့်ရေလမ်းကြောင်းအများစုကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကန့်သတ်နယ်မြေများသို့ ပိုမိုဝင်ရောက်နိုင်ခွင့်ရရှိလာကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကပင် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖြည်းဖြည်းချင်း ပြန်လည်စတင်နိုင်ခဲ့ပြီး လိုအပ်နေသူများအား အသက်ကယ်အကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်ကဆိုသည်။ 

ရလဒ်အနေဖြင့် ကျန်းမာရေးဆိုင်ရာညွှန်းပို့ခြင်းနှင့် ကုန်ပစ္စည်းနှင့်ဆေးဝါးများ သယ်ယူပို့ဆောင်ခြင်း ကဲ့သို့သော လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများနှင့် ဝန်ဆောင်မှုများကို ပြန်လည်စတင်ခဲ့ကြောင်း ထုတ်ပြန်သည်။  

ရခိုင်ပြည်တွင် တရားဝင်နှင့် အလွတ်သဘော ပညာပေးလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူများသည် ပဋိပက္ခဒဏ်သင့်လူထုနှင့် နေရပ်စွန့်ခွာရသူများ ရင်ဆိုင်နေရသော အခြေအနေများကိုအကဲဖြတ်ရန် မြို့နယ်အများအပြားသို့ သွားရောက်နိုင်ခဲ့ပြီး အပြုသဘောဆောင်သော တိုးတက်မှုများရှိနေသော်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် ဗျူရိုကရေစီဆိုင်ရာ အတားအဆီးများသည် ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် ဆက်လက်လွှမ်းမိုးနေသည်ဟုလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

UN နှင့် INGO များကို သွားလာခွင့်ကန့်သတ်ထားခြင်းမှာ စစ်ဘေးဒုက္ခသည်များအတွက် များစွာအခက်အခဲဖြစ်ရသည့်အတွက် သွားလာခွင့်များပြန်ပေးဖို့တောင်းဆိုကြောင်း ဘူးသီးတောင်မြို့ရှိ ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ ဦးမောင်စိုးသန်းက ပြောသည်။

“ကျနော်တို့ကို အရင်ကဆိုရင် UN၊ INGOအဖွဲ့အစည်းတွေက စောင်၊ အနွေးထည်၊ တာလပတ်၊ အိမ်အသုံးအဆောင်၊ မီးဖိုချောင်အသုံးအဆောင်၊ စားနပ်ရိက္ခာတွေ ထောက်ပံ့တယ်။ အခု သူတို့ကို သွားလာခွင့်ပိတ်ထားတော့ သိပ်အခက်အခဲကြုံရတယ်။ အလုပ်လုပ်မယ်ဆိုရင် အလုပ်တွေကရှားပါးတာနဲ့ တစ်ဖက်မှာလည်း ဆန်ဈေးတွေက ဈေးတက်တော့ စားဝတ်နေရေးဘက်မှာလည်း သိပ်အခက်အခဲရှိတယ်” ဟု ၎င်းက ပြောသည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ UN နှင့် INGO တို့ကို သွားလာခွင့်ကန့်သတ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။ 

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ရခိုင်ပြည်တဝှမ်းတွင် လူပေါင်း ၂၃၀,၀၀၀ ကျော် နေရပ်စွန့်ခွာနေရဆဲ ဖြစ်သည်။ ယင်းအထဲတွင် ၂၀၁၈ နှစ်ကုန်ပိုင်း နောက်ပိုင်းနှင့် ယခု မြန်မာစစ်တပ်နှင့် AA တို့ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူ ၈၆,၀၀၀ ကျော်ပါဝင်သည့်အပြင် ၂၀၁၂ ခုနှစ်ကပင် စတင်တည်ရှိခဲ့သော စခန်းများတွင် နေထိုင်ခဲ့သူ ကမန်နှင့် မွတ်ဆလင်  ၁၄၀,၀၀၀ ကျော်တို့လည်း ပါဝင်သည်ဟု UNOCHA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။   

#I001

ဗီဒီယိုများ