၂၀၂၀ နှစ်သစ်ကူးဆုတောင်း

ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ စာရေးဆရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ၂၀၂၀ နှစ်သစ်ကူးဆုတောင်းစကားများကို စုစည်းတင်ဆက်လိုက်ပါသည်။

By ခိုင်ရိုးလ 02 Jan 2020

ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ စာရေးဆရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ၂၀၂၀ နှစ်သစ်ကူးဆုတောင်းစကားများကို စုစည်းတင်ဆက်လိုက်ပါသည်။

ခိုင်ရိုးလ စုစည်းတင်ပြသည်။

ဦးမြသန်း (ဒု-ဥက္ကဋ္ဌ) ၊ ရခိုင်ပြည်နယ်လွှတ်တော်

“ ၂၀၂၀ နှစ်သစ်ကူးမှာ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ အေးအေးချမ်းချမ်းနဲ့ ရခိုင်ပြည်နယ်ကို ဖြစ်စေချင်ပါတယ်။ အဲ့ဒီလိုဖြစ်ပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။ ဒီ၂၀၂၀ နှစ်သစ်ကူးအချိန်ကစပြီးတော့ နောက်ပိုင်းမှာ ရခိုင်ပြည်သူပြည်သားတွေ မိမိရဲ့အလုပ်အကိုင်တွေကို စိတ်အေးချမ်းသာစွာနဲ့ လုပ်ကိုင်နိုင်ပြီးတော့ မိမိတို့ အိုးအိမ်တွေကို စွန့်ပစ်ခဲ့ရတဲ့ အနေအထားက မိမိကျေးရွာ၊ မိမိနေထိုင်ရာဒေသတွေကို သွားရောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ၂၀၂၀ ကာလမှာ ရခိုင်ပြည်နယ်ကြီး တစ်ခုလုံးဟာ အေးချမ်းသာယာသော ပြည်နယ်ကြီးတစ်ခုဖြစ်ပါစေ။ ဖွံ့ဖြိုးတိုးတက်လာသော ပြည်နယ်ကြီးတစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ချင်ပါတယ်။”

ဒေါ်ညိုအေး (ဥက္ကဋ္ဌ) ၊ ရခိုင်အမျိုးသမီးကွန်ရက်

“ ကျမတို့ရဲ့ နှစ်သစ်ဆုတောင်းပေါ့နော်။ အမှန်တကယ်ဖြစ်စေချင်တဲ့ နှစ်သစ်ဆုတောင်းလေးကတော့။ အားလုံးခြုံပြီးတော့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ လူတိုင်းလူတိုင်း ကိုယ့်ဘဝဖြတ်သန်းမှုလေးကို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်တားလေးကိုတွေ့ချင်တယ်။ နောက်တစ်ခုက ကျမတို့ရဲ့ မငြိမ်သက်မှုတွေကြားထဲမှာ တော်တော်များများက ဒုက္ခရောက်တယ်ပေါ့နော်။ ကလေးတွေနဲ့အမျိုးသမီးတွေက တအားဒုက္ခရောက်နေကြတယ်။ အမျိုးမျိုးသော အကြောင်းတွေကြောင့် အမျိုးသားတွေက ထောင်ထဲရောက်နေကြတယ်။ ယောင်္ကျားတွေ သေဆုံးသွားကြတယ်ဆိုတော့ တော်တော်များများ စိတ်ထိခိုက်နေကြတဲ့အချိန် ဖြစ်တဲ့အတွက် ကျမအတွက် အားလုံးအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းစေချင်တယ်လို့ ပြောပေမယ့်လည်း သူတို့တွေရဲ့ ဘဝလေးကိုတော့ ကျမတို့နေ့တိုင်း ရင်ဆိုင်တွေ့မြင်နေရတဲ့အတွက် စိတ်မချမ်းမြေ့နိုင်ပါဘူး။ ဒါပေမယ့် နောင်လာမယ့် ၂၀၂၀ မှာ အားလုံးအမှီခိုကင်းကင်းနဲ့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြတ်သန်းစေချင်ပါတယ်။”

ဗဂျီးကျော်(စစ်တွေ) ၊ စာရေးဆရာ

“ဗဂျီးကလည်း ၂၀၂၀ မှာ နှစ်သစ်ကို မင်္ဂလာရှိစွာ သာလီစွနဲ့ ကြိုဆိုပါတယ်။ အခု စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေကြတဲ့ ရခိုင်ပြည်သူပြည်သားတွေ၊ ကချင်ပြည်သူပြည်သားတွေ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်နေရာဆီကို အေးချမ်းစွာနဲ့ ပြန်လည်ရောက်ရှိပါစေလို့ မေတ္တာပို့ချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ စာပေသမားတွေ၊ မီဒီယာတွေ အနုပညာသမားတွေ ကိုယ်ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေမှာလည်း အားလုံးတိုင်းကျိုးပြည်ကျိုးကို စေတနာသန့်သန့်ကလေးနဲ့ အနုပညာနယ်မြေတိုးတက်အောင် အားလုံး ကူညီပံ့ပိုးနိုင်ကြပါစေ၊ ထမ်းဆောင်နိုင်ကြပါစေ။”

ဦးထွန်းအောင်သိန်း (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
ရခိုင်အမျိုးသားပါတီ(ANP)

“ အခုအချိန်ကာလဟာ ရခိုင်ပြည်ထဲမှာ စစ်မီးတွေတောက်နေတဲ့ အချိန်ကာလဖြစ်နေတယ်။ ဒါကြောင့် ဒုက္ခသည် သိန်းဂဏန်းအထိ နီးကပ်လာနေပြီဖြစ်တယ်။ ကျနော်တို့မျှော်လင့်ချက်ကတော့ ဆွေးနွေးပွဲတွေကို တရုပ်ဘက်(ကူမင်း)မှာ သွားလုပ်ကြတာရှိတယ်။ ဒါပေမယ့်လည်း အဆင်မပြေသေးဘူးပေါ့။ ကျနော်တို့က အဆင်ပြေစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတွေ ဒုက္ခရောက်နေကြတယ်။ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့လိုအပ်တယ်။ ဒါကြောင့် ၂၀၂၀ နှစ်သစ်မှာ ငြိမ်းချမ်းရေးဆွေနွေးပွဲဖြစ်ဖို့ မျှော်လင့်ပါတယ်။ အဲဒါမှ စစ်ကြောင့်ဖြစ်နေတဲ့ ဒုက္ခတွေကို လျှော့လာမှာဖြစ်တဲ့အတွက် နှစ်သစ်မှာ ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်ပါတယ်။ ”

ဦးဇော်ဇော်မြင့် ( ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

“ ကျနော်တို့ မြန်မာနိုင်ငံထဲမှာ ပါဝင်နေတဲ့ ရခိုင်ပြည်နယ်အပါဝင် ကမ္ဘာသူ၊ ကမ္ဘာသားတွေအားလုံး ၂၀၂၀ ဆိုတဲ့ ထူးခြားတဲ့ နှစ်သစ်မှာ ထူးခြား အပြောင်းလဲတွေဖြစ်ပေါ်လာဖို့တော့ ကျနော်တို့အားလုံးက မျှော်လင့်ကြတာပေါ့။ နှစ်သစ်ကူးကိုလည်း မင်္ဂလာရှိစေချင်တာပေါ့။ အထူးသဖြင့် ကျနော်တို့လို ရခိုင်ပြည်မှာ ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေ၊ တိုက်ပွဲကြောင့်ဖြစ်နေတဲ့ ဒုက္ခဆင်းရဲခြင်းတွေအတွက် ပြည်သူတွေက ပိုပြီးတော့မှ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးကို လိုချင်ကြပါတယ်။ ကျန်တဲ့ကမ္ဘာသူ၊ ကမ္ဘာသားတွေထက်ပေါ့နော်။ ဒါကြောင့်မို့လို့ ရခိုင်ပြည်မှာရှိနေတဲ့ (၇) ရက်သားသမီးအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ဘေးဆိုးအန္တရာယ်တွေ ချုပ်ငြိမ်းပြီးတော့ လိုအင်ဆန္ဒတွေ တလုံးတဝတည်း ပြည့်ဝကြပါစေလို့ ပထမဆုတောင်းလိုပါတယ်။ နောက်ဒီနေရာကနေတစ်ဆင့် ကျနော်တို့ရဲ့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံး ကမ္ဘာသူ၊ သားတွေအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ လိုအင်ဆန္ဒတွေ တလုံးတဝ အမြန်ဆုံး ပြည့်ဝကြပါစေလို့ နှစ်သစ်ကူးဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ”

ဒေါ်ဖြူဖြူသန်း ၊ စစ်တွေမြို့

“ တိုက်ပွဲဖြစ်စဉ်အတွင်း သေဆုံးသွားတဲ့ ပြည်သူတွေ ကောင်းမွန်ရာဘဝသို့ ရောက်ပါစေလို့ ဒီနှစ်ဆန်းမှာ ကျမတို့က ဆုတောင်း ကောင်းမှုကုသိုလ်တွေ လုပ်ပေးပါတယ်။ နောက်ပြီးတော့ ၂၀၂၀ မှာလည်း ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေ ရပ်စဲပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရခိုင်တိုင်းရင်းသားတွေ အေးချမ်းသာယာမှုဖြစ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ”

ဗီဒီယိုများ