AA က ဘဂင်္လားဒေ့ရွ္နဲ့ ဆက္ဆံရေးတိုးတက်စေလိုတဲ့အပေါ် အမြင်များ

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ကျရောက်သော နိုင်ငံတကာမိခင်ဘာသာစကားနေ့မှာ “အာရက္ခပြည်နဲ့ ဘင်္ဂလားဒေ့ရှ် ဒေသနှစ်ခုကြား စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ သံတမန်ဆက်ဆံရေးကိစ္စများ ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခုမြှင့်တင်တည်ဆောက်သွားရန် အာသီသပြင်းပြတယ်”ဟု ထုတ်ပြန်ခဲ့သည်။

25 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၆
(Vox Pop)

ရက္ခိုင့်တပ်တော်(AA)သည် လက်ရှိရခိုင်ပြည်အတွင်း သြဇာအာဏာတည်ဆောက်ထားပြီး ဒေသတွင်းရှိ မတူကွဲပြားတဲ့အသိုင်းအဝိုင်းတို့ကို ပေါင်းစည်းတည်ဆောက်ထားကာ တစ်ဖက်တွင်လည်း အိမ်နီးချင်းဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန် ကြိုးပမ်းလျက်ရှိနေသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ကျရောက်သော နိုင်ငံတကာမိခင်ဘာသာစကားနေ့မှာ “အာရက္ခပြည်နဲ့ ဘင်္ဂလားဒေ့ရှ် ဒေသနှစ်ခုကြား စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ သံတမန်ဆက်ဆံရေးကိစ္စများ ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခုမြှင့်တင်တည်ဆောက်သွားရန် အာသီသပြင်းပြတယ်”ဟု ထုတ်ပြန်ခဲ့သည်။

ULA/AA အနေဖြင့် ဘာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးတိုးတက်စေချင်တာလဲဆိုတာကို ရခိုင်ဒေသခံ၊ ဘင်္ဂလားဒေ့ရှ်ဒေသခံတို့နဲ့ နိုင်ငံရေးနယ်ပယ်ထဲကလူပုဂ္ဂိုလ်အချို့ရဲ့အမြင်တွေကို DMG က  စုစည်းဖော်ပြလိုက်ပါတယ်။

ဦးဖေသန်း (ဝါရင့် ရခိုင့်နိုင်ငံရေးသမား)

ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပြည်နဲ့ အနီးဆုံးနိုင်ငံလည်းဖြစ်တယ်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအားလုံး ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ဟာ အဆက်အသွယ်မလုပ်လို့မရတဲ့ အနေအထားရှိပါတယ်။ အထူးသဖြင့် ULA/AA က အာရက္ခနိုင်ငံတော်ကိုထူထောင်ဖို့ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးဟာ အများကြီးအရေးကြီးပါတယ်။ အဲဒါကြောင့် အခြားဖြေရှင်းရမယ့်ကိစ္စတွေ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ဖြတ်ကျော်မှုတွေရှိမယ်။ ရေရှည်မှာ နိုင်ငံချင်း မိတ်ဆွေချင်းပြေလည်ဖို့အတွက်လိုပါတယ်။ အကုန်လုံးကို ခြုံပြီးပြောရရင်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့ရခိုင်နဲ့ဟာ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး လုံးဝမဆက်ဆံလို့မရတဲ့ အနေထားပါ။ အခုလို ချစ်ကြည်မှုကို လိုလားတဲ့အနေထားကြောင့်လို့ ကျနော်တို့မြင်ပါတယ်။
နှစ်နိုင်ငံချစ်ကြည်ရေး အဆင်ပြေသွားရင်တော့ စီးပွားရေးက အလားအလာကောင်းလာမယ်။ လူမှုရေး၊ နှစ်ဖက်လူ့အဖွဲ့အစည်းတွေ သူ့အကျိုးကိုယ့်အကျိုး အတူတကွနေထိုင်ရေးကအစ ဖြစ်လာမယ်။ နိုင်ငံရေး အားဖြင့်လည်း ရခိုင်ပြည်မှာရှိတဲ့ နိုင်ငံရေးအခြေနေတွေကို ပံံ့ပိုးကူညီထောက်ခံတာတွေဖြစ်လာမယ်။ စစ်ရေးအားဖြင့်လည်း လိုအပ်ရင် ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်လာနိုင်ပါတယ်။ အဲဒါတွေ အကုန်လုံးကို ရေရှည်မှာမျှော်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးတိုးတက်စေလိုချင်တယ်လို့ မြင်မိပါတယ်။

စောစံငြိမ်းသူ (ဥက္ကဋ္ဌ) ၊ ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့

ULA/AA အနေနဲ့ ဘင်္ဂလားဒေ့နိုင်ငံနဲ့ဆက်ဆံရေး တိုးတက်စေချင်တာကတော့ အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်နေတဲ့အပေါ်မှာ အပြန်အလှန်ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေကိုလည်း တစ်ဖက်နဲ့တစ်ဖက် ဆက်ဆံပြီးလုပ်နိုင်ဖို့ဆိုတာကို မျှော်မှန်းတာလည်းဖြစ်နိုင်တယ်။ အိမ်နီးချင်းနိုင်ငံအေးချမ်းမှ အိမ်နားပတ်ဝန်းကျင်လည်း အေးချမ်းတယ်ဆိုတဲ့သဘောပါပဲ။ သင့်မြတ်ချစ်ခင်နေတာကတော့ ပိုကောင်းပါတယ်။ ကိုယ့်အိမ်နီးချင်းနိုင်ငံနဲ့သင့်မြတ်နေမှ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် သဟဇာတမဖြစ်နိုင်တဲ့ အနေထားမျိုးဆိုလို့ရှိရင် ခိုက်ရန်ဖြစ်ပွားနေမယ်။ တစ်ယောက်နဲ့တစ်ယောက် အယုံကြည်မရှိ၊ အဆက်စပ်မရှိဘူးဆိုရင်တော့ ရခိုင်ပြည်အတွက်လည်း အန္တရာယ်ရှိပါတယ်။ အဲဒီအနေအထားကိုလည်း မဖြစ်စေချင်တဲ့သဘောကြောင့် ဒီလိုဆက်ဆံရေး တိုးမြှင့်စေချင်တာလို့ ကျမအနေနဲ့ယူဆပါတယ်။

ဦးစိုးလင်းထွန်း (အဖွဲ့ဝင်) (Bangladesh Humanrights Commission) ဘင်္ဂလားဒေ့ရှ်နိုင်ငံ

ULA/AA က ဦးဆောင်ပြီးတော့ အိမ်နီးချင်းနိုင်ငံကို စတင်မိတ်ဆက်တဲ့သဘောဟာ အပြုသဘော ဆောင်တာကြောင့် အတိုင်းမသိဝမ်းသာကြိုဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်နဲ့သာ ဆက်ဆံရေးတွေ ပြေလည်သွားမယ်ဆိုရင်တော့ ရခိုင်ပြည်အတွက် ကောင်းကျိုးတွေအများကြီဖြစ်သွားမယ်။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်မှာက အလုပ်ရုံ၊ စက်ရုံ၊ ပညာရေး အစခပ်သိမ်း တိုးတက်နေတဲ့နေရာဖြစ်တယ်။ မြေကွက်တွေ ဆိုရင်လည်း အလပ်မထားဘူး။ မြေကွက်တစ်ခုကို နှစ်သီးစိုက်ပျိုးတယ်။ မြန်မာနိုင်ငံဖက်မှာက တစ်ရာသီပဲစိုက်ပျိုးတယ်။ ကျနော်တို့ဘင်္ဂလားဘက်မှာက စိုက်ပျိုးလို့မရတဲ့မြေနေရာတွေဆိုရင် အစိုးရက စိုက်ပျိုးလို့ရအောင်လုပ်ပေးတယ်။ ဘင်္ဂလားဘက်မှာက ရခိုင်ပြည်ကကုန်ပစ္စည်းတွေကို အကုန်လုံးလိုလို လိုအပ်တယ်။ တကယ်လို့ ဆက်ဆံရေးတွေအဆင်ပြေမယ်ဆိုရင်တော့ လူအသုံးဆောင်ပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံက ရလာမယ်။ သူတို့ဘက်က အကျိုးအမြတ်တွေရနိုင်သလို နှစ်နိုင်ငံရဲ့ ပို့ကုန်၊ သွင်းကုန် တရားဝင်ဖွင့်လိုက်မယ်ဆိုရင် မှောင်ခိုလမ်းဟာပျောက်သွားမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် လူမျိုးမတူသူတွေမှာလည်း အခွင့်အရေးတွေအပြည့်ရှိတယ်။ ရခိုင်နိုင်ငံတော်ဖြစ်တဲ့အခါ နှစ်နိုင်ငံကြားမှာ လူမှုရေးပဋိပက္ခတွေ ရှိမှာမဟုတ်တော့ဘူး။

ကိုကျော်လင်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ပထမဆုံး အရေးကြီးတဲ့အချက်ကတော့ ရခိုင်ပြည်ရဲ့ အိမ်နီးချင်းနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယဖြစ်တယ်။ အဲဒီထဲမှာမှ ဘင်္ဂလားဒေ့ရှ်ဟာ ပိုပြီးတော့နယ်နိမိတ်ရှိတယ်။ ကုန်းကြောင်းလည်းရှိသလို ရေကြောင်းလည်းရှိတယ်။ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုအတွက်ဆိုရင် အိမ်နီးနားချင်းကောင်းရှိဖို့အတွက် ပိုပြီးတော့အရေးကြီးတယ်လို့ယူဆတဲ့အတွက် ဆက်ဆံရေးကို ပိုပြီးတော့ကောင်းစေချင်တယ်လို့ မြင်မိတယ်။ ဒုတိယတစ်ချက်ကတော့ ရခိုင်ပြည်ရဲ့စီးပွားရေးအခြေအနေနဲ့ပတ်သက်လို့ ဘင်္ဂလာနဲ့ ပိုပြီးချိတ်ဆက်မှုတွေ လုပ်နိုင်ဖို့၊ ပိုပြီးတော့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဆက်နွယ်ဖို့ရယ်။ ရခိုင်ပြည်သူတွေအတွက် လူနေမှု၊ စီးပွားရေးအဆင့်အတန်းဟာလည်း အရင်ထက်ပိုပြီးတော့ အဆင်ပြေလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ အဆင်ပြေသွားမယ်။ အဓိကတော့ အဲဒီနှစ်ချက်ကြောင့် ဆက်ဆံရေးတွေကို ပိုပြီးတော့တိုးမြှင့်စေချင်တယ်လို့ ယူဆပါတယ်။
သူတို့သာအဆင်ပြေသွားရင်တော့ ရခိုင်ပြည်အတွက်တော့ အစစအရာရာမှာ အဆင်ပြေသွားမယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ရခိုင်ပြည်နဲ့ကြားမှာ ကြီးမားတဲ့ကိစ္စတစ်ခုကတော့ မွတ်ဆလင်ကိစ္စပါပဲ။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက်လည်း အခွင့်အလမ်းတွေ ရသွားမယ်။ ပြဿနာကို ဖြေရှင်းတဲ့အချိန်မှာ ရခိုင်ပြည်သူလူထုကိုလည်း ကိုယ်စားပြုတဲ့အနေနဲ့ ULA ကို အဓိကအင်အားစု တစ်ခုအနေနဲ့ စဉ်းစားမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်အတွက်လည်း ဖြေရှင်းတဲ့အခါ ပိုပြီးတော့ထိရောက်မယ်။ သူတို့လိုချင်တဲ့ ဒုက္ခသည်တွေကို ပိုမယ့်အစီအစဉ်လည်း မြန်သွားမယ်။ ကျနော်တို့ရခိုင်အတွက်ဆိုရင် စီးပွားရေးလမ်းကြောင်းတွေ ဖွံဖြိုးတိုးတက်လားနိုင်ပါတယ်။

မဦးခင်သိန်း (စစ်တွေဒေသခံ)

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်ဟာ ထိစပ်နေတဲ့ပြည်နယ်တွေ ဖြစ်ပါတယ်။ ULA/AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးတိုးတက်စေချင်တယ်ဆိုတာကိုတော့ ကျမတို့အနေနဲ့လည်း လက်ခံပါတယ်။ တိုင်းပြည်ထူထောင်ရေးပဲ ဖြစ်ဖြစ်၊ ကုန်သွယ်ရေးလမ်းကြောင်းတွေပဲ ဖြစ်ဖြစ် ဆက်ဆံရေးအဆင်ပြေခဲ့တယ် ဆိုရင်တော့ ရခိုင်ပြည်အတွက် ပိုပြီးတော့ကောင်းမွန်လာမယ်။ ဘင်္ဂလားဒေ့ရှ်ဟာ လူဦးရေထူထပ်တဲ့ နိုင်ငံဖြစ်တယ်။ ရခိုင်ဘက်ကနေ စီးပွားရေးတွေကိုချဲ့ထွင်နိုင်မယ်။ ကုန်သွယ်ရေးတွေကိုချဲ့ထွင်ခွင့် ရရှိလာမယ်ဆိုရင် ရခိုင်ဟာ အများကြီးတိုးတက်လာနိုင်တယ်။ အခုပြောသလိုပဲ ဆက်ဆံရေးတွေကောင်းမွန်ပြီး ကုန်သွယ်ခွင့်သာ ရရှိလာမယ်ဆိုရင်တော့ တခြားထုတ်ကုန်တွေအများကြီးကိုလည်း ဘင်္ဂလားဒေ့ရှ်ဖက်ကို တင်သွင်းနိုင်မယ်။ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးအဆင်ပြေသွားခဲ့ရင်တော့ ကုန်သွယ်ရေးတရားဝင် အခွင့်အလမ်းတွေလည်း အများကြီးရရှိလာမယ်။ ဆက်ဆံရေးသာအဆင်ပြေသွားခဲ့ရင် ကျမတို့ ရခိုင်ပြည်အတွက် ရလာဒ်တွေ အများကြီးကောင်းကျိုးဖြစ်လာမယ်။

ဗီဒီယိုများ