လေကြောင်းဖြင့်သွားမည့်သူများကိုသာ ကိုဗစ်ပိုးစစ်ဆေးမှုအပေါ် အမြင်များ

မြန်မာနိုင်ငံအတွင်း လေကြောင်းလိုင်းများဖြင့်သွားမည့် ခရီးသည်များ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးသားသူဖြစ်စေ၊ မထိုးထားသူဖြစ်စေ မည်သူမဆို ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှစ၍ ၄၈ နာရီအတွင်း ကိုဗစ်ပိုးစစ်ဆေးခြင်း ခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ထိုသို့လေကြောင်းဖြင့် သွားလာမည့်သူများကိုသာ ကိုဗစ်ပိုးစစ်ဆေးမှုအပေါ် သဘောထားအမြင်များကို DMG မှ စုစည်းတင်ဆက်လိုက်သည်။

18 Feb 2022

DMG ၊ ဖေဖေါ်ဝါရီ ၁၈
(Vox Pop)

မြန်မာနိုင်ငံအတွင်း လေကြောင်းလိုင်းများဖြင့်သွားမည့် ခရီးသည်များ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးသားသူဖြစ်စေ၊ မထိုးထားသူဖြစ်စေ မည်သူမဆို ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှစ၍ ၄၈ နာရီအတွင်း ကိုဗစ်ပိုးစစ်ဆေးခြင်း ခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ထိုသို့လေကြောင်းဖြင့် သွားလာမည့်သူများကိုသာ ကိုဗစ်ပိုးစစ်ဆေးမှုအပေါ် သဘောထားအမြင်များကို DMG မှ စုစည်းတင်ဆက်လိုက်သည်။

ဦးလှသိန်း (သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ၊ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်)

“လေယာဉ်ကစစ်ရတယ်။ ကားနဲ့မစစ်ရဘူးလားဆိုတာက ပြသနာတစ်ခုဖြစ်တယ်။ ဒီကိစ္စကို ကျန်းမာရေးဘက်က တာဝန်ရှိသူတွေကိုမေးကြည့်တော့ သူတို့ကပြောတာက ကား၊ ရထားနဲ့သွားရင် Mask တပ်ထားရင် သိပ်ပြီးပြသနာမရှိဘူးလို့ သိရတယ်။ ဒီလိုသွားရင်ကူးစက်မှုနှုန်းက သိပ်မသိသာဘူး။ လေယာဉ်နဲ့သွားရင် လေလုံတဲ့အတွက်ကြောင့် တို့ဖတ်နမူနာ ယူရမယ်ဆိုပြီးပြောတယ်။ ဒါကြောင့် လေယာဉ်နဲ့ခရီးသွားမယ်ဆိုရင် ဆေးဘယ်နှစ်ကြိမ်ပဲထိုးထိုး တို့ဖက်နမူနာယူရမယ်လို့ ညွှန်ကြားချက်ရှိတယ်။ ကား၊ရထားစီးရင်တော့ Mask တပ်စီးကြဖို့ ညွှန်ကြားထားတယ်။ အဲ့ဒီလူတွေကို နှာခေါင်းတို့ဖတ်ယူဖို့ ညွှန်ကြားချက်ကတော့ မလာသေးဘူး။ လာချင်လည်းလာနိုင်တယ်။ အခု နိုင်ငံတဝှမ်းမှာ အိုမီခရွန်ဖြစ်ပွားနေတာကိုလည်း ကြားသိရတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကတော့ ဒီအပေါ်မှာ မပြတ်စောင့်ကြည့်တာတွေလုပ်နေတယ်။ လောလောဆယ်တော့ ရေလမ်း၊ ကုန်းလမ်းတွေသွားမယ့်သူတွေကို နှာခေါင်းတို့ဖတ်ယူရမယ်လို့ မညွှန်ကြားထားသေးဘူး။

ဒေါက်တာစိုးဝင်းပိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန)

ကုန်းလမ်းကသွားတဲ့သူတွေကို နှာခေါင်းတို့ဖတ်စစ်ဖို့ ညွှန်ကြားထားတာတော့မရှိသေးဘူး။ အခုလက်ရှိက ရန်ကုန်မှာ အများကြီးဖြစ်နေတာဆိုတော့ ရန်ကုန်ကလူတွေအနေနဲ့ လာမယ်ဆိုရင် စစ်နိုင်ရင်တော့ပိုကောင်းတာပေါ့။ လောလောဆယ်မှာတော့ လေကြောင်းလိုင်းတွေကိုစစ်ဖို့ပဲ ညွှန်ကြားထားသေးတယ်။ ကုန်းလမ်းကလာတဲ့သူတွေကိုပါ တို့ဖတ်နမူနာတွေရယူဖို့အတွက်ဆိုရင် ဒီကိစ္စကို ဗဟိုကလည်းစီမံချက်ချ ဆောင်ရွက်ဖို့လိုပါလိမ့်မယ်။ တတ်နိုင်ရင်တော့ ကိုယ့်ပြည်နယ်ထဲကဝင်ပေါက်တွေမှာ ကိုဗစ်စစ်တဲ့နေရာတွေ စီစဉ်နိုင်ရင်တော့ကောင်းပါတယ်။ ဒီလိုကိစ္စမျိုးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးတော့ဆောင်ရွက်ရဖို့တော့ရှိတာပေါ့။ လေကြောင်းလိုင်းကတော့ ပြည်ထောင်စုကနေ စာနဲ့ထွက်လာတဲ့အတွက်ကြောင့် စစ်ကိုစစ်ရမှာပါပဲ။ စစ်တာကတော့ ဘယ်နေရာမှာပဲစစ်စစ် စောစောတွေ့တော့စောစောသိရပြီး စောစောကြိုတင်ပြင်ဆင်လို့ရတာပေါ့။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ကိုမကူးစက်အောင် သတိထားဆင်ခြင်နေကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။

ဦးဇော်လှိုင်ထွန်း (တာဝန်ခံ၊ Rakhine COVID-19 Watch)

ပွင့်ပွင့်လင်းလင်းပြောရရင် လောလောဆယ်မှာ ခရီးသွားတဲ့လူအားလုံး ကိုဗစ်စစ်ပြီးမှသွားကြတာတော့ ပိုကောင်းပါလိမ့်မယ်။ လက်ရှိမှာ ကားတွေကလည်းပြေးဆွဲနေပြီဆိုတော့ မြို့အဝင်အထွက်မှာလည်း စစ်ဆေးတာတွေလည်း လုပ်သင့်တာပေါ့။ နောက်တစ်ခုက လူများများစစ်ရင် များများတွေ့လာမယ်။ ဒီလိုတွေ့လာရင် Home Quarantine ထားမလား ဘယ်လိုထားမလဲဆိုတာကလည်ရှိသေးတယ်။ အချို့ခရီးသည်တွေက နယ်ကလာတဲ့သူတွေရှိတော့ သူတို့အတွက်ကိုလည်း စဉ်းစားပေးဖို့လိုမယ်။ စစ်တာကစစ်တယ်၊ စစ်ပြီးရင် နောက်ကွယ်မှာ သူတို့အတွက်လုပ်ကိုင်ပေးရမယ့်ဟာတွေကလည်း ရှိနေသေးပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ခရီးသွားတွေကို စစ်တာကောင်းတယ်လို့ပဲမြင်ပါတယ်။ များများစစ်နိုင်လေ များများကာကွယ်နိုင်လေပါပဲ။ ဒီအထဲကမှ ကာကွယ်ဆေးမထိုးထားရသေးတဲ့သူတွေကိုတော့ စစ်ကိုစစ်ရပါလိမ့်မယ်။ ဆေးမထိုးထားရင် ပိုးကအသွင်ပြောင်းနိုင်တဲ့အတွက် ခရီးသွားမယ်ဆိုရင်အနည်းဆုံး ကာကွယ်ဆေးမထိုးထားရသေးတဲ့ သူတွေကိုရွေးချယ်ပြီး ကိုဗစ်စစ်ဆေးတာတွေကို လုပ်စေချင်ပါတယ်။ ကာကွယ်ဆေးမထိုးထားရင် ခရီးသွားလို့မရအောင်ကို လုပ်ရမှာပါ။ ဆေးမထိုးရသေးတဲ့သူတွေ ဆေးထိုးနိုင်အောင်လည်း အစိုးရကကူညီပေးရမှာပေါ့။ ဒီလိုဆိုရင်တော့ တော်တော်လေးအဆင်ပြေသွားမယ်လို့မြင်ပါတယ်။

ဦးမိုးကျော် (စစ်တွေမြို့ဒေသခံ)

လက်ရှိမှာ စစ်တွေကိုဝင်လာတဲ့သူတွေက လေကြောင်းတစ်ခုတည်းက မဟုတ်ဘူး၊ ထွက်တဲ့သူတွေကလည်း လေကြောင်း တစ်ခုတည်းက မဟုတ်ဘူး။ ကားနဲ့သွားတဲ့သူရှိသလို ရေကြောင်းကသွားတဲ့သူတွေလည်း ရှိနေကြတာလေ။ ဒါကို လေကြောင်းတစ်ခုတည်းကိုပဲ ကိုဗစ်စစ်တာတွေလုပ်ပြီး ကျန်တာတွေမပါတဲ့အခါကျတော့ ဒါဟာ ထိရောက်မှုမရှိနိုင်ဘူးလို့ ယူဆပါတယ်။ ဝင်ပေါက်တွေအများကြီးရှိတဲ့အထဲက လေကြောင်းလမ်းတစ်ခုတည်းမှာပဲ ကိုဗစ်စစ်ရတော့ ကျန်တဲ့နေရာတွေက လွတ်နေတဲ့အတွက် ဒါဟာထိရောက်တဲ့ ထိန်းချုပ်မှုဖြစ်နိုင်မယ်မထင်ပါဘူး။ လေကြောင်းအပြင် ကုန်လမ်း၊ ရေလမ်းကသွားမယ့်သူတွေကိုလည်း ကိုဗစ်ရှိ၊ မရှိ စစ်ဆေးတာတွေလုပ်သင့်တယ်။ ဒါမှပဲ အပြည့်အဝ ကာကွယ်နိုင်မှာဖြစ်တယ်။ လေယာဉ်တစ်ခုပဲစစ်ရတော့ ကျန်တဲ့လူတွေက ကိုဗစ်စစ်စရာမလိုတဲ့ ကားနဲ့သွားမယ်ဆိုရင် ဒါကြီးက တကယ့်လွတ်ပေါက်ကြီးတစ်ခုလိုဖြစ်နေမှာပဲလေ။ ဒီလိုထွက်ပေါက်၊ လွတ်ပေါက်တွေရှိရင် အဆင်ပြေမယ် မမြင်မိပါဘူး။

ကိုညီခိုင်သွီး (စစ်တွေမြို့ဒေသခံ)

အဓိကတော့ ကျန်းမာရေးအတွက် အမှန်တကယ်လိုအပ်တယ်ဆိုရင် လေကြောင်းတစ်ခုတည်းမဟုတ်ပဲ လမ်းကြောင်းအကုန်လုံးကို စစ်ဆေးသင့်တယ်လို့မြင်ပါတယ်။ လေကြောင်းနဲ့သွားမယ့်သူတွေပဲ ကိုဗစ်ဆေးစစ်တာတွေ လုပ်ရပြီး ကားနဲ့လာတဲ့သူတွေကကျတော့ မစစ်ရဘူးဆိုတာက ကိုဗစ်ထိန်းချုပ်ရေးအတွက် အကျိုးမရှိဘူးလို့ပဲ ပြောရပါလိမ့်မယ်။ ကျန်းမာရေးအတွက် လုပ်တယ်ဆိုရင်လည်း လေကြောင်းအပြင် ကုန်းလမ်း၊ ရေလမ်းတွေမှာလည်း ထိထိရောက်ရောက်လုပ်ဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက လက်ရှိမှာ ကားတွေစီးရင် Mask တပ်လိုက်ရုံနဲ့ မပြီးသွားပါဘူး။ Mask တပ်ထားတိုင်းလည်း ကိုဗစ်ကို အပြည့်အဝကာကွယ်နိုင်တာမှမဟုတ်တာ။ လေကြောင်းတစ်ခုတည်းမဟုတ်ပဲ ကုန်းလမ်း၊ ရေလမ်းသွားလာတာတွေကိုလည်း ကိုဗစ်စစ်ဆေးတာတွေ လုပ်စေချင်ပါတယ်။ လက်ရှိ စစ်တွေမှာလည်း ကိုဗစ်ကူးစက်မှုတွေက ပြန်ပြီးမြင့်တက်လာနေတဲ့အတွက် ဒီလိုခရီးသွားလာရေးကိစ္စတွေကိုလည်း ပြန်ပြီး ကြပ်မတ်တာတွေ လုပ်ဆောင်သင့်နေပြီလို့ မြင်မိပါတယ်။

ဗီဒီယိုများ